spot_img
Monday, December 30, 2024
More
    spot_img
    Homeသတင်းရေဖြူမြို့နယ်၌ တစ်ရက်အတွင်း မြေမြှုပ်မိုင်း ၃ လုံးပေါက်ကွဲမှုဖြစ်

    ရေဖြူမြို့နယ်၌ တစ်ရက်အတွင်း မြေမြှုပ်မိုင်း ၃ လုံးပေါက်ကွဲမှုဖြစ်

    -

    မွန်သတင်းအေဂျင်စီ(ဇန်-၈)

    တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စုဝင် အိုင်မဲနေရာ၌ ယမန်နေ့နံနက်ပိုင်းက နာရီပိုင်းခြား၍ နေရာ ၃ ခုတွင် မြေမြုပ်မိုင်း ၃ လုံး နင်းမိပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

    မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဥက္ကဌ နိုင်ဉာဏ်ထွန်းက “ မနက် ၈ နာရီမှာတစ်လုံး၊ ၁၀ နာရီမှာ ဒုတိယတစ်လုံး၊ ၁၂ နာရီကျော်လောက်မှာ တတိယတစ်လုံး နေရာ ၃ ခုမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှု ၃ ခါဖြစ်ပွားခဲ့ပါတယ်။  လူအသေအပျောက်ထိခိုက်ဒဏ်ရာမရှိပေမယ့် ကျွဲတစ်ကောင်ထိခိုက်ပြီး ဆိုင်ကယ်နှစ်စီး ပျက်စီးခဲ့တယ်” ဟု ဆိုသည်။

    အဆိုပါ မိုင်းပေါက်ကွဲခဲ့သည့် ဖြစ်စဉ်အား မွန်ပြည်သစ်ပါတီ NMSP က ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    အလားတူ အဆိုပါဒေသအခြေစိုက် ကရင်အမျိုးသားအစည်းအရုံး KNU မှ “ ကျွဲတစ်ကောင် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲခဲ့သည့်အချိန်မှာ မနက် ၉ နာရီဖြစ်ပြီး ၉ နာရီ ၃၀ မိနစ်ခန့်တွင် တစ်လုံးပေါက်ကွဲပြန်တယ်၊ နောက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အလုပ်သမား ၂ ယောက် ဆိုင်ကယ်ဖြင့် အလုပ်ထဲသို့သွားရာမှာ ဆိုင်ကယ်နင်းမိ ဗုံးပေါက်ကွဲပြန်တယ်၊ အလုပ်သမားတစ်ယောက် အနည်းငယ်အစမှန်၍ ဒဏ်ရာရရှိတယ်လို့ သိရတယ်၊ တစ်နေ့ထဲမှာ မြေမြှုပ်မိုင်း ၃ လုံးပေါက်ကွဲခဲ့တယ်” ဟု ပေးပို့သည့် အစီရင်ခံစာမိတ္တူတစ်စောင်ကို မွန်သတင်းအေဂျင်စီက လက်ခံရရှိခဲ့သည်။

    မျောက်ချော၊ နဂါးအိုင်နှင့် ကုလယ်ကျေးရွာသားများက ကင်းချောင်းတစ်ဖက်ကမ်းရှိ အိုင်မဲနေရာ၌ ခြံထွက်သစ်များကို တနိုင်တပိုင်လုပ်ကိုင်စားသောက်ရာမှ မွန်ပြည်သစ်ပါတီ တပ်ရင်း ၂ တပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက်နေ့တွင် ကားသမား၊ ခြံထွက်သစ်အလုပ်သမားများအား မျောက်ချောကျေးရွာသို့ခေါ်၍ အကောက်ခွန်များကို အဆမတန် လေးဆတောင်းခံခဲ့ရာ KNU နယ်မြေဖြစ်သောကြောင့် ကရင်လူကြီးများနှင့် တိုင်ပင်ပြီးမှ ကူညီမည်ဟု ပြောဆို၍ပြန်လာခဲ့ကြောင်း ၎င်း KNU အစီရင်ခံစာတွင် ရေးသားဖော်ပြခဲ့သည်။
    Photo- မြေမြှုပ်မိုင်းပေါက်ကွဲသည့်နေရာ KNU ပေးပို့သည့်မြေပုံကြမ်း(KNU)
    ထို့ပြင် မွန်ပြည်သစ်တပ်ဖွဲ့ဝင် ၁၀ ယောက်ခန့်သည် ဇန်နဝါရီ ၄ ရက်နေ့က အိုင်မဲနေရာသို့ လာရောက်ခဲ့ပြန်ရာ သစ်အလုပ်သမားများကို မတွေ့ရဘဲ ကျွဲကျောင်းသမားနှင့်သာ တွေ့ခဲ့ပြီးနောက် ယမန်နေ့က မိုင်း ၃ လုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း၊ ဒဏ်ရာရရှိသူကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း အထက်ပါ အစီရင်ခံစာတွင် ဆက်လက်ဖော်ပြသည်။
    လက်ရှိမြေမြှုပ်မိုင်းပေါက်ကွဲသည့်အိုင်မဲနေရာသည် ယခင်လများအတွင်း မြေမြှုပ်မိုင်း ၄ ကြိမ်ပေါက်ကွဲခဲ့သည့် အလယ်စခန်းကျေးရွာအုပ်စုနှင့် မိုင် ၂၀ ခန့်ဝေးကွာလျက်ရှိကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    31,600SubscribersSubscribe
    spot_img

    Latest posts