Homeသတင်းUNFC တပ်ပေါင်းစုမှ KNPP နုတ်ထွက်မည်ဟုဆို

UNFC တပ်ပေါင်းစုမှ KNPP နုတ်ထွက်မည်ဟုဆို

-

မွန်သတင်းအေဂျင်စီ(မတ် ၅)

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တပ်ပေါင်းစုမှ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နုတ်ထွက်ရန် ဆုံးဖြတ်ထားကြောင်း လွိုင်ကော်ဆက်ဆံရေးရုံး တာဝန်ခံ ခူညေးရယ်က မွန်သတင်းအေဂျင်စီကို ပြောသည်။

ခူညေးရယ်က “ကျနော်သိရသလောက်ကတော့ ပြီးခဲ့တဲ့ဗဟိုကော်မတီအစည်းအဝေးပေါ့၊ ဇန်နဝါရီလထဲမှာ လုပ်လာတုန်းကတော့ အဲဒီကိစ္စတော့ ဆုံးဖြတ်ချက်ရှိတယ်၊ အများဆန္ဒကတော့ ကျနော်တို့ထွက်ဖို့ရှိတယ်၊ ဒါပေမယ့် အဲဒီညီလာခံ(UNFC) လုပ်တဲ့အချိန်ကျမှ နုတ်ထွက်ရမယ်လေ”ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယအပတ်အတွင်း ကျင်းပခဲ့သော ခြောက်လပတ် KNPP ဗဟိုကော်မတီ အစည်းအဝေး၌ UNFC မှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့သည်ဟု ၎င်းကဆိုသည်။

သို့ရာတွင် UNFC အနေဖြင့် ညီလာခံတစ်ကြိမ် မဖြစ်မနေခေါ်ယူရမည်ဖြစ်သော်လည်း မည်သည့်အချိန်ကာလတွင် ခေါ်ယူမည်ကိုမသိသေးကြောင်း UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် မွန်ပြည်သစ်ပါတီနိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဒေါက်တာနိုင်ရွှေသိန်းက ပြောသည်။

“UNFC ညီလာခံတစ်ကြိမ်ကိုတော့ ခေါ်ကိုခေါ်ရမှာပါ၊ ဒါပေမယ့် ဘယ်အချိန်ခေါ်မလဲဆိုတာကိုတော့ မသိရသေးဘူး၊ ဒီတစ်ခါ ညီလာခံလုပ်ဖြစ်တော့မှပဲ ကျနော်တို့ ဘယ်လိုရုပ်သိမ်းသွားကြမယ် ဘယ်လိုလုပ်ဆောင်သွားရမယ်ဆိုတာ ဖြစ်လာမှာပါ၊ ကျနော်တို့ (NMSP) နုတ်ထွက်မယ်ဆိုတော့ သူတို့(KNPP) လည်း နုတ်ထွက်ရတာပေါ့” ဟု ဒေါက်တာနိုင်ရွှေသိန်းက ဆိုသည်။

အလားတူ UNFC အရေးပေါ်ညီလာခံကျင်းပရန် ရက်သတ်မှတ်ထားခြင်း မရှိသလို KNPP နုတ်ထွက်မည့်ကိစ္စကို မသိရကြောင်း UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ရခိုင်ပြည် အမျိုးသားကောင်စီ ANC အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ဦးထွန်းဇော်က “ကျနော် မသိဘူးဗျ အဲဒီကိစ္စတွေ၊ အခု KNPP က UNFC ကိုတော့ စာတင်တာလည်းမရှိဘူး၊ နောက်ပြီးတော့ အရေးပေါ်ညီလာခံခေါ်ဖို့ တောင်းဆိုတာလည်း မရှိပါဘူး” ဟု ဆိုသည်။

လက်ရှိတွင် အဖွဲ့ဝင် ၅ ဖွဲ့သာကျန်ရှိသော UNFC တပ်ပေါင်းစုတွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နုတ်ထွက်စာတင်ထားသကဲ့သို့ NCA လက်မှတ်ရေးထိုးပြီးဖြစ်သော မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့သည်လည်း နုတ်ထွက်ရန် ဆုံးဖြတ်ထားကြောင်း ပါတီခေါင်းဆောင်များထံမှ သိရသည်။


Photo- ၂၀၁၇ နိုဝင်ဘာလ- UNFC ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး (UNFC)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts