spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းလူ့အခွင့်အရေးပိုမိုမြှင့်တင်ကာကွယ်ရမည်ဟု မွန်ပြည်နယ်ခရီးစဉ်တွင် သမ္မတဦးဝင်းမြင့်တိုက်တွန်း

    လူ့အခွင့်အရေးပိုမိုမြှင့်တင်ကာကွယ်ရမည်ဟု မွန်ပြည်နယ်ခရီးစဉ်တွင် သမ္မတဦးဝင်းမြင့်တိုက်တွန်း

    -

    လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီအရေး ၃ ပွင့်ဆိုင်တို့သည် တြိဂံသဖွယ်တစ်ခုနှင့်တစ်ခုချိတ်ဆက်လျက်ရှိရာ လူ့အခွင့်အရေးပိုမိုမြှင့်တင်ကာကွယ်ရမည်ဟု မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ ယနေ့နံနက်တွင် ရောက်ရှိလာသော နိုင်ငံတော်သမ္မတဦးဝင်းမြင့်က တိုက်တွန်းပြောကြားခဲ့သည်။

    သမ္မတဦးဝင်းမြင့်က “လူ့အခွင့်အရေးပိုမိုမြှင့်တင်နိုင်တာနဲ့အမျှ တရားဥပဒေစိုးမိုးရေးက ကျွဲကူးရေပါဖြစ်လာမယ်၊ ဒီမိုကရေစီအခွင့်အရေးက ကျွဲကူးရေပါဖြစ်လာမယ်၊ ဒါနမူနာအဖြစ်ပြောတာပါ၊ ခုနလူ့အခွင့်အရေးကြေညာစာတမ်းအချက် ၃၀ ပြန်ကြည့်၊ တရားဥပဒေစိုးမိုးရေးနဲ့ ကင်းတာမရှိဘူး၊ ဒီမိုကရေစီအခွင့်အရေးနဲ့ ကင်းတာမရှိဘူး” ဟု မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

    မော်လမြိုင်မြို့ မွန်ပြည်နယ်ခမ်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဦးဆောင်သော အစိုးရဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း တွေ့ရှိရသည်။

    Photo- နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မွန်ပြည်နယ်ခမ်းမ၌ မိန့်ခွန်းပြောကြားစဉ်(MNA)

    “လူ့အခွင့်အရေးကြေညာစာတမ်းကို ကုလသမဂ္ဂမှာ လက်မှတ်ရေးထိုးတဲ့အထဲမှာ ကျနော်တို့နိုင်ငံက စောေစောစီးစီးပါတဲ့နိုင်ငံ၊ ကျနော်တို့လေးစားလိုက်နာရမယ်၊ လူ့အခွင့်အရေးဆိုတာ ကျနော်တို့အမိဝမ်းထဲ ပဋိသန္ဓေတည်ထဲကိုက ကျနော်တို့သေဆုံးပြီးတဲ့အထိ ရုပ်အလောင်းဆုံးပါးတဲ့အထိ မွေးရာပါအခွင့်အရေးပါ၊ ဒီမွေးရာပါအခွင့်အရေးကို ကျနော်တို့မြှင့်တင်ကာကွယ်ရမယ်၊ လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ခြင်းသည် ခုနက ကျနော်ပြောတဲ့ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေးတွေနဲ့ ချိတ်ဆက်နေတယ်” ဟု သမ္မတဦးဝင်းမြင့်က ရှင်းလင်းပြောကြားသည်။

    ထို့ပြင် လက်ရှိအစိုးရသည် သိမ်းဆည်းခံမြေများပြန်လည်ပေးအပ်သည့်မူဝါဒအား ဆောင်ရွက်နေသော်လည်း အချို့ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်တို့သည် သိမ်းဆည်းခံမြေယာကိစ္စရပ်များတွင် ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း၊ ပြန်ပေးရမည်ကိုမပေးဘဲ ဆက်လက်သိမ်းဆည်းထားမှုများ တွေ့ရှိရကြောင်းနှင့် ယင်းကဲ့သို့လုပ်ရပ်များ မလုပ်သင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သတိပေးပြောကြားခဲ့သည်။

    အဆိုပါ နိုင်ငံတော်သမ္မတခရီးစဉ်တွင် မွန်ပြည်နယ်မြို့နယ်အသီးသီးမှ မြေယာနှင့် အခြားအကြောင်းအရာ ပြဿနာများပါဝင်သော တိုင်ကြားစာ ၇၇ စောင်ကို ပြည်နယ်ခန်းမရှေ့သို့လာရောက် စုရုံးပြီး ထွေအုပ်ဌာနမှတဆင့် သမ္မတထံသို့ ပေးပို့ခဲ့ကြောင်း တွေ့ရှိရသည်။

    သထုံမြို့နယ်၊ သမန်ကျေးရွာမှ လယ်ယာနှင့် ခြံမြေဧကတစ်ရာကျော် စွန့်လွှတ်မြေပြန်မရသူ ဦးဖိုးလက “ မြေတွေ မတရားသိမ်းထားလို့ သမ္မတကြီးဆီမှာ လာရောက်တောင်းဆိုတာ။ သမ္မတ ဦးသိန်းစိန်လက်ထက်က စွန့်လွှတ်မြေတွေလည်း ပြန်မရဘူး။ ပြည်ထဲရေးက စွန့်လွှတ်လိုက်တဲ့ မြေတွေလည်း ပြန်မရဘူး။ အထပ်ထပ်အခါခါ တောင်းလာခဲ့ပြီးပြီ။ ဒီနေ့ကတော့ သမ္မတကြီးဆီ ကိုယ်တိုင် တိုင်စာလာပို့တယ်”ဟု ဆိုသည်။

    အဆိုပါ တိုင်ကြားစာများတွင် တပ်မတော်ကသိမ်းဆည်းသည့်မြေယာပြဿနာများ၊ တရားရုံး ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသူများ၊ မြေစာရင်းဌာနများမှ မြေယာပိုင်ဆိုင်မှုထုတ်ပေးခဲ့သည့်ပြဿနာများ အများစုတိုင်ကြားခဲ့ကြောင်း ကာယကံရှင်များထံမှ သိရသည်။

    မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM မှ ယခုဒီဇင်ဘာလဆန်းပိုင်းအတွင်း ထုတ်ဝေခဲ့သော“ဘာများပြောင်းလဲနေလို့လဲ” အစီရင်ခံစာအရ မွန်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုပိုမိုဖြစ်ပွားလာရသည်မှာ လယ်ယာမြေသိမ်းဆည်းခြင်း၊ ကုမ္မဏီမှ ကျောက်မိုင်းဖောက်လုပ်ခြင်း၊ ရေလုပ်ငန်းခွင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် သက်ငယ်မုဒိမ်းမှုပိုမိုတိုးပွားလာခြင်းကြောင့်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks