spot_img
Monday, January 13, 2025
More
    spot_img
    Homeသတင်းမူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေးစီမံချက်တွင် အားလုံးပူးပေါင်းပါဝင်စေလို

    မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေးစီမံချက်တွင် အားလုံးပူးပေါင်းပါဝင်စေလို

    -

    ရွှေရိုး (မော်လမြိုင်၊ မေ ၁၃)

    မွန်ပြည်သစ်ပါတီ (NMSP) ဦးဆောင်သော မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစီမံချက်တွင် မွန်သံဃာတော်များ၊ လူမှုအဖွဲ့အစည်းများနှင့် လူထုများ စသည့်ကဏ္ဍအသီးသီးမှ အားလုံးပူးပေါင်းပါဝင်စေလိုကြောင်း NMSP နည်းပညာအထောက်အကူပြုအဖွဲ့မှ မင်းအောင်ထူးက ပြောသည်။

    ရေးမြို့နယ်၊ ဝယ်ဇင်ကျေးရွာအနီးရှိ ဒေဒဂွန်ဇွယ်၌ မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းတစ်ခု တည်ဆောက်အကောင်အထည်ဖော်လျက်ရှိရာ မွန်သံဃာတော်များ၊ မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားညီညွတ်ရေးပါတီ၊ မွန်လူမှုအဖွဲ့အစည်း CSO များက ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က အဆိုပါစခန်း၌ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ခြင်း ဖြစ်သည်။

    “လောလောဆယ် စခန်းစတင်ဆောက်လုပ်နေတဲ့အချိန်မှာတော့ ပြဿနာမရှိသေးဘူး။ ဒါပေမယ့် ဒီနေရာဆောက်လုပ်ပြီးရင် ရှေ့ဆက်လုပ်ငန်းတွေဖြစ်တဲ့ အသိပညာ အတတ်ပညာတွေ သင်ကြားပေးဖို့၊ ဆေးဖြတ်ဖို့၊ နောက်ပြီး ထိန်းသိမ်းသွားဖို့ စတဲ့အလုပ်တွေ ရေရှည်တည့်တံ့သွားအောင် ကဏ္ဍအသီးသီးက အားလုံးပူးပေါင်းဝိုင်းဝန်ကူညီစေချင်တယ်”ဟု မင်းအောင်ထူးက ဆိုသည်။

    မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ပြန်လည်ထူထောင်ရေးတို့ကို အစိုးရတစ်ရပ်အနေဖြင့် ဦးဆောင်အကောင်အထည်ဖော်သင့်သည်ဆိုသော်လည်း မိမိတို့နယ်မြေအခြေအနေအရ မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာသည့်အတွက် အဆိုပါလုပ်ငန်းစီမံချက်ကို မိမိတို့လူထုအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    အဆိုပါ ပြည်လည်ထူထောင်ရေးစခန်းတွင်တာဝန်ကျနေသူ မြို့နယ်ကော်မတီဝင် နိုင်လယိမွန်က “လောလောဆယ် ဘဏ္ဍာရေးမလုံလောက်လို့ အဆောက်အဦးတွေ ဆက်လက်တည်ဆောက်ဖို့က အခက်အခဲဖြစ်နေတယ်။ အကူအညီပေးနိုင်မယ်အလှူရှင်တွေ လိုအပ်နေတယ်”ဟု ပြောသည်။

    ထို့ပြင် မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းအတွက် ပညာပေးကဏ္ဍများတွင် တိုးတက်သော မွန်လူငယ်အဖွဲ့အစည်း (MYPO)၊ မွန်လူငယ်ပညာပေးရေးအဖွဲ့ (MYEO)၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM စသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးပညာပေးလုပ်ငန်းဆောင်ရွက်နေသော မွန်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယခုကျင်းပသည့်အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ထားသည်။

    အလားတူ မွန်ပြည်သစ်ပါတီ (NMSP) သထုံခရိုင်၊ မော်လမြိုင်ခရိုင် ဌာနချုပ်ရုံးတို့တွင်လည်း မိဘအုပ်ထိန်းသူများ လာရောက်အပ်နှံမှုဖြင့် မူးယစ်ဆေးစွဲပြတ်သည်အထိ စောင့်ရှောက်ကုသပေးလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို မိဘအုပ်ထိန်းသူကိုယ်တိုင် မွန်ပြည်သစ်ပါတီသို့ လာရောက်အပ်နှံမှုများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးသူများနှင့် သုံးစွဲသူများကိုလည်း ယခုနှစ်တွင် မွန်ပြည်သစ်ပါတီဖမ်းဆီးရမိသည့် အရေအတွက်ပိုမိုများပြားလာကြောင်း တွေ့ရှိရသည်။


    Photo- မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက်အစည်းအဝေး (NMSP)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,000SubscribersSubscribe
    spot_img

    Latest posts