ကိုချယ် (ရေး၊ ဇန်-၈)
မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်း၊ ကုလားဂုတ်ကျွန်း အောက်ဆိပ်တွင် ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၈ နာရီခန့်က လေပြင်းတိုက်ခတ်ခဲ့ရာက နေအိမ်ရာနှင့်ချီကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
” လေတိုက်ချိန် ၁၅ မိနစ်မှာဖြစ်သွားတယ်၊ ပျက်စီးဆုံးရှုံးမှုစာရင်းအတိအကျ ကောက်နေဆဲမို့ အတိအကျမသိရသေးပါဘူး” ဟု ကုလားဂုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသောင်းစိန်က ပြောသည်။
လူနေအိမ် ၅၀၀ ဝန်းကျင်ခန့်ရှိ ကုလားဂုတ်အောက်ဆိပ် လေပြင်းတိုက်ခတ်မှုတွင် လူအသေအပျောက်ဒဏ်ရာရရှိမှုမရှိသေးသော်လည်း အစိုးရစာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းအပါအဝင် အိမ်ခြေများစွာ ဖျက်စီးခံခဲ့ရသည်ဟု ရွာခံကိုမောင်လေးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။
“ လူတွေထိခိုက်ဒဏ်ရာရရှိတာ မကြားမိဘူး၊ မနက်ပိုင်း မိုးလင်းချိန်ဖြစ်တဲ့အတွက် လူတွေမြင်နေရတယ်၊ ညအချိန်ဆိုရင်တော့ မလွယ်ဘူး” ဟု ကိုမောင်လေးက ဆိုသည်။
လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၅၀ ခန့် ပြိုကျပျက်စီးခြင်း၊ အိမ်ခြေ ၁၀၀ ခန့် အမိုးများလန်ခြင်း၊ သစ်ပင်များပြိုလဲခြင်း၊ လျှပ်စစ်မီးတိုင်များလဲပြိုခြင်း၊ အထကကျောင်းရှိ ပေ ၁၂၀×၃၀ ပေ ကျောင်းဆောင်(၃)ဆောင် အမိုးသွပ်အားလုံးလန်ခြင်းတို့ဖြစ်ပွားခဲ့သည်ဟု ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
လေပြင်းတိုက်ခတ်မှုဖြစ်ပွားရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိသည်။
ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်နှင့် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ပြီး မိုးသက်လေပြင်းများ တိုက်ခတ်ခဲ့ကြောင်း၊ မွန်ပြည်နယ်အတွင်း နေရာစိပ်စိပ်မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည်ယနေ့နံနက်ပိုင်းတွင် အရှိန်လျော့ကျသွားပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မွန်းတည့်အချိန်ထုတ်ပြန်ခဲ့သည်။
Photo-ပျက်စီးခဲ့ရသည့်စာသင်ကျောင်းဆောင်(အင်တာနက်)