spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူဒေသ စစ်ရေးတင်းမာမှုမဖြစ်ပေါ်စေရေး KNU-NMSP သဘောတူညီမှုရရှိ

    ဘုရားသုံးဆူဒေသ စစ်ရေးတင်းမာမှုမဖြစ်ပေါ်စေရေး KNU-NMSP သဘောတူညီမှုရရှိ

    -

    မွန်သတင်းအေဂျင်စီ (မေ-၄)

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသတဝိုက်ရှိ ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မွန်ပြည်သစ်ပါတီ NMSP အောက်ခြေတပ်ဖွဲ့ဝင်များအကြား မကြာမီရက်ပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့သော စစ်ရေးတင်းမာမှုများ ဆက်လက်မဖြစ်ပေါ်စေရေးအတွက် ခရိုင်အဆင့်နှစ်ဖက်ခေါင်းဆောင်များ မေလ ၃ ရက်နေ့ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အချက် ၃ ချက်ပါသဘောတူညီမှုရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီမှ သိရှိရသည်။

    နှစ်ဘက်လုံးလိုက်နာကြရမည့် သဘောတူညီချက်များတွင် ၁။ ပစ်ခတ်မှုဖြစ်ခဲ့သောနေရာတွင် လမ်းဖောက်လုပ်ခြင်းနှင့် သစ်ထုတ်ယူမှုမပြုလုပ်ကြရန် ၂။ နှစ်ဘက်တပ်များ မိမိတပ်စခန်းများသို့ ပြန်လည်အခြေပြုရန် ၃။ နှစ်ဘက်တပ်များသွားလာလှုပ်ရှားရန်ရှိပါက ဆက်ဆံရေးရုံးမှတဆင့် အကြောင်းကြားဆက်သွယ်ပြီးမှသွားလာရန် ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုဝန်းကျင်ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ နိုင်နာတူးရာမန်က မွန်သတင်းအေဂျင်စီကို ပြောသည်။

    “မနေ့ညနေပိုင်းမှာ ဒူးပလာယာခရိုင်ဥက္ကဌ ခေါင်းဆောင်တဲ့ KNU အဖွဲ့နဲ့ ကျနော်တို့ဆွေးနွေးခဲ့ကြပြီးတော့ သဘောတူညီမှုတွေ ရကြတာပေါ့၊ လောလောဆယ်မှာ တပ်တွေသူတို့နေရာ မပြန်ရသေးဘူး၊ သဘောတူညီချက်အတိုင်း တပ်တွေရုတ်သိမ်းဖို့ ဆောင်ရွက်ရဦးမယ်” ဟု နိုင်နာတူးရာမန်က ဆိုသည်။

    ဧပြီလ ၂၉ ရက်နေ့ညနေပိုင်းက တားဒိန်ချောင်းဖျား(သံပုရာချောင်း) ၌ သစ်ထုတ်သည့်ကိစ္စနှင့် နယ်မြေအငြင်းပွားကြရာမှ မွန်ပြည်သစ်နှင့် KNU တပ်ဖွဲ့တို့ မိနစ် ၂၀ ခန့်အကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မွန်ပြည်သစ်တပ်တည်စခန်း တားဒိန်ရွာဝင်ထွက်လမ်းကြောင်းများကို KNU ဝန်းရံပိတ်ဆို့ထားသဖြင့် အခြေအနေတင်းမာခဲ့ခြင်း ဖြစ်သည်။

    ထိုနောက် ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ဘုရားသုံးဆူမြို့၊ ချောင်းဆုံရွာအနီးရှိ DKBA တပ်ရင်းမှူး စောအေဝမ်း၏ မက္ကသာချောင်းဆုံရေတံခွန်စခန်း၌ KNU ဒူးပလာယာခရိုင်ဥက္ကဌ ပဒိုရွှေမောင်း၊ KNLA တပ်ရင်း ၁၆ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောရွှေဝင်း၊ ထောက်လှမ်းရေး စောရောဘတ်၊ ဘုရားသုံးဆူဆက်ဆံရေးရုံး ဒုတာဝန်ခံ စောတူးတူးနှင့် မွန်ပြည်သစ်ပါတီဘက်မှ ဗဟိုဝန်းကျင်ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ နိုင်နာတူးရာမန်၊ MNLA အမှတ် ၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး M စိုက်ချမ်း၊ ဘုရားသုံးဆူဆက်ဆံရေးရုံးတာဝန်ခံ နိုင်အောင်သန်းအပါအဝင် ရုံးအဖွဲ့ဝင်တို့ ၂ နာရီခန့်အကြာ တွေ့ဆုံဆွေးနွေး၍ အထက်ပါသဘောတူညီမှုများရရှိခဲ့ခြင်း ဖြစ်သည်။

    Photo- KNU-NMSP တွေ့ဆုံဆွေးနွေးကြစဉ်(NMSP)

    သို့ရာတွင် အထက်ပါသဘောတူညီချက်များရရှိပြီးဖြစ်သော်လည်း တားဒိန်ရွာဝင်ထွက်လမ်းကြောင်းရှိ KNU တပ်ဖွဲ့များ ယနေ့ ၁၄၀၀ နာရီအချိန်ထိ ပြန်လည်ဆုတ်ခွာခြင်းမရှိသေးကြောင်း မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူမြို့နယ်ဥက္ကဌ နိုင်အာကာက ဆိုသည်။

    အလားတူ အထက်ပါသဘောတူညီချက်များနှင့် ပတ်သက်၍ KNU ဘုရားသုံးဆူဆက်ဆံရေးရုံး ဒုတာဝန်ခံ စောတူးတူးထံသို့ မွန်သတင်းအေဂျင်စီမှ ဆက်သွယ်မေးမြန်းရာတွင် အထက်လူကြီးများအား တင်ပြပြီးမှ ပြန်လည်ဖြေကြားပေးမည်ဟု ဆိုသည်။

    Photo- KNU-NMSP အလံ(Facebook)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks