spot_img
Friday, June 14, 2024
More
    spot_img
    Homeသတင်းဓာတ်ပုံထဲကအပြုံးများ

    ဓာတ်ပုံထဲကအပြုံးများ

    -

    မောင်နောင်မွန်

    အခန်းလေး၏ ပြတင်းပေါက်ကို တွန်းထိုးဖွင့်လိုက်မိသည်။ နေရောင်ခြည်သည် ဝင်ပေါက်ရသွားသည့် ကလေးငယ်တစ်ယောက်ကဲ့သို့ အခန်းအတွင်း ကမူးရူးတိုး ပြေးဝင်လာသည်။ မှောင်မိုက်နေသော အခန်းလေးသည် ရုတ်ခြည်းလင်းလက်သွားတော့သည်။ အောင့်သက်သက် အနံ့တချို့ လေထုထဲသို့လွှင့်ထွက်သွားသည်။ မှောင်မိုက်နေသော အခန်းလေးထဲတွင် သဘာဝ၏အကူအညီဖြင့် အလင်းရောင်ရနေသည်။

    ဤအခန်းလေးဆီ မရောက်သည်မှာ အချိန်ကာလအားဖြင့် အတော်ကြာနေပြီဖြစ်သည်။ အခန်းလေးဆိုသော် အိမ်တစ်အိမ်၏ အလှပြအခန်းတစ်ခန်း။ မိသားစုတစ်စု၊ မျိုးဆက်တစ်ခု၏လက်ဆင့်ကမ်းအမွေများ၊ အောင်မြင်မှုများအား ပြသရာ ပြတိုက်ငယ်လေးတစ်ခုဟု ခေါ်ဆိုလျှင် ပိုမှန်မည်ထင်သည်။ အခန်းနံရံတစ်ခုလုံးကို နို့နှစ်ရောင်ဆေးသားကြီးဖြင့် ခြယ်သထားသည်။ ထိုနံရံတွင် မျိုးရိုးစဉ်ဆက်ပြ ဇယားကြီးတစ်ချပ် ချိတ်ဆွဲထားသည်။ လူဝင်မှုကြီးကြပ်ရေးဌာနအခေါ် “မျိုးဆက်ပြသစ်ပင် (family tree)” ပုံကို တခမ်းတနား ချိတ်ဆွဲထားသည်။ ဆွေခုနစ်ဆက်၊ မျိုးခုနစ်ဆက်၊ မျိုးရိုးတစ်ခုလုံး၏ အမည်နာမများ၊ အသက်ရှင်သန်ခဲ့သောကာလများ၊ အသက်ရှင်စဉ် ဆောင်ရွက်ခဲ့သော အောင်မြင်မှုများကို ကမ္ဗည်းထိုးထားသည်။

    ကျွန်တော်တို့မိသားစုတစ်ခုလုံး၏ အမည်နာမများကို တစ်စုတစ်စည်းတည်း မြင်တွေ့ရသော နေရာလေးတစ်ခုဖြစ်သည်။အခြားသောမိသားစုများတွင် မျိုးဆက်ပြသစ်ပင် အစုံအလင်ရှိသော်လည်း ကျွန်တော်တို့၏ မိသားစုပြတိုက်တွင် အစုံအလင်မရှိပေ။ ကျွန်တော်တို့ မိသားစုပြတိုက်တွင် “အဘေး” ၏ လက်ထက်မှစ၍ မှတ်တမ်းတင်ထားသည်။ ဓာတ်ပုံများပြထားသည်။ ကျွန်တော်တို့ မိသားစုမျိုးရိုး၏ ဖြတ်သန်းခဲ့မှု သမိုင်းအဆက်ဆက် ဤအခန်းထဲတွင် ရှိသည်။ သို့သော် ဤအခန်းလေးထဲသို့ ကျွန်တော် မရောက်ဖြစ်ခဲ့သည်မှာ နှစ်ကာလအားဖြင့် ဆယ်စုနှစ်နှစ်ခုခန့်မက ကြာမည်ထင်သည်။ ဆိုရသော် ကျွန်တော်၏ ဆယ်ကျော်သက်ဘဝမှစ၍ ယခုချိန်ထိပင် ဖြစ်သည်။ အခန်းလေးသည် ဖုန်အလိမ်းလိမ်း တက်နေသည်။ ပိတ်ထားခဲ့သည်မှာလည်း အတော်ကြာနေပြီ။ အဘိုး၊ အဘွား ဆုံးပြီးကတည်းကဖြစ်သည်။ သူတို့မရှိခဲ့တာတောင် (၅)နှစ်ခန့် ရှိလေပြီ။

    ရှင်းလင်းသူမဲ့နေသော အခန်းလေးသည် ခြောက်သွေ့လွန်းလှသည်။ တိတ်ဆိတ်သောပတ်ဝန်းကျင်တွင် ဖုန်အလိပ်လိပ်တက်နေသော အခန်းလေးထဲ ထိုင်နေရသည်ကာ စိတ်ချမ်းသာမှုတစ်မျိုးပင်။ ခံစားမှုတစ်မျိုးပင်ဖြစ်မည်။ နံရံတွင်ချိတ်ထားသော ဓာတ်ပုံအစီအရီတို့သည် အရောင်အသွေးစုံလင်လှသည်။ ခဲပန်းချီကားမှစ၍ အဖြူအမည်း၊ ရောင်စုံဓာတ်ပုံ အစီအရီ ရှိနေသည်။ မျိုးရိုးအစဉ်အဆက် ဖြတ်သန်းလာသော သမိုင်းကြောင်းတစ်ခုကို လက်ဆင့်ကမ်းသော အခန်းတစ်ခုထဲတွင် ကျွန်တော်ထိုင်မိသည်။

    ပြတင်းပေါက်မှဝင်သော အလင်းရောင်နှင့်အတူ လေပြေကလည်း လတ်ဆတ်နေသကဲ့သို့ ခံစားရသည်။ ကျွန်တော်၏ ဆွေမျိုးဓာတ်ပုံများမှာ အစီအရီ။ (၁၀)ပေ၊ (၁၅)ပေပတ်လည် အခန်းထဲတွင် ဓာတ်ပုံများကရောင်စုံ။ ထိပ်ဆုံးတွင် တောင်ရှည်ပုဆိုးနှင့် နှုတ်မွှေးတကားကား “အဘေး” ၏ ပန်းချီကားချပ်ရှိသည်။ ခပ်ထေ့ထေ့ ပြုံးနေသော သျှောင်တစောင်းနှင့် လူကြီးပုံတစ်ပုံ။ အဘိုးပြောပြသည်မှာ “ဒီပုံကသိပ်မတူဘူးကွ။ မျက်နှာနည်းနည်းဝိုင်းနေတယ်။ မင်းတို့အဘေးမျက်နှာက တကယ့်ဟန်ကြီးဟိတ်ကြီးနဲ့ကွ” ဟုပြောတာကို ပြန်အမှတ်ရမိသည်။ ထိုပန်းချီကားသည် အဘိုးဘက်မှ အဘေးဖြစ်သည်။ အဘွားဘက်မှ “အဘေး” ပုံမှာ မရှိပေ။ နံရံပေါ်တွင် အဘွား၏ “အဘေး” နာမည်ကို အနီရောင်ဆေးဖြင့် ရေးထားသည်။ ထိုပုံများမှဆက်၍ ဆွေမျိုးညာတိတို့၏ မိသားစုဓာတ်ပုံများကို အစဉ်အလိုက်တွေ့ရသည်။ တချို့ကပြည်ပြည်စုံစုံ၊ တချို့က တဝက်တပျက်နှင့်။ ထောင့်ကျကျတစ်နေရာတွင် ကျွန်တော်တို့ မိသားစုဓာတ်ပုံက နေရာယူထားသည်။

    ကျွန်တော်အဖေသည်လည်း မိသားစုထဲတွင် အငယ်ဆုံးသားဖြစ်သောကြောင့် ဖြစ်သည်။
    ကျွန်တော်ရယ်၊ အဖေရယ်၊ အမေရယ် သုံးယောက်သား ဓာတ်ပုံလေး။ ကျွန်တော် အသက်ငါးနှစ်အရွယ်ခန့်က ရိုက်ထားသည့်ပုံဖြစ်သည်။ ရွှေတိဂုံစေတီနောက်ခံနှင့်ပုံ။ အဖေနှင့်အမေနှစ်ယောက်ကြား ရပ်၍ပြုံးနေသော ကျွန်တော်ပုံဖြစ်သည်။ မိဘနှစ်ပါးနှင့်အတူတူ ပထမဆုံး ခရီးသွားဖူးခြင်း ဖြစ်သည်။ ထို့အတူ နောက်ဆုံးအကြိမ်ဆိုလည်းမှန်သည်။ ထိုခရီးစဉ်ပြီးသည့်နောက် အမေအိမ်မှ ထွက်သွားခဲ့သည်။ ယခုချိန်ထိ ပြန်တွေ့ရခြင်း မရှိတော့ပေ။ မိသားစု အစုံအလင်ပါသော ဓာတ်ပုံနှစ်ပုံထဲမှ တစ်ပုံဖြစ်သည်။ ကျန်တစ်ပုံမှာ ကျွန်တော် သုံးလသားအရွယ် နာမည်ပေးကင်ပွန်းတပ်ပွဲမှာ ရိုက်ထားသောပုံ။

    ကျွန်တော်၏ကိုယ်လုံးတီးအလှနှင့် လည်ပင်းထက် ပရိတ်ကြိုးအဖွေးသားနှင့်။ အဖွားရှိစဉ်က ထိုပုံကို ကြည့်တိုင်း “ငါ့မြေးနင်ကငယ်ငယ်ကအတော်ချူချာတာ။ ဒီမှာကြည့် လက်ဖွဲ့တစ်ပုံတစ်ပင်နဲ့” ဟု အမြဲတမ်းလက်ထောက်ပြီး သူပြောပြသော ကျွန်တော်မမှတ်မိသော ငယ်ဘဝကိုပြန်ပုံဖော်ရသည်။
    ကလေးဘဝ၏ ပြုံးရယ်ခြင်းမျိုးဖြင့် ချစ်စရာကောင်းမှု အပြည့်အဝပါသော ဓာတ်ပုံတစ်ပုံဖြစ်သည်။ အပြစ်ကင်းသော၊ ဟန်ဆောင်မှုမရှိသော လတ်ဆတ်သောလူဘဝ၏ အငွေ့အသက်များကို စတင်ရှုရှိုက်နေသောပုံလေးသည်ကာ ကျွန်တော်ပုံဟုပြောသော်လည်း ယခုလက်ရှိ ကျွန်တော်ပုံနှင့်တော့ `မိုးနှင့်မြေ´ကဲ့သို့ ကွာခြားနေသည်။ “ဘဝဆိုတာ အရောင်ပြောင်းတတ်ရမယ် မဟုတ်ပါလား”ဟု ကျွန်တော် ခပ်ချဉ်ချဉ်လေးတွေးမိသည်။

    ထိုပုံများ၏နောက်တွင် အဖေနှင့်အမေ၏ မင်္ဂလာဦးဓာတ်ပုံ။ အတော်ရှား၍ တစ်ပုံတည်းသော စုံတွဲပုံဖြစ်သည်။ ကင်မရာများ၊ ဖုန်းများ ရှားပါးသောခေတ်ဖြစ်သောကြောင့် ဓာတ်ပုံများမှာ အနည်းငယ်သာရှိသည်။ အရောင်များမစုံလင်ချေ။ ကျွန်တော်သည် တစ်ဦးတည်းသောသား ဖြစ်သည်။
    ထိုကြောင့် ကျွန်တော်တို့ မိသားစုသစ်ပင်သည် အကိုင်းအခက်နည်းသည်။ အကိုင်းအခက် နည်းသည်အပြင် ပင်စည်မှာလည်း အချိန်အနည်းငယ်နှင့် ပျက်စီးခဲ့သည်ဟုထင်မိသည်။ အဖေနှင့်အမေ အိမ်ထောင်သက်တမ်းသည် ခြောက်နှစ်ခန့်သာကြာမြင့်သည်။ နေသာ၍ ရာသီဥတု ကြည်လင်သော မနက်ခင်းတစ်ခုတွင် အမေသည် လက်ဆွဲအိတ်တစ်လုံးကိုဆွဲကာ ထွက်သွားခဲ့သည်။ အဖေနှင့်အမေ၏ရန်ဖြစ်သံ၊ စကားများသံ တစ်ခါမှမကြားခဲ့ရသော်လည်း အမေသည် မျက်ရည်စက်လက်နှင့် အိမ်မှထွက်သွားသည်မြင်ကွင်းကို ကျွန်တော် မမေ့နိုင်သေးပေ။ ယခုချိန်ထိ ကျွန်တော်တို့ဆီ ပြန်လာခြင်းမရှိ။ ထ့ိုအပြင် ဂုဏ်ယူစရာ အောင်မြင်မှုလည်း နည်းပါးလှသည်။ အဖေ့ဘက် မောင်နှမညီအကိုများ၊ အမေ့ဘက်က မောင်နှမညီအကိုများ၏ မိသားစုသစ်ပင်နှင့် အောင်မြင်မှုများကြား ကျွန်တော်တို့၏ တစ်ပုံစ၊ နှစ်ပုံစ ဓာတ်ပုံမှတ်တမ်းသည်ကာ မျက်နှာငယ်လှသည်။

    မိသားစုစုံတွဲနှင့်ကပ်ရက်တွင် ကျွန်တော်ဘဝတစ်လျှောက်လုံး တစ်ခါတည်းသာ ရဖူးသော ဆုယူနေသောပုံကို ချိတ်ထားသည်။ ဤသည်ကာ ကျွန်တော်တို့မိသားစု၏ အကြီးအကျယ်ဆုံး အောင်မြင်မှုဖြစ်သည်။ ထိုဆုရသောအကြောင်းသည်ကာ အရမ်းကိုထူးဆန်းလှသည်။ ခေတ်တစ်ခေတ်၏ ပညာရေးစနစ် မှတ်တမ်းတစ်ပုဒ်ဖြစ်မည်။ အတန်းထဲတွင် အလယ်အလတ်အဆင့်သာရှိသော ကျွန်တော်သည် စာမတော်ပေ။ သို့သော် ကျွန်တော်သည် ရွာဦးကျောင်းဆရာတော်ကျေးဇူးဖြင့် လက်ရေးကို ဝိုင်းစက်နေအောင် ရေးတတ်သည်။

    တစ်ခုသော “တပ်မတော်နေ့အခမ်းအနား” အတွက် မြို့နယ်မှကျင်းပသော “စာစီစာကုံးပြိုင်ပွဲ” ၌ ကျောင်းတိုင်း ပါဝင်ယှဉ်ပြိုင်ရမည်ဟု “မြို့နယ်ပညာရေးမှူး” မှ အမိန့်စာထုတ်သောကြောင့် ကျွန်တော်တို့ကျောင်းတွင်လည်း စာစီစာကုံးဝင်ပြိုင်ရန် ပြင်ဆင်ရသည်။ ကျောင်းမှ မြန်မာစာဆရာမများသည် “တပ်မတော်နေ့” အကြောင်းကို စီကာပတ်ကုံး ရေးသားကြသည်။ ပြီးနောက် ပြိုင်ပွဲဝင်ရန် လူရွေးချယ်သည်။ ပြိုင်ပွဲတိုင်း ပါဝင်ယှဉ်ပြိုင်နေကြ “လူရည်ချွန်” ကျောင်းသားသည်ကာ ထိုနေ့၌ ကျောင်းမတက်ပေ။ ဆရာမများမှာ အချိန်လဲမရတော့ကြောင့် လက်ရေးလှသော ကျွန်တော်ကိုရွေးချယ်ကာ သူတို့ရေးထားသော စာစီစာကုံးကို ကူးခိုင်းခဲ့သည်။ ဆရာမများ၏ စီစဉ်မှုဖြင့် ကျောင်းအုပ်မှတဆင့် မြို့နယ်သို့ပို့လိုက်သည်။ ကျွန်တော်၏ ကြိုးစားအားထုတ်မှုသည်ကာ အကြမ်းကို အချောပြန်ကူးရေးခြင်း တစ်ခုသာရှိသည်။ သို့သော် တစ်ရက်၊ နှစ်ရက်ခန့်ကြာသော် ကျွန်တော်သည် မြို့နယ်အဆင့် “တပ်မတော်နေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ” တွင် “ဒုတိယဆု” ရကြောင်းသိရသည်။

    တပ်မတော်နေ့ရောက်သော် အဒေါ်နှင့်အတူ ဆုသွားယူသည်။ ထိုစဉ်က သနပ်ခါးအဖွေးသားနှင့် အဖြူစင်ဆုံးပြုံးနေသော ပုံရိပ်ကို ကျွန်တော်ပြန်ခံစားနေရသည်။ ထို့သို့သောလုပ်ရပ်သည် ရှက်ရကောင်းမှန်း မသိသေးသောအရွယ်တွင် ဆုရသည်ဆိုသော ခံစားချက်မှာ အလွန်ပျော်ရွှင်ခဲ့ပုံရသည်။ ကလေးအတွေးပီပီ “လိပ်ပြာသန့်” သည်ဟုခံစားမိသည်။ ထိုပုံထဲမှ အပြုံးလေးကိုကြည့်ရင်း ကျွန်တော်နှုတ်ခမ်းလေးကွေးကာ ပြုံးမိသည်။ အဖြူစင်ဆုံးဟုထင်မိသည်။ သို့သော် စိတ်ထဲတွင်တော့ မဖြူစင်သလိုခံစားရသည်။ ယခုစိတ်နှင့်ဆို ထိုဆုကို ကျွန်တော်ငြင်းမိမည်ထင်သည်။

    ထိုပုံ၏နောက်တွင် ကျွန်တော်၏ ဘွဲ့ယူစဉ်က ရိုက်ထားသောပုံကို ချိတ်ဆွဲထားသည်။ အမှန်တကယ်မှာ ကျွန်တော်သည် ဘွဲ့နှင်းသဘင်ပွဲ မတက်ဖြစ်ခဲ့ပါ။ ထိုအချိန် ကျွန်တော်စိတ်ထဲတွင် ကွန်မြူနစ်စိတ်များ စတင်ဝင်ရောက်ကိန်းအောင်းနေလေပြီဖြစ်သည်။ ယခုပုံသည် လမ်းထိပ် ဓာတ်ပုံဆရာထံတွင် ရိုက်ထားသော အမှတ်တရပုံသာ ဖြစ်သည်။ ထိုဓာတ်ပုံအတွက် ဓာတ်ပုံရိုက်ခ ငါးရာပေးခဲ့ရသည်။ ကျွန်တော်၏ နာမည်နောက်တွင် အမြီးရှည်ထွက်သောဘွဲ့ပုံ။ အမှန်တကယ် မင်္ဂလာဆောင်ဖိတ်စာတွင် ရိုက်ထည့်ရန်သာ အသုံးဝင်သော စာတန်းတစ်ခု။ ဘောင်ခတ်၍ အလှပြရန်သာ အသုံးဝင်သော ဘွဲ့လက်မှတ်တစ်ခုကို ကျွန်တော်ပိုင်ဆိုင်ခဲ့ဖူးသည်။

    “ပညာရေးသည် ဝေးသည်မရှိ” ဟူသော ဆောင်ပုဒ်ဖြင့် ဂျင်းထည့်ခံရသောမျိုးဆက်တွင် ကျွန်တော်ထိပ်ဆုံးမှပါသည်။ ဘွဲ့တစ်ခုရရန်အတွက် စုစုပေါင်းစာသင်ချိန် သုံးနှစ်အတွင်း လေးလခန့်သာတက်ခဲ့ရသော မျိုးဆက်ဖြစ်သည်။ စာမေးပွဲတစ်ခုဖြေဆိုရန်အတွက် စာမျက်နှာ ငါးမျက်နှာခန့်သာ အများဆုံးဖတ်ခဲ့ရသည်။ မြို့ပြနှင့်အလှမ်းဝေးသော အဆောက်အဦးကြီးတွင် လူယ်ဘဝ ဆယ်စုနှစ်ထက်ဝက်ခန့် ကုန်ဆုံးခဲ့ရသည်။ “တက္ကသိုလ်ကျောင်းသားဘဝဆိုတာဘာလဲ” မသိခဲ့ရသော မျိုးဆက်ဖြစ်သည်။ စာသင်ခန်းထဲက အချိန်များထက် ကျူရှင်ချိန်များ ပိုများခဲ့သည်။

    နောက်ဆုံးတွင် ကျွန်တော် ဘွဲ့လက်မှတ်တစ်ခုကို လက်ကိုင်ရရှိခဲ့သည်။ သို့သော် လက်တွေ့ဘဝတွင် ဘွဲ့လက်မှတ်တစ်ခုသည် သုံးလခန့်တက်ရသော သင်တန်းတစ်ခု၏ သင်တန်းဆင်းလက်မှတ် တစ်ခုလောက်ပင် အသုံးမဝင်ချေ။ ကျွန်တော်တို့ ရပ်ကွက်ထိပ်တွင် ဘီအေ(BA) ဘွဲ့လက်မှတ်ရ ဆိုက်ကားသမားတွေရှိသည်။ ဘီအက်စ်စီ(B.SC)ဘွဲ့ရ ကူလီသမားတွေရှိသည်။ အမဲရောင်ဝတ်ရုံကြီးထက် ရွှေဖဲသားတွေစီထားသော ဝတ်စုံကိုသာ ကျွန်တော် ဝတ်ဆင်ခဲ့ဖူးသည်။ (လမ်းထိပ်ကဆိုင်တွင် ဓာတ်ပုံရိုက်စဉ်က) ထိုဓာတ်ပုံထဲက အပြုံးသည်ကာ ငယ်စဉ်က ဆုယူစဉ်အပြုံးကဲ့သို့ အသက်မပါချေ။ အသက်ဝင်မှုအားနည်းနေတော့သည်။ သို့သော် ကျွန်တော်၏ ငယ်စဉ်ကအောင်မြင်မှုတစ်ခု၊ ကျွန်တော်၏ ပညာအရည်အချင်း မှတ်တမ်းတစ်ခုအဖြင့် ချိတ်ဆွဲထားသည်။

    ထိုပုံ၏ကပ်ရက်တွင် ကျွန်တော်မင်္ဂလာဦးဓာတ်ပုံကို ချိတ်ဆွဲထားသည်။ ကျွန်တော်မှတ်မိနေသေးသည်။ ဤပုံကို တစ်ဖက်နိုင်ငံတွင် အလုပ်လုပ်ပြီး ပြန်လာသော ဦးလေးမှ သူဝယ်ခဲ့သော တပတ်ရစ်ကင်မရာဖြင့် ရိုက်ထားပေးသည်။ ဘဝတစ်လျှောက်လုံး အသားနားဆုံးသော ဝတ်စုံဖြစ်သည်။ အဘိုး၏ မောင့်ကျက်သရေခေါင်းပေါင်းနှင့် တောင်ရှည်ပုဆိုးကို အဘွားဝယ်ပေးသော တိုက်ပုံဆင်စွယ်ရောင်လေးနဲ့တွဲဝတ်ထားသော ကျွန်တော်ပုံကို ပုံထဲတွင်တွေ့ရသည်။ သူမမှာ ပန်းရောင်ဖျော့ဖျော့ သတို့သမီးဝတ်စုံကို ဝတ်ဆင်ကာ လက်ထဲတွင် နှင်းဆီပန်းအနီရောင်တစ်စည်းကို ကိုင်ထားသည်။ သူမ၏အပြုံးလေးသည် အပြစ်ကင်းစင်သကဲ့သို့ ချစ်စရာကောင်းလှသည်။ လောကဓံ၏ အထုအထောင်းကို မခံရမီ သကာရည်လောင်းထားသော ပျော်ရွှင်မှုချိုခါးခါးကို စတင်မြည်းစမ်းနေသော အပြုံးတစ်ပွင့်ဖြစ်မည်။

    ယခုချိန်တွင် သူမသည်လည်း ထိုကဲ့သို့ အဖြူစင်ဆုံးမပြုံးနိုင်တော့ချေ။ ကိန်းဂဏန်းတွေကြား နေ့နှင့်ညကိုခြစား၍ အသက်ရှင်ဖို့ ကျွန်တော်နှင့်အတူတူ ရုန်းကန်ရင် အပြုံးတွေရှားပါးကုန်သည်။ ဓာတ်ပုံထဲတွင် ကျွန်တော်သည် သူမနှင့်အတူ ပြုံးနေသည်။ ဤဓာတ်ပုံသည်သာ ယနေ့ခေတ်နည်းပညာ ဆေးသားကောင်းကောင်းဖြင့် ကူးခဲ့သော် ကျွန်တော့်နဖူးပေါ်မှ ချွေးစက်လေးများကို မြင်တွေ့နိုင်မည်။ ခြေထိုးပင့်ကော်သူများသော လောကကြီး၏လှည့်စားမှုကို တွေးကြောက်နေသော လူတစ်ယောက်၏ ကြောက်ဇောချွေးစက်တို့ကို မြင်နိုင်မည်ဖြစ်သည်။ ဘဝသစ်တည်ဆောက်မှုအတွက် စိန်ခေါ်မှုများ၊ အလိမ်အညာများကို တွေးကြောက်နေသော သတို့သားအသစ်စက်စက်၏ မချိပြုံးကိုတွေ့မြင်နိုင်သည်။

    အခန်းလေးထဲတွင် အချိန်အတော်ကြာထိ ကျွန်တော် ငေးငိုင်နေမိသည်။ စိတ်အာရုံများမှာ တိမ်စိုင်များကဲ့သို့ ဟိုလွှင့်ဒီလွှင့်နှင့်။ တိမ်စိုင်များလွှင့်နေရင်းက မိုးသားများ တဖြည်းဖြည်း သိပ်သည်းလာသကဲ့သို့ ကျွန်တော်စိတ်သည်လည်း တဖြည်းဖြည်း လေးလံလာသည်။ တစ်ခါတရံ ဘဝဆိုသည်မှာ လော်လီလော်မာတတ်သည်။ စာအုပ်ထဲက အတိုင်းမဟုတ်။ နေ့စဉ်ဖြတ်သန်းမှုပုံရိပ်တိုင်းကို စက္ကန့်နှင့်အမျှ ဓာတ်ပုံများရိုက်ကူးထားသော အပြုံးပုံများထက် ပင်ပန်းနွမ်းနယ်ရုန်းကန်မှုက ပိုများမည်ထင်သည်။ ကျွန်တော်ခပ်ညစ်ညစ်လေးတွေးမိသည်။ ထို့နောက်ပြုံးမိသည်။ တစ်ကိုယ်တည်းပြုံးနေသည်ကို အားမရသောအခါ ဘေးဝဲယာတွင် မည့်သူများရှိမည်နည်း ကြည့်မိသည်။ ရှိလျှင်ထိုသူကိုပါ ပြုံးခိုင်းမည်။ သို့သော်မည့်သူမှမရှိ။ အဘေး၏ ခပ်ထေ့ထေ့အပြုံးကို ကျွန်တော် တဖြည်းဖြည်း လက်ခံလာနိုင်သည်ဟု ထင်မိသည်။
    ပြတင်းပေါက်မှဝင်လာသော လေပြေတွင် အအေးဓာတ်ကို မသိမသာ သယ်ဆောင်လာသည်။

    ပတ်ဝန်းကျင်တွင် နေရောင်သည်ကာ ပျောက်လုလုဖြစ်နေသည်။ သို့သော် အလင်းရောင်ရှိနေသေးသည်။ မရောက်တာကြာသော ပြခန်းထဲမှ ဓာတ်ပုံများကိုကြည့်ကာ ကျွန်တော့်အတွေးများ အတိတ်ကိုပြန်သွားနေသည်။ အချိန်သည်ကာ အတော်လင့်နေချေပြီ။ ကျွန်တော်လက်ထဲတွင် ကိုင်ထားသောဓာတ်ပုံတစ်ပုံကို ကျွန်တော့်တို့ မင်္ဂလာဦးဓာတ်ပုံနားတွင် ချိတ်လိုက်သည်။ ဓာတ်ပုံထဲတွင် ကျွန်တော်၊ သူမနှင့် သူမ၏လက်ပေါ်တွင်ချီထားသော သမီးလေးပါရှိသည်။ ကျွန်တော်တို့နှစ်ယောက်ကြားတွင် ခြောက်လအရွယ်သမီးလေးက နေရာယူထားသည်။ ကလေးတစ်ယောက်၏အပြစ်ကင်းစင်သောအပြုံး၊ လောကကြီးအကြောင်းကိုမသိသေးသော အပူအပင်ကင်းသော ကလေးတစ်ယောက်၏ ချစ်စရာကောင်းသော ဖြူစင်သောအပြုံးတစ်ပွင့်ကို တွေ့ရသည်။ ကျွန်တော်သည် အခန်းပြတင်းပေါက်ကို ပိတ်လိုက်သည်။ ပြီးနောက် အခန်းတွင်းမှ လှည့်ထွက်လာခဲ့သည်။

    ကျွန်တော့်မျက်နှာတွင် ဓာတ်ပုံထဲမှ သမီးလေး၏အပြုံးလေးစွဲကပ်လာသည်။ ကျွန်တော်လည်းပြုံးနေမိသည်။ သို့သော်ဖြူစင်မှုမရှိ။ ကျွန်တော်အပြုံးသည်ကား မဲညစ်ညစ်ဖြစ်နေမည်ဟု ကျွန်တော်ထင်သည်။ ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    25,100SubscribersSubscribe
    spot_img

    Latest posts