Sunday, April 19, 2026
More
    spot_img
    Homeသတင်းဗိုလ်ချုပ်ရုပ်တုကန့်ကွက်သည့် လွိုင်ကော်သပိတ်စခန်း ဖြိုခွင်းခံရ

    ဗိုလ်ချုပ်ရုပ်တုကန့်ကွက်သည့် လွိုင်ကော်သပိတ်စခန်း ဖြိုခွင်းခံရ

    -

    ဇော်ထိုက် (မော်လမြိုင်၊ ဖေဖော်ဝါရီ ၇)

    ကယားပြည်နယ် လွိုင်ကော်မြို့ရှိ NLD ဒီချုပ်ပါတီရုံးအရှေ့၌ ဖွင့်လှစ်ထားသော ဗိုလ်ချုပ်ရုပ်တု ကန့်ကွက်သည့် ကရင်နီလူငယ် သပိတ်စခန်းကို အာဏာပိုင်များက ယနေ့တွင် အင်အားသုံး ဖြိုခွင်းခဲ့ကြောင်း ယင်းသပိတ်စခန်းမှ ပြောရေးဆိုခွင့်ရှိသူ ကိုဒီးဒီက ပြောသည်။

    သပိတ်စခန်း ဖွင့်လှစ်ထားသော နေရာကို ယနေ့ မွန်းလွဲ ၂ နာရီခန့်က လွိုင်ကော် မြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် ရဲတပ်ဖွဲ့များ လာရောက်ရှိလာပြီး ဥပဒေနှင့်မညီ၍ ဖယ်ရှားပေးရန် ပြောဆိုပြီးနောက် မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် အင်အားသုံး ဖြိုခွင်းခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

    “ရဲတပ်ဖွဲ့ အင်အား ၁၀၀ လောက်နဲ့ ကျွန်တော်တို့ကို အတင်း ဖယ်ရှားခဲ့တာ ၊ သပိတ်မှာ ရှိနေတဲ့ လူငယ်အားလုံးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်”ဟု ကိုဒီးဒီက ဆိုသည်။

    သပိတ်စခန်း ဖြိုခွင်းခံခဲ့ရသော်လည်း ဗိုလ်ချုပ်ရုပ်တု နေရာ ပြောင်းရွှေ့ပေးရေး နှင့် ထားရှိပါက ပြည်နယ်လုံး ကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ပေးရေး အပါအဝင် တောင်းဆိုချက် ၃ ချက် မရသ၍ သပိတ်လှန်မှာ မဟုတ်သည့်အပြင် ကြီးမားသော လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အစိုးရသည် ကရင်နီလူငယ်များ၏ ခံစားချက်ကို အသိမှတ်မပြုသည့်အပြင် အကြမ်းဖက်နည်းဖြင့်သာ ဖြေရှင်းဖို့ ဆန္ဒရှိနေကြောင်း ကိုဒီးဒီက ဆက်ပြောသည်။

    ယခုအခါ လွိုင်ကော်မြို့နယ် ရဲစခန်းတွင် သပိတ်၌ ပါဝင်သူ ၃၆ ဦးစလုံးကို ဖမ်းဆီးထားသည့်ကိစ္စရပ်နှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောဆိုခြင်း မရှိပေ။

    ကရင်နီ လူငယ် ၃၀ ကျော်သည် လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံရှေ့၌ ဖွင့်လှစ်ထားသော ဗိုလ်ချုပ်ရုပ်တုကို နေရာ ပြောင်းရွှေ့ပေးရန်အတွက် ကယားပြည်နယ် ဒီချုပ်ပါတီရုံးအရှေ့တွင် ဖေဖော်ဝါရီ ၂ ရက်မှစ၍ သပိတ်စခန်းဖွင့်ကာ ဆန္ဒပြ တောင်းဆိုကြသဖြင့် ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ၊ ၂၀ အပြင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၀ (ခ)၊ (ဂ) တို့ဖြင့် တရားစွဲခံထားရသည်ဟု သတင်းရရှိသည်။


    Photo-သပိတ်စခန်းဖြိုခွင်းနေစဉ်(7 Color)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks