spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းNCA လက်မှတ်မထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရဖိတ်ကြား

    NCA လက်မှတ်မထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရဖိတ်ကြား

    -

    မွန်သတင်းအေဂျင်စီ(မတ် ၁၅)


    အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်မရေးထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့အား ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ရန် ၂၀၁၉ ခုနှစ် မတ်လ ၁၃ ရက်နေ့စွဲဖြင့် ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။

    “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP, ကချင်ပြည်လွတ်မြောက်ရေးအဖွဲ KIO, ရှမ်းပြည်အရှေ့ပိုင်းငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ PSC, ရှမ်းပြည်တိုးတက်ရေးပါတီ SSPP, မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားရေးပါတီ MNTJP, ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF, ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA စသည့် မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့အား လာမည့်မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော်ရှိ NRPC ရုံး၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပမည်ဟု ဖိတ်ကြားစာအရ သိရသည်။

    အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင် ၁ ဦးနှင့် အဖွဲ့ဝင် ၁ ဦးစီ တက်ရောက်ရန်ဖိတ်ကြားထားပြီး NRPC နှင့်တွေ့ဆုံပြီးနောက် မတ်လ ၂၂ ရက်နေ့တွင် တပ်မတော်ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့နှင့် တစ်ဖွဲ့ချင်းအလိုက် ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း ဖော်ပြသည့်ဖိတ်ကြားစာတွင် NRPC အတွင်းရေးမှူးကိုယ်စား နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး လက်မှတ်ရေးထိုးထားသည်ကို တွေ့ရှိရသည်။

    သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က နေပြည်တော် NRPC ရုံး၌ တရားဝင်ဆွေးနွေးပွဲကျင်းပခဲ့အပြီး ဦးဇော်ဌေးက ရခိုင်ပြည်နယ်အရေးသည် ပြည်နယ်အတွက်သာမကဘဲ ပြည်ထောင်စုအတွက်ပါ စိုးရိမ်စရာအနေအထား ဖြစ်လာနေကြောင်း သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

    ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အနီး တပ်မတော်၏ ယာယီစစ်ဗျူဟာကွပ်ကဲမှု အခြေစိုက်စခန်းတခုကို ရက္ခိုင့်တပ်မတော် AA က မတ်လ ၉ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ကွန်ပျူတာ၊ ဒရုန်း၊ ဆက်သွယ်ရေးစက်များ၊ လက်နက်ကြီးများအပါအဝင် စစ်လက်နက်ပစ္စည်းများ၊ မော်တော်ကားများနှင့် စစ်သုံ့ပန်း ၁၁ ဦးကို ဖမ်းဆီးထားကြောင်း AA က သတင်းထုတ်ပြန်ခဲ့သည်။

    တပ်မတော်က စစ်တိုင်း ၅ ခု၌ ဒီဇင်ဘာလ ၂၁ ရက်နေ့မှစတင်၍ ၄ လကြအပစ်ရပ်ဆိုင်းထားမည်ဟု ကြေညာပြီးနောက်ပိုင်း ယခုအချိန်ထိ ရခိုင်ပြည်နယ်၌ ရက္ခိုင့်တပ်မတော် AA နှင့် တပ်မတော်ကြား တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတင်းဌာနများအား အသိပေးပြောကြားခဲ့သည်။



    Photo- ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ကြားစာ(Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks