Homeသတင်းအရပ်ဖက်အဖွဲ့အစည်းများငြိမ်းချမ်းရေးဖိုရမ်အကြို မွန်ပြည်နယ် မြို့နယ်အဆင့်ဆွေးနွေးပွဲများ ကျင်းပပြီးစီး

အရပ်ဖက်အဖွဲ့အစည်းများငြိမ်းချမ်းရေးဖိုရမ်အကြို မွန်ပြည်နယ် မြို့နယ်အဆင့်ဆွေးနွေးပွဲများ ကျင်းပပြီးစီး

-

မွန်သတင်းအေဂျင်စီ(နိုဝင်ဘာ ၁၉)။ ။ အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် CSO peace forum အကြို မွန်ပြည်နယ် မြို့နယ်အဆင့် မူဝါဒအကြံပြုစာတမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ Workshop များကို နိုဝင်ဘာ ၁၈ ရက်နေ့တွင် ရေးမြို့၌ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကော်မတီ အဖွဲ့ခေါင်းဆောင် မင်းအောင်မွန်က “ပြည်နယ်ဖိုရမ်အတွက် မွန်ပြည်နယ် ၁၀ မြို့နယ်က ဒေသခံတွေရဲ့သဘောထားတွေ ပြည့်ပြည့်စုံစုံ ပိုမိုရနိုင်အောင် မြို့နယ်အလိုက် Workshop တွေလုပ်ပြီးတော့ ပြည်နယ်အဆင့်ဖိုရမ်ကို လုပ်သွားမယ်၊ အခု ရေးမြို့မှာ လုပ်တဲ့ Workshop က နောက်ဆုံးပဲ ” ဟု ဆိုသည်။

Photo- CSO peace forum အကြို ရေးမြို့ ဆွေးနွေးပွဲ(Min Aung Htoo)

ပြည်နယ်အတွင်း အဖွဲ့ ၂ ဖွဲ့ခွဲ၍ မြို့နယ်အလိုက် Workshop များ သွားရောက်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မွန်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကို လာမည့်ဒီဇင်ဘာလလယ်အတွင်း ကျင်းပရန် စီစဉ်ထားသည်ဟု သူက ပြောသည်။

“အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးကိုအထောက်အကူဖြစ်စေဖို့နဲ့ ဒေသခံတွေရဲ့ သဘောထားဆန္ဒတွေ အသံတွေ ငြိမ်းချမ်းရေးညီလာခံမှာ ပါဝင်လာစေဖို့ရယ်၊ နောက်ပြီး ငြိမ်းချမ်းရေးကို အေးချမ်းစွာနဲ့ အောင်မြင်စေချင်တဲ့ ဆန္ဒတွေလည်း ပါဝင်တာပေါ့” ဟု မင်းအောင်မွန်က ဆက်ပြောသည်။

သို့ရာတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နိုဝင်ဘာ ၁၈ မှ ၂၀ ရက်အထိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဦးဆောင်ပြီး ကျင်းပသည့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ကျင်းပခွင့်မပြုကြောင်း စာထုတ်ပြန်ခဲ့သဖြင့် မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာရှိ ဓမ္မိကာရာမကျောင်းတိုက်သို့ ပြောင်းရွှေ့ကျင်းပလျှက်ရှိကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ်အတွင်း အထက်ပါ အလုပ်ရုံဆွေးနွေးပွဲများတွင် Resource Person အဖြစ်ပါဝင်ခဲ့သူ မင်းအောင်ထူးက “တဖက်မှာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်က ဘယ်လိုသွားနေမှန်း မသိတဲ့အနေအထားမှာ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ နည်းနည်းတော့ ဝေဝေဝါးဝါးဖြစ်နေတာပေါ့လေ၊ တခါတလေကျရင် Officially လုပ်နေတဲ့ လုပ်ငန်းစဉ်တွေ ဖိုရမ်တွေတောင်မှ တချို့နေရာတွေ အပိတ်ခံရတာတို့ အခြေအနေအမျိုးမျိုးရှိတဲ့အခါကျတော့ အရပ်ဖက်အဖွဲ့အစည်းတွေဟာ လုပ်ချင်ကိုင်ချင်စိတ်က အရင်လိုတက်တက်ကြွကြွမဟုတ်တော့ဘဲနဲ့ နည်းနည်းတော့ဝေဝေဝါးဝါးဖြစ်လာကြတယ်၊ ဒါကကောင်းတဲ့လက္ခဏာ မဟုတ်ဘူး” ဟု ဆိုသည်။

လက်ရှိသွားနေသည့်ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ၂၁ ရာစုပင်လုံ၏ Framework အတိုင်းဆိုပါက အကြောင်းအရာအလိုက် နိုင်ငံရေးဆွေးနွေးပွဲကဏ္ဍသည် CSO များ၏ တာဝန်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ CSO ဘက်မှ တာဝန်ကျေစေရန် စိတ်တက်ကြွစွာဖြင့် အားလုံးဝိုင်းဝန်း လုပ်ကိုင်လျက်ရှိကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံး အဆင်ပြေချောမွေ့စွာ အောင်မြင်နိုင်ရေးအတွက် ဆုံးဖြတ်ချက်ချမှတ်နေသည့်ပုဂ္ဂိုလ်များအနေဖြင့် သဘောထားကြီး စေလိုကြောင်း ၎င်းက တိုက်တွန်းပြောကြားလိုက်သည်။

လက်ရှိ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC မှ ရေးဆွဲချမှတ်ထားသည့် မူဘောင်အရ အကြောင်းအရာအလိုက်နိုင်ငံရေးဆွေးနွေးပွဲမှ ရရှိလာသောမူဝါဒစာတမ်းများကို လာမည့် ၂၁ ရာစုပင်လုံ(စတုတ္ထအကြိမ်) အစည်းအဝေးသို့ တင်သွင်းနိုင်ရန်အတွက် မြို့နယ် ၊ ပြည်နယ်/တိုင်းနှင့် ပြည်ထောင်စုအဆင့် အရပ်ဖက်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဖိုရမ်အဆင့်ဆင့် ကျင်းပသွားရန် ပြည်နယ်/တိုင်းအဆင့် ၁၄ ခုပေါင်းစည်းထားသော ပြည်ထောင်စုအဆင့် အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကော်မတီ UCCPF က ဦးဆောင်လျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts