မွန်သတင်းအေဂျင်စီ MNA-(နိုဝင်ဘာ ၂၁)
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ရွှေဘေးကျေးရွာရှိ အဆောက်အဦတစ်ခုတွင် ရုံးခန်းလာရောက်ဖွင့်လှစ်ထားသော မွန်အမျိုးသားပါတီ MNP မှ ၎င်း၏မြေကွက်ကို တဖက်လှည့်အပိုင်သိမ်းယူရန် လုပ်ဆောင်နေကြောင်း မွန်အမျိုးသားပါတီနှင့် ပေါင်းစည်းမည့်ပါတီ(မွန်ပါတီ) ထံသို့ မွန်ငြိမ်းချမ်းရေး(ခွဲထွက်) အဖွဲ့ ဥက္ကဌ နိုင်စိုက်ချမ်းက နိုဝင်ဘာ ၁၆ ရက်နေ့တွင် တိုင်ကြားစာပေးပို့ခဲ့ကြောင်း MNA မှလက်ခံရရှိသော မိတ္တူစာအရ သိရသည်။
နိုင်စိုက်ချမ်းက “ လွန်ခဲ့တဲ့ ၆ လလောက်မှာ နိုင်စိုးမြင့်နဲ့ နိုင်မောင်ညွန့်တို့ မြိတ်မြို့က ကျနော့်နေရာမှာ မွန်အမျိုးသားပါတီရုံး ဖွင့်ချင်တယ်ဆိုပြီး တပည့်တွေကနေတဆင့် ပြောလာတော့ ကျနော်ခွင့်ပြုလိုက်တယ်၊ အရင်က မွန်ဒေသလုံးဆိုင်ရာပါတီရောက်လာတာ အိမ်မှာရုံးဖွင့်ချင်ရင် ဖွင့်ပါလို့၊ ကိုယ့်မွန်ပါတီဆိုတော့ ကျနော် အရမ်းဝမ်းသာတယ်၊ ကျနော့်မှာ အဆောက်အဦတွေက အများကြီး၊ လူလည်း မရှိတော့ဘူး၊ ကျနော့်မြေကွက် ဧက ၇၀ လောက်ရှိတယ်၊ ကာလတန်ဘိုးအားဖြင့် ကျပ်သိန်းပေါင်း သောင်းချီတန်ဘိုးရှိတယ်၊ ကားလမ်းမကြီးဘေးမှာ အဲဒါကို သူတို့ဘယ်လို လောဘဇောတွေတက်တာလည်းတော့ မပြောတတ်ပါဘူး၊ ကျနော့်ဇနီးဆီ လာပြီးတော့ နိုင်စိုးမြင့် တပည့်တစ်ယောက်က စာတစ်စောင်လာပေးတယ်၊ အခု တွေ့နေရတဲ့စာပေါ့” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။
Photo-မြိတ်မြို့ရှိ မွန်အမျိုးသားပါတီရုံးနေရာ(Facebook)
အမည်နှင့် လက်မှတ်ရေးထိုးခြင်းမရှိသော်လည်း မြိတ်မြို့နယ် မွန်အမျိုးသားပါတီ တံဆိပ်တုံးရိုက်နှိပ်၍ နိုင်စိုက်ချမ်း၏ ဇနီးဖြစ်သူအား နိုဝင်ဘာ ၁၃ ရက်နေ့စွဲဖြင့် “မွန်အမျိုးသားပါတီမှ ဒေါ်အင်စိုးအား အသိပေးခြင်း” အကြောင်းအရာပါစာတွင် “မွန်ငြိမ်းချမ်းရေးအဖွဲ့(မွန်အမျိုးသားပါတီ) မှ ပိုင်ဆိုင်သည့် ရွှေပေးကျေးရွာဧရိယာအတွင်းရှိ မြေများနှင့်ပတ်သက်၍ စာရွက်စာတမ်းအထောက်အထားများကို အဖွဲ့အစည်းသို့ ပြန်လည်အပ်နှံပါရန် အကြောင်းကြားအပ်ပါသည်” ဟု ရေးသားထားပြီး မိတ္တူကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြိတ်ခရိုင်မြေစာရင်းဦးစီးမှူး၊ တပ်မှူး စရဖ(မြိတ်မြို့)နှင့် လက်ခံဟူ၍ ဖော်ပြပါရှိသည်။
“ဒီနေရာက ကျနော့်မြေကွက်ပါ၊ ဝယ်ထားတာ အနှစ် ၂၀ နီးပါးရှိပြီ၊ တခြားဆီက သိမ်းယူခဲ့တာမဟုတ်ဘူး၊ မြေဝယ်ပြီးတော့ လမ်းဖောက်တယ်၊ ဂိုထောင်၊ ဆိပ်ကမ်း၊ ဘန်ဂလိုတွေ ရုံးအဆောက်အဦတွေ ဆောက်တယ်၊ မြေဂရမ်လည်း ရှိတယ်၊ အဲဒီအချိန်က မွန်ငြိမ်းချမ်းရေးခွဲထွက်အဖွဲ့ကို ကျနော်ဦးဆောင်ဖွဲ့စည်းခဲ့တာပါ” ဟု နိုင်စိုက်ချမ်းက ဆက်ပြောသည်။
သို့ရာတွင် အဆိုပါမြေကွက်သည် မွန်ငြိမ်းချမ်းရေး(ခွဲထွက်) အဖွဲ့အား သက်ဆိုင်ရာမှ နေရာချပေးထားသော မြေကွက်ဖြစ်ပြီး မြေဂရမ်မရှိသေးကြောင်း၊ ယခုအခါ မွန်ငြိမ်းချမ်းရေး(ခွဲထွက်) အဖွဲ့လည်း ထိုဒေသ၌ မရှိတော့ကြောင်း၊ လက်ရှိ မွန်အမျိုးသားပါတီဝင်ဖြစ်လာသော မွန်ငြိမ်းချမ်းရေး(ခွဲထွက်) အဖွဲ့ဝင်ဟောင်းများနှင့် အဖွဲ့ခေါင်းဆောင်တို့အကြား ဖြစ်ပွားသောမြေပြဿနာဟု ယူဆကြောင်း မွန်အမျိုးသားပါတီ တွဲဘက်အတွင်းရေးမှူး(၁) နိုင်စိုးမြင့်က ပြောသည်။
နိုင်စိုးမြင့်က “ နိုင်စိုက်ချမ်းဆီ အခုပေးပို့လိုက်တဲ့စာကို ကျနော် မသိပါဘူး၊ သူနဲ့သူ့တပည့်တွေ အချင်းချင်းဖြစ်တဲ့ပြဿနာပါ၊ ကျနော်တို့အနေနဲ့ ဒီကိစ္စကို လိုက်ရှင်းစရာအကြောင်း မရှိပါဘူး၊ မြိတ်မြို့နယ် မွန်အမျိုးသားပါတီက ရှင်းရမယ့်ကိစ္စပါ၊ ကျနော်တို့နဲ့ မဆိုင်ပါဘူး၊ မြိတ်မြို့နယ် မွန်အမျိုးသားပါတီက ရုံးဖွင့်ဖို့ တောင်းဆိုလို့ကျနော်တို့ သွားပြီးရုံးဖွင့်ပေးခဲ့တာပါ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။
မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့ကို “မွန်ပါတီ” အဖြစ် ပေါင်းစည်းခွင့်လျှောက်ထားဆဲဖြစ်ပြီး လာမည့် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ပထမအကြိမ် ဗဟိုကော်မတီအစည်းအဝေးကျင်းပမည်ဖြစ်ရာ အဆိုပါခြိမ်းခြောက်စာနှင့်ပတ်သက်၍ ဆွေးနွေးစရာအကြောင်းအရာတစ်ခုပါဝင်လာမည်ဟု မွန်အရေးစောင့်ကြည့်သူများက သုံးသပ်သည်။
မြိတ်မြို့တွင် ပါတီထောင်ပြီး မွန်ပြည်သူများ ရွာအကျိုးစီးပွားဥစ္စာကို မကာကွယ်သည့်အပြင် မွန်အမျိုးသားအချင်းချင်း ပါတီအရှိန်သုံးပြီး ဒုစရိုက်သမားအသွင် လုပ်ဆောင်နေသောပါတီဝင်များနှင့် စေခိုင်းသူများကို ထိရောက်စွာအရေးယူပေးပါရန် မွန်ငြိမ်းချမ်းရေး(ခွဲထွက်) အဖွဲ့ ဥက္ကဌ၏ တင်ပြစာတွင် ဖတ်ရှုရသည်။