ကမ်လူဝေး
(၁)
အခန်းတံခါးကိုတွန်းဖွင့်၍ ဝင်လာသော တွန်းလှည်းပေါ်တွင် နာကျင်နေဟန်ရှိသော အဖွားအိုတစ်ယောက် ခွေခေါက်၍ပါလာသည်။ စားပွဲပေါ်ရှိ လူနာမှတ်တမ်းစာအုပ်ကို ကြည့်လိုက်သောအခါ ဒေါ်အေးစော၊ အသက်(၇၃)နှစ် ဟု ရေးထားသည်။ ခွဲစိတ်ဆရာဝန်သည် မှတ်တမ်းစာအုပ်ကိုချ၍
“လူနာက နာနေရင် ကုတင်ပေါ်မရွေ့နဲ့တော့။ တွန်းလှည်းပေါ်မှာပဲထား။ ဒီအတိုင်းစမ်းမယ်။” ဟု တွန်းလှည်းကို တွန်းလာသော ဆေးရုံဝန်ထမ်းများကို လှမ်းပြောလိုက်သည်။
လူနာနှင့်အတူ စိုးရိမ်ပူပန်နေသော မျက်နှာများဖြင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဦးဆောင်သော သက်လတ်ပိုင်းအရွယ်အမျိုးသမီးများ၊ လူငယ်လေးများ လေး၊ ငါး၊ ခြောက်ယောက်လောက် ပါလာသည်ကိုတွေ့ရသည်။
“ဘာဖြစ်တာလဲ” ဟု ခွဲစိတ်ဆရာဝန်မှ မေးလိုက်သောအခါ ပါလာသော ဆေးမှတ်တမ်းစာရွက်များ၊ စာအုပ်များ၊ ဓာတ်မှန်များ တစ်ထပ်ကြီးကိုထုတ်ပြ၍ “ဗိုက်နာလို့ဆရာ” ဟု လူလတ်ပိုင်းအရွယ် လူနာရှင်မှပြန်ဖြေသည်။
“ဘာတော်သလဲ။”
“သားတော်ပါတယ်”
“ဗိုက်ကဘယ်လိုနာတာလဲ။”
“ဗိုက်ကခဏခဏနာတယ်။ နာရင်အဖျားပါ တက်တယ်ဆရာ။”
“အဲဒီတော့ ဘာလုပ်သလဲ။”
“ကျွန်တော်တို့က ဆေးရုံကြီးကို ခေါ်သွားတယ်။အဲဒီမှာ ဆေးရုံတက်ရတယ်။”
“ဘာရောဂါလို့ပြောလဲ။”
“သည်းခြေအိတ်မှာ ကျောက်တည်တယ်လို့တော့ပြောတယ်။”
“မခွဲခိုင်းဘူးလား။”
“ခွဲရမယ်လို့တော့ပြောတယ်။ ဗိုက်နာရင်ဆေးရုံတက်။ ဆေးရုံပေါ်မှာ ပုလင်းကြီးတွေချိတ်။ အဲလိုလုပ်လိုက်ရင် ဗိုက်နာတာက သက်သာသွားရော။ သက်သာရင် ခွဲဖို့ အားပြန်မွေးဆိုပြီး အိမ်ပြန်လွှတ်လိုက်ရော။ အိမ်ရောက်လို့ တစ်ပတ်၊ ဆယ်ရက်ဆို ဗိုက်ကပြန်နာပြန်ရော။ အဲဒီလိုနဲ့ ဆေးရုံပြန်ရောက်၊ ဆေးရုံပြန်တက်နဲ့ဖြစ်နေတာ အခုဆို ဆေးရုံကတက်ရတာ ရှစ်ကြိမ်ရှိသွားပြီ။”
“ဒီတခါတော့ ဘယ်လိုဖြစ်ပြီး အခုလိုအပြင်ဆေးရုံကို ရောက်လာတာလဲ။”
“အမေခံစားနေရတာ မကြည့်ရက်တော့လို့ပါ ဆရာရယ်။ အကုန်အကျ သက်သာမလားလို့ ဆေးရုံကြီးသွားတာ အခုလည်း အခေါက်ခေါက်၊ အခါခါရှိပြီဆိုတော့ မထူးပါဘူး မနည်းကုန်လှပါပြီ။ ပြီးခဲ့တဲ့လက ကျွန်တော်တို့ရွာက အဒေါ်တစ်ယောက် သည်းခြေကျောက်ပဲ ဆရာနဲ့ခွဲလိုက်တာ။ ကောင်းသွားပြီလို့ပြောတယ်။ သူကပဲ အတင်းတိုက်တွန်းလို့ ဒီဆေးခန်းကို အရဲစွန့်ပြီး လာခဲ့တာပါဆရာ။ အမေ့ကို အပ်ပါတယ်။ ဆရာကောင်းအောင်ကုပေးပါ။”
“ကျွန်တော် အမြန်ဆုံး လိုအပ်တာစစ်ဆေးပြီး ခွဲဖို့လိုရင် ခွဲပေးပါ့မယ်။ ငွေကြေးလည်း တတ်နိုင်သလောက် အကုန်အကျနည်းအောင် လုပ်ပေးပါ့မယ်။”
“ကျေးဇူးတင်ပါတယ်ဆရာ။ အားကိုးပါတယ်။”
ခွဲစိတ်ဆရာဝန်သည် လူနာကို ဆေးရုံတင်ခြင်း စမ်းသပ်စစ်ဆေးခြင်းများလုပ်၍ ကျောက်တည်နေသော သည်းခြေအိတ်ကို ခွဲစိတ်ဖြတ်တောက် ပေးလိုက်လေသည်။
(၂)
ခွဲစိတ်ဆရာဝန် အခန်းထဲသို့ ဝင်သွားသောအခါ လူနာကို ကုတင်ပေါ်တွင်လှဲရက်တွေ့ရသည်။ လူနာအမည်မှာ ဒေါ်ကြင်လှ၊ အသက်(၇၂)နှစ်။ သွေးအန် သွေးဝမ်းသွားနေသော လူနာဖြစ်သည်။
“ထပ်အန်သေးသလား။”
“မအန်တော့ဘူး။”
“ဝမ်းအမည်းကော သွားသေးလား။”
“ဝမ်းအမည်းက သွားသေးတယ်။ အရမ်းတော့မများတော့ဘူး။”
“သွေးနီဥပမာဏဘယ်လောက်ရှိလဲ။ ပြန်စစ်ကြည့်လိုက်။ လိုရင်သွေးထပ်ထည့်ရအောင်။ ဆေးတွေကတော့ ဒီအတိုင်း ဆက်ပေးထားလိုက်ဦး။”
“ဆရာ ဆေးအပြင်းစားကြီးတွေ မပေးပါနဲ့။ မလိုအပ်ပဲ ဆေးတွေနဲ့ ဝေဒနာကို ဆွဲဆန့်ထားသလို ဖြစ်နေရင် အဖွားခံစားနေရမှာ မမြင်ချင်လို့ပါ။”
အိုင်ဖုန်း(I-Phone) လက်ထဲကိုင်ထားသော လူငယ်တစ်ယောက်မှ ဝင်ပြောသည်။
“ဆေးတွေက မပြင်းပါဘူး။ လိုအပ်သလောက်ပဲ ပေးထားတာပါ။”
“ဈေးကြီးတဲ့ ဆေးအပြင်းတွေ ပါနေလို့ပါ။ စာရင်းရှင်းရင် ဈေးကြီးတဲ့ဆေးတွေ အမြဲပါနေပါတယ်။”
“ဈေးကြီးတိုင်း ဆေးကပြင်းတာ မဟုတ်ပါဘူး။ ဆေးဈေးနှုန်းနဲ့ ဆေးပြင်း၊ မပြင်း တိုင်းတာလို့မရပါဘူး။”
ခွဲစိတ်ဆရာဝန်နှင့် မြေးလုပ်သူ ပြောသမျှကို လူနာသည် ငေးကြည့်နေပြီး စကားတစ်လုံးမှမဆို။ တကယ်တော့ လူနာ ဒေါ်ကြင်လှသည် သူတို့ရွာတွင် ရွာမျက်နှာဖုံး သူဌေး ဖြစ်ဟန်တူသည်။ ယခုကဲ့သို့ သွးအန်၊သွေးဝမ်းသွားတော့ ရွာမှတိုက်နယ်ဆေးရုံကို တင်သည်။ တိုက်နယ်ဆရာဝန်မှ လိုအပ်သမျှ အစွမ်းကုန်လုပ်ပြီး၍ မြို့တက်ပြီးဆက်ကုလျှင် ပိုကောင်းမည်ဟုပြောတော့ ပထမ မသွားနိုင်ဘူးဟု ငြင်းကြသည်။ ဘေးပတ်ဝန်းကျင် ရွာသားများ ဝိုင်းဝန်းတိုက်တွန်းတော့မှ မတတ်သာပဲမြို့တက်ပြမည်ဟု လူနာရှင်များက သဘောတူသည်။
“မြို့တက်ရမည်ဆိုတော့ အကုန်ခံနိုင်တယ်။ အပြင်ဆေးရုံမှာပဲကုမယ်” ဟု ရွာမှာ ကြွေးကြော်၍ ရောက်လာကြသူများဖြစ်သည်။ ဆေးရုံရောက်ကတည်းက ဈေးကြီးသော သွေးစစ်ဆေးမှု၊ ဈေးကြီးသော ဆေးပေးရသောအချိန်တိုင်း “ဒါတွေကလိုလို့လား” ဟု ပြဿနာရှာလေ့ရှိသည်။
လူနာရှင်မြေးလုပ်သူသည် အတန်ကြာ အသံတိတ်သွားပြီးနောက် “လူနာကမရတော့ဘူးဆိုရင် အိမ်ပြန်ခေါ်ချင်တယ် ဆရာ” ဟု တောင်းဆိုသည်။
“အခုအခြေအနေကကောင်းပါသေးတယ်။ ကုလို့ရနိုင်ပါသေးတယ်။ အခြေအနေက ရောက်ခါစကထက် တိုးတက်လာတယ်ဆိုတော့ ကောင်းသွားဖို့များပါတယ်။”
“ကျွန်တော်တို့က အိမ်ပြန်ခေါ်ချင်တာ။”
“ဒီအတိုင်း အိမ်ပြန်ခေါ်ဖို့ကတော့မသင့်ဘူး။ အိမ်ပြန်ခေါ်ပြီး ဒီအတိုင်းထားရင် ခင်ဗျားတို့က အိမ်ပြန်သေခိုင်းသလို ဖြစ်နေမှာ။ ခင်ဗျားတို့က ပေးသေဖို့ ဆုံးဖြတ်ချက်ချသလို ဖြစ်နေမှာ။”
လူနာရှင်မြေးဖြစ်သူသည် မျက်နှာအနည်းငယ်ပျက်သွားပြီး အခန်းထဲတွင် အတူရှိနေသော ရွှေလက်ကောက်များ တံတောင်ဆစ်ထိရောက်အောင် ဝတ်ထားသည့် အမျိုးသမီးအား လှမ်းကြည့်လိုက်သည်။
“ကျွန်မတို့ကတော့ ဘာပဲဖြစ်ဖြစ် ပြန်ခေါ်ချင်တာပဲ။ ဆရာတို့က ဆေးတွေပေးပြီး အသက်ကို ဆွဲဆန့် ထားတာက ဝေဒနာကိုကြာကြာခံစားရအောင် ဆွဲဆန့်တာနဲ့တူတယ်။ ကျွန်မ အမေခံစားနေရတာ မကြည့်နိုင်တော့ဘူး။”
“ဆေးတွေပေးတယ်ဆိုတာက ဝေဒနာကိုဆွဲဆန့်ထားတာ မဟုတ်ဘူးလေ။ ဝေဒနာကိုပျောက်အောင် အသက်ရှင်ခွင့်ရအောင် ပေးနေရတာပါ။ ထပ်စဉ်းစားကြည့်ပါဦးဗျာ။”
“မရဘူးဗျာ။ ကျွန်တော်တို့မကုတော့ဘူး။ အိမ်ပြန်ခေါ်သွားမယ်။”
ခွဲစိတ်ဆရာဝန်သည် ထောင်းကနဲထွက်လာသော ဒေါသကို မြိုသိပ်၍ လူနာကိုကြည့်လိုက်သောအခါ လူနာ၏မျက်နှာမှာ မကောင်းလှ။ ခွဲစိတ်ဆရာဝန်သည် လူနာ၏လက်ကို ဆုတ်ကိုင်၍ “အမေ ကျွန်တော်စိတ်မကောင်းပါဘူးဗျာ။ ကြိုးစားပြီး အမေ့ကိုကောင်းအောင် ဆက်ပြီးကုပေးချင်ပေမဲ့ မဖြစ်နိုင်တော့တာ ဝမ်းနည်းပါတယ်” ဟုပြောလိုက်သည်။ ထိုအချိန် လူနာ၏မျက်ဝန်းမှ မျက်ရည်စများ ပါးပြင်ပေါ်သို့ စီးကျလာသည်ကို တွေ့ရသည်။ ခွဲစိတ်ဆရာဝန်သည် စိတ်ကိုထိမ်းပြီး မိမိသဘောဆန္ဒအလျောက် ဆေးရုံမှဆင်းကြောင်း လက်မှတ်ထိုးပေးရန် လူနာစောင့်များအား ပြော၍ အခန်းထဲမှ ထွက်သွားလေသည်။
(၃)
စိတ်ထဲကသိကအောက် မသာမယာဖြစ်နေသော ခွဲစိတ်ဆရာဝန်သည် နောက်ထပ်လူနာဆက်ကြည့်ရန် နောက်ထပ်လူနာခန်းတစ်စ်ခန်းသို့ ရောက်လာသည်။ လူနာခန်းအပြင်ဖက်တွင် လူများ စုစုနှင့်တွေ့ရသည်။ အခန်းတံခါးကို ဖွင့်ဝင်လိုက်သောအခါ အခန်းထဲတွင်လည်း လူတွေအပြည့်။
“ဘယ်လိုဖြစ်တာလဲ။ ဆေးရုံနဲ့ ပွဲဈေးတန်းမှားများ နေကြသလား” ဟု ခွဲစိတ်ဆရာဝန် မေးလိုက်တော့ အတူပါလာသော သူနာပြုက ရယ်၍ “လူနာကို ဆရာခွဲပြီးသွားပြီဆိုတော့ ရွာက မိတ်ဆွေတွေ ကားတစ်စီးတိုက် လာကြည့်ကြတာတဲ့။” ကုတင်ပေါ်တွင် သည်းခြေအိတ်ထုတ်ထားသော လူနာ ဒေါ်အေးစောကို သနပ်ခါးအဖွေးသားနှင့် ပြုံးရွှင်စွာထိုင်နေသည်ကို တွေ့ရသည်။ ကုတင်ဘေးတွင် လူတွေတပုံတပင်။
“အဖွားက သနပ်ခါးပါလိမ်းထားပါလား။”
“သူ့မြေးတွေလိမ်းပေးထားတာ” ဟု တစ်ယောက်က ဝင်ပြောသည်။
“အဖွား နေကောင်းတယ်မဟုတ်လား။”
“ကောင်းတယ်ဆရာရေ။ လိုအပ်တာ အကုန်ထပ်လုပ်နော် ဆရာ။ ပိုက်ဆံကုန်ချင်ကုန်ပါစေ။ ကျွန်တော်တို့မိသားစု တွေဝိုင်းရှာကြမယ်။” သားဖြစ်သူက ဝမ်းသာအားရ ပြောရှာသည်။ “ဘာမှ အထွေအထူး မလိုတော့ပါဘူဗျာ။ အိမ်ပြန်ဖို့ပဲကျန်တော့တာပါ” ဟု ခွဲစိတ်ဆရာဝန်က ရယ်မောရင်း ပြောလိုက်သည်။
မေတ္တာလွှမ်းခြုံသော အငွေ့အသက်များသည် နွေးထွေးလှသည်ဟု ခွဲစိတ်ဆရာဝန်ခံစားမိသည်။ မကြည်မသာဖြစ်နေသော စိတ်တို့သည် မေတ္တာအငွေ့အသက်များကြောင့် သက်တောင့်သက်သာ ဖြစ်သွားသကဲ့သို့ ခံစားရသည်။ “တချို့မှာမူ ငွေကြေးချမ်းသာကြသော်လည်း မေတ္တာတရား ရှားပါးတတ်သလို၊ တချို့မှာတော့ ငွေကြေးချမ်းသာခြင်း မရှိသော်လည်း မေတ္တာပေါများကြွယ်ဝတတ်ကြပါလား” ဟု ခွဲစိတ်ဆရာဝန်သည် တွေးနေမိတော့သည်။ ။
မှတ်ချက်-လရောင်လမ်းချိုး စာပေအနုပညာမဂ္ဂဇင်း၊ အမှတ်(၅)၊ ၂၀၁၈ထုတ်တွင် ဖော်ပြခြင်းခံရသောစာမူကို စာရေးသူ၏ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသည်။