ကမ်လူဝေး
(၁)
ညီးသံလိုလိုကြားသောကြောင့် “မိသိန်းလွင်” အိပ်ခန်းထဲဝင်သွားတော့ လင်တော်မောင် “ကိုအောင်မြင့်” အိပ်ယာပေါ်မှာ ခွေခေါက်လို့။
“ကိုအောင်မြင့် ဘာဖြစ်နေတာလဲ။”
“ဗိုက်အောင့်လို့ကွာ။”
“ဒါဆို ကျုပ်ဆေးမှူး ကိုမျိုးကျော်ကို ဆေးထိုးဖို့ ပြေးခေါ်လိုက်မယ်။”
“ခေါ်မနေပါနဲ့တော့ကွာ။ သူနဲ့ကလည်း ဗိုက်နာလို့ ဆေးထိုးရပေါင်းက များနေပြီ။ ထိုးလိုက် သက်သာလိုက် ပြန်နာလိုက်ဖြစ်နေတာပဲ။ သူကတော့ပြောတယ်။ ငါ့မှာ အစာအိမ်ရောဂါ ရှိနေတာတဲ့။ ပိုကောင်းအောင် မြို့သွားပြီး ဓာတ်မှန်ရိုက်လို့တော့ ပြောသား။ ငါလည်း သွားမယ်သွားမယ်ဆိုပြီး ချိန်နေတာနဲ့ မသွားဖြစ်ဘူး။”
“ဘာပဲဖြစ်ဖြစ်တော်။ ကျွန်မတို့ တစ်မိသားစုလုံး ရှင့်အားကိုးနေရတာ။ ရှင်ကျန်းမာမှဖြစ်မယ်။ မနက်ဖြန်မြို့ တက်ပြီးပြလိုက်တော့။ ပိုက်ဆံကုန်ချင်ကုန်ပါစေ။ ရောဂါပျောက်ဖို့ကအရေးကြီးတယ်။”
“အေးပါကွာ။ မနက်ဖြန်မနက် ကျော်စိုးကိုခေါ်ပြီး မြို့တက် ဆရာဝန်ပြလိုက်ပါ့မယ်။”
“အစာအိမ် အစာအိမ်ဆိုပြီး ပေါ့လို့တော့မဖြစ်ဘူး။ ရွာထဲမှာ ပြောနေကြတာကတော့ အစာအိမ်ရောဂါက ကြာကြာထားလို့ မကောင်းဘူးတဲ့။ ကြာကြာထားလိုက်လျှင် ကင်ဆာဖြစ်သွားတယ်ဆိုပဲ။”
“အေးပါ။ ငါလည်းကြားပါတယ်။ ဟိုဖက်ရွာက ဒေါ်စိန်လှ ဗိုက်အောင့်တယ် ဗိုက်အောင့်တယ် အစာအိမ်ဆိုပြီး ဆေးထိုးနေတာ နောက်ဆုံး အစာအိမ်ကင်ဆာဆိုပြီး သေပါရောလား။ ငါလည်းသိပါတယ်ကွာ။”
“ဒါနဲ့ ထိုင်းမှာအလုပ်လုပ်ပြီး ပြန်လာတဲ့ ရွာထဲက မိကွန်ထော ပြောတာတော့ သူထိုင်းမှာ ဗိုက်နာတော့ မီးလုံးမြိုရတယ် ဆိုပဲ။ မီးလုံးမြိုလိုက်တော့မှ ရောဂါက ယူပစ်လိုက်သလို ကောင်းသွားတာဆိုပဲ။ ရှင်လည်းမြို့ပေါ်က ဆေးခန်းမှာ မီးလုံးမြိုလို့ရသလား မေးကြည့်ဦး။ မြိုဖို့ရှိတယ်ဆိုရင် ပိုက်ဆံကုန်ပစေ မြိုမယ်လို့ပြောလိုက်။ ဒါဆို ရှင့်ကို မနက်ဖြန် မြို့ကိုလိုက်ပို့ဖို့ ကျော်စိုးကို ကျုပ်သွားပြောလိုက်ဦးမယ်။”
မိသိန်းလွင် ပြောပြောဆိုဆို အခန်းထဲက ထွက်သွားလေသည်။
(၂)
လူနာစမ်းသပ်ခန်းထဲသို့ အကူသူနာပြုဆရာမမှ ဝင်ခွင့်ပြုလိုက်သဖြင့် လူလတ်ပိုင်းအရွယ် လူနာတစ်ယောက်နှင့် သူ၏အဖော်တို့ဝင်လာကြသည်။ ခွဲစိတ်ဆရာဝန်သည် သူ၏ရှေ့ရှိ ထိုင်ခုံကိုလက်ပြ၍ ထိုင်ခိုင်းလိုက်သည်။ လူနာမှတ်တမ်းစာအုပ်ကို ကြည့်လိုက်သောအခါ ဦးအောင်မြင့်၊ အသက် (၄၆)နှစ် ဟု ရေးထားသည်။
“ကဲ ဘာဖြစ်သလဲ ပြောပါဦး။”
“အစာအိမ်ယောင်နေလို့ဆရာ။”
“ဗျာ! မဟုတ်သေးဘူး။ ခင်ဗျားခံစားရတာပြောပါ။”
“အစာအိမ်ယောင်တာလေဆရာ။ ရွာကဆရာကတော့ ဒီလိုပဲ ပြောလိုက်တယ်။ အဲဒါ ဓာတ်မှန်ရိုက်ပေးပါ။”
“ခင်ဗျာ! ခဏလေး ခဏလေး။ ဖြစ်တာကိုပဲပြောပြပါ။ ခင်ဗျားထင်တာရော သူများထင်တာရော ခဏထားလိုက်။ ဟုတ်ပြီလား။”
“ကဲဘယ်လိုစဖြစ်သလဲ။ ပြောပါဦး။”
“အစာအိမ်နာတယ်ဆရာ။ နာလိုက်ပျောက်လိုက်ဖြစ်နေတာ (၁၅)ရက်လောက်ရှိနေပြီ။ အနားကလူတွေက ပြောတာတော့ ကြာကြာထားရင် ကင်ဆာဖြစ်သွားမယ်ဆိုလို့။”
“ကဲ ကဲဟုတ်ပါပြီ။ ဗိုက်ကဘယ်နားနာသလဲ။”
“ဘယ်ဘက်တစ်ခြမ်းနာနေတယ်။”
“ခါးရောနာသလား။”
“ခါးကတော့ အလုပ်ကြမ်းသမားဆိုတော့ တစ်ခါတစ်လေနာတယ်ဆရာ။”
“ဆီးပေါက်တော့ရော။”
“ကောင်းပါတယ်။”
“ပူတာ၊ ကျဉ်တာ၊ ပေါက်လို့မဝသလိုဖြစ်တာမျိုးရှိလား။”
“ဆရာရယ်။ နေပူလို့ ရေခဲရည်သောက်မိရင်တော့ ပူတာပေါ့။”
“ကဲ စမ်းကြည့်ရအောင် ကုတင်ပေါ်တက်ပါဦး။”
ခွဲစိတ်ဆရာဝန်သည် လူနာအား စမ်းသပ်ပြီး သူ၏ခုံတွင် ပြန်ထိုင်လိုက်သည်။ လူနာလည်း နေရာ၌ နေသားတကျ ထိုင်ပြီးချိန်တွင် ခွဲစိတ်ဆရာဝန်က ရောဂါအကြောင်းကို စတင်၍ရှင်းပြလေသည်။
“ခင်ဗျားရောဂါက ဘယ်ဘက်ဆီးလမ်းကြောင်းမှာ ကျောက်တုံး၊ ကျောက်မှုန်လေးတွေ ပိတ်ဆို့လို့ နာတာလို့ယူဆရတယ်။ ရေများများသောက်ဖို့လိုမယ်။ အစာလမ်းကြောင်းမှာ ဖြစ်တဲ့ပြဿနာမဟုတ်ဘူး။ ကျောက်တုံးရှိလား။ ဘယ်အရွယ်လည်းသိဖို့ ဓာတ်မှန်ရိုက်ရမယ်။ သောက်ဆေးပေးလိုက်မယ်။ အစာကစားချင်တာ စားလို့ရတယ်။”
“ဖြစ်ပါ့မလားဆရာရယ်။ အနားကလူတွေပြောတာတော့ အမာတွေစားလို့ အဆင်မသင့်ရင် အစာအိမ်ပေါက်သွားမယ်တဲ့။”
“ဗျာ! ခင်ဗျားက အစာလမ်းကြောင်းမှာ ရောဂါမရှိပါဘူး။”
“ဆရာ ကျွန်တော်က အစာအိမ်နာလို့ လာပြတာလေ။”
ဟိုက်! အစကိုပြန်ရောက်သွားပြီဟုတွေးရင်း ခွဲစိတ်ဆရာဝန်သည် ခေါင်းကုတ်လိုက်မိသည်။
“စိတ်မရှိနဲ့နော်ဆရာ။”
“ဟုတ်ကဲ့ပြောပါ။”
“မီးလုံးမြိုဖို့လိုရင်လည်းပြောနော်ဆရာ။”
“ခင်ဗျားပြောတဲ့ အစာအိမ်မှန်ပြောင်းကြည့်ဖို့ကလည်း လုံးဝမလိုသေးပါဘူးဗျာ။ အဲ ခင်ဗျားပြောသလို မီးလုံးမြိုတာပေါ့။ ဟုတ်ပြီ ဟုတ်ပြီ။ ကျွန်တော်ဆေးပေးလိုက်မယ်။ ဆေးလေး အရင်သောက်ကြည့်လိုက်ပါဦး။”
ခွဲစိတ်ဆရာဝန်သည် ဇာတ်လမ်းကို အမြန်ဖြတ်လိုက်လေသည်။ လူနာသည် မအီမလယ်ဖြင့် အခန်းထဲမှ ထွက်သွားလေသည်။ လူနာကို ဆေးကောင်တာသို့ပို့ပြီး ပြန်ဝင်လာသော အကူသူနာပြုဆရာမသည် ပြုံးစိစိဖြစ်နေသဖြင့် စိတ်မောလူမောဖြစ်နေသော ခွဲစိတ်ဆရာဝန်က “ဘာဖြစ်တာလဲ” ဟုမေးလိုက်မိသည်။
သူနာပြုဆရာမကရယ်၍
“ဆရာ့လူနာက ပြောသွားတယ်။ အထူးကုဆရာဝန်တဲ့။ ခေတ်နောက်ကျလိုက်တာလွန်ပါရော။ တို့ရွာက တောဆရာတွေလောက်တောင် ခေတ်မမှီဘူး။ ဟိုဟာမစစ်။ ဒီဟာမလုပ်နဲ့။ ပိုက်ဆံမရှိဘူးများ ထင်နေသလားမသိဘူးတဲ့။” ခွဲစိတ်ဆရာဝန်သည် ကိုယ့်နဖူးကို ကိုယ့်လက်ဖဝါးဖြင့် ပြန်ရိုက်ရင်း “ကဲ နောက်လူနာတယောက်ထည့်တော့” ဟု ပြောလိုက်လေသည်။
(၃)
အိမ်ပြန်ရောက်လာသော် ကိုအောင်မြင့်´ မျက်နှာမကောင်း အလိုမကျဖြစ်နေပုံပေါ်သည်။ "ဆေးခန်းပြတာ အဆင်ပြေရဲ့လား။ ဆရာဝန်ကြီးက ဘာတွေပြောလိုက်သလဲ။" သိလိုနေသော
မိသိန်းလွင်´က မေးရသည်။
“အဆင်မပြေပါဘူးကွာ။ စိတ်တိုင်းမကျပါဘူး။ ငါက အစာအိမ်ရောဂါဖြစ်လို့ လာပြပါတယ်ပြောရဲ့သားနဲ့ ဆရာဝန်ကြီးက အစာအိမ်ရောဂါမဟုတ်ဘူးလို့ပြောတယ်။ ဆီးလမ်းကြောင်းမှာ ကျောက်မှုန်ဆို့လို့ ဗိုက်နာတာတဲ့။ စားချင်တာစားလို့ရတယ်။ ရေများများသောက်ရမယ်တဲ့။ ငါကမီးလုံးမြိုချင်ပါတယ် ပြောတော့လဲ မလိုဘူး။ မဆိုင်ဘူးတဲ့။ အထူးကုဆိုလို့သာပြခဲ့တာ။ တို့ရွာက ဆရာတွေလောက်တောင် ခေတ်မှီမှီ စစ်တာဆေးတာ၊ စမ်းတာသပ်တာ နားလည်ပုံမရပါဘူးကွာ။ ဆေးလည်း မထိုးဘူး။ သောက်ဆေးတွေပဲပေးလိုက်တာ။”
“စိတ်လျှော့ပါတော်။ ပေးလိုက်တဲ့ဆေးတွေ အရင်သောက်ကြည့်လိုက်ပါဦး။ ကဲကဲ ရှင်ခဏနား။ ကျုပ်ဆန်ပြုတ်ပြုတ်ထားတယ်။ ဆန်ပြုတ်ကို သောက်ကောင်းအောင် ပြန်နွေးလိုက်ဦးမယ်။”
မိသိန်းလွင် မီးဖိုဖက်ထွက်သွားသည်။
ဆန်ပြုတ် တဝသောက်ပြီးသောအခါ “ကိုအောင်မြင့်” ဧည့်ခန်းထဲမှ ပက်လက်ကုလားထိုင်ပေါ် အခန့်သား ထိုင်လို့နေသည်။ အရိပ်အကဲကြည့်နေသော “မိသိန်းလွင်” က “နေသာရဲ့လား” ဟုမေးသည်။ ဗိုက်တွေ၊ ကျောတွေကို လက်ဖြင့်ကိုင်ကြည့်နှိပ်ကြည့်ပြီး “အေးမဆိုးပါဘူး” ဟု “ကိုအောင်မြင့်” က ဆိုသည်။
ထို့နောက် အိတ်ကပ်ထဲမှ တယ်လီဖုန်းကိုထုတ်ပြီး “ဒီနေ့ ဆေးသွားကုတဲ့အကြောင်း မိတ်ဆွေတွေကို ဝေငှလိုက်ဦးမယ်” ဟုပြောသည်။ တယ်လီဖုန်းကို အင်တာနက်ဖြင့် ချိတ်ဆက်လိုက်ပြီး facebook စာမျက်နှာကို ဖွင့်လိုက်သည်။ facebook စာမျက်နှာပေါ်တွင် “ဝန်ဆောင်မှု အလွန်ညံ့ဖျင်းသော၊ ဆေးမကုတတ်သော အထူးကုဆရာဝန်” ဟူသော စာတန်းကိုရိုက်ချလိုက်ပြီး ရှေ့ဆက်ပြောလိုသော စကားလုံးများကို စဉ်းစားရင်း ကျေနပ်နေလေသည်။