spot_img
Thursday, April 25, 2024
More
    spot_img
    Homeဆောင်းပါးတူးဆွမိသော ရုပ်ကြွင်းအပိုင်းအစများ

    တူးဆွမိသော ရုပ်ကြွင်းအပိုင်းအစများ

    -

    မောင်နောင်မွန်

    ခပ်ပူပူကော်ဖီလေးတစ်ခွက် ဝမ်းဗိုက်ထဲ ဝင်ရောက်သွားသည်နှင့် ခန္ဓာကိုယ်သည် လန်းဆန်းတက်ကြွလာသကဲ့သို့ ထင်မိသည်။ ပျင်းရိလျော့ရဲနေသော လောကကြီးကို ကော်ဖီခါးခါးလေးတစ်ခွက် တိုက်ချင်နေမိသည်။ ထိုအခါမှသာ လန်းဆန်းတက်ကြွသော လောကကြီးကို မြင်နိုင်သည်ဟု ထင်မိသည်။ ထိုအခါတွင် လောကကြီးသည် သမိုင်းပေါင်းများစွာကို ရင်ဖွင့်တော့မည်။ ရင်ခွင်အက်သံများကိုနားဆင်ခွင့်ရမည်။ ထိုအသံများကို ကျွန်တော်တို့ တူးဆွခဲ့ကြသည်။ ပျိုးထောင်ခဲ့ကြသည်။ မေ့ပစ်ခဲ့ကြသည်။ ရှာဖွေမှုများပြုလုပ်ခဲ့ကြသည်။

    ကမ္ဘာကို ကမ္ဘာဟုအသိအမှတ်ပြု ခေါ်ဝေါ်သမုတ်ပြီးနောက် သက်ရှိလူသားတို့သည် မိမိတို့လိုချင်တောင်းတသော အိပ်မက်များကို လေထုထဲသို့ စိတ်ကူးယဉ်အိပ်မက်များ လွှင့်ထုတ်လိုက်ကြသည်။ ထိုအရာများကို လူသားတို့က အသိအမှတ်ပြုမှတ်တမ်းတင်ကာ ဒိုင်ယာရီများ ရေးသားခဲ့ကြသည်။ ပြီးသော် မှတ်တမ်းစာအုပ်များ ပေါ်ထွက်လာသည်။ ကြာလာသောအခါ သမိုင်းမှတ်တမ်းများ ဖြစ်လာသည်။ ကမ္ဘာသည် စကြာဝဠာအဖွဲ့အစည်းတွင် သမိုင်းစဉ်ဆက် ရပ်တည်ခဲ့သော ဂြိုဟ်တလုံး ဖြစ်မည်ထင်သည်။

    အခန်းထဲတွင် ဆယ့်ငါးဗို့အား ဝါကျင့်ကျင့်မီးရောင်သည် အလင်းရောင်မလင်းတလင်းဖြင့် အစွမ်းကုန် ကျေးဇူးပြုနေသည်။ အခန်းလေးသည် ရှစ်ပေပတ်လည်ခန့်သာ ကျယ်ဝန်းသည်။ သာမန်ဘော်ဒါဆောင်ရှိ ကျောင်းသားတစ်ယောက်၏ ဝပ်ကျင်းလေးဖြစ်သည်။ အခန်းလေးထဲတွင် ရှုပ်ပွနေခြင်းသည် ဉာဏ်ကောင်းသူများ၏ ပြယုဂ်တစ်ခုဖြစ်သည်ဆိုသော စကားအတိုင်း အခန်းလေးသည်လည်း အမှိုက်ပုံ အသေးစားလေး တစ်ခုပမာ ဖြစ်နေသည်။ တစ်ခါတစ်ရံ ထိုကဲ့သို့ အစီအစဉ်တကျ မရှိခြင်းကပင် အစီအစဉ်တကျ ဖြစ်ပေါ်ခြင်းဖြစ်သည်ဟု “အဲဘတ်အိုင်းစတိုင်း” ဆိုမိန့်ခဲ့ဖူးသည်ကို အမှတ်ရနေသည်။

    အခန်းလေးထဲရှိ တစ်ခုတည်းရှိသော ပြတင်းပေါက်သည် အမြဲပိတ်ထားသည်။ လေဝင်လေထွက်အတွက် အပေါ်ဘက်တွင် ဖောက်ထားသော လေထွက်ပေါက်များကသာ ကျွန်တော်ကို အသက်ရှုချောင်စေသည်။ ခြံဝင်းကျယ်ကျယ်လေးထဲ သစ်ပင်ပန်းမာလ်များ အစီအရီပေါက်နေသည်။ ထိုအပင်များကြောင့် အောက်စီဂျင်ထွက်လွှင့်မှု ပမာဏများသည်ဟု ထင်သည်။ မည်သည့်အချိန်အခါမှ မဖွင့်သော ပြတင်းပေါက်လေးဘေးတွင် စားပွဲလေးတစ်လုံး နေရာယူထားသည်။ ထိုပေါ်တွင် စာကြည့်မီးအိမ်လေးတစ်ခုနှင့် ဖောင်တိန်ထည့်သော ခွက်လေးတစ်ခုရှိသည်။ တစ်ခန်းလုံးတွင်ရှုပ်ပွနေသလောက် စာကြည့်စားပွဲသည်ကား သပ်ရပ်ခမ်းနားလွန်းသည်။ စားပွဲပေါ်တွင် အစီအရီ စာအုပ်များကိုတွေ့ရသည်။ ထိုပြင်စားပွဲအောက်တွင် ဘာသာရပ်ဆိုင်ရာ စာအုပ်ထူထူကြီးများကိုလည်း တွေ့ရသည်။ စားပွဲပေါ်ရှိ စာအုပ်များကြားတွင် ကျွန်တော် အမြတ်တနိုးထားသော သားရေဖုံးတပ် စာအုပ်လေးတစ်အုပ်ရှိသည်။

    သောင်းပြောင်းထွေလာ ရေးချင်တာရေးထားသော ထိုစာအုပ်လေးသည် ကျွန်တော့်ဘဝ၏ ဖြတ်သန်းမှု ပုံရိပ်များပင် ဖြစ်သည်။ ကျွန်တော့်ဘဝ၏ ကျောက်ဖြစ်ရုပ်ကြွင်း အပိုင်းအစလေးဖြစ်သည်။ အဖြစ်အပျက်များကို တစ်ခါတစ်ရံ ဒေါင်လိုက်၊ တစ်ခါတစ်ရံ အလျားလိုက်၊ အချို့မှာအစဉ်လိုက် စိတ်ခံစားချက်အမျိုးမျိုး ဖော်ပြနေသကဲ့သို့ပင်။ အချို့အကြောင်းအရာများမှာ အစီအစဉ်မကျ ရေးသီထားသော စာရွက်များစုစည်းထားသော စာအုပ်လေးဖြစ်သည်။ ကျွန်တော်ဖြတ်သန်းခဲ့သော နေ့စဉ်အဖြစ်အပျက်များအကြောင်း ပစ္စုပ္ပန်တွင်ရေးဖွဲ့နေသည်မှာ အနာဂတ်အတွက် ပြင်ဆင်ခြင်းဟု ကျွန်တော် မှတ်ယူထားသည်။ ကျွန်တော်ဖတ်ခဲ့ဖူးသော “ဆရာနေမျိုး” ၏ “အက်ဆေးလေး”တစ်ပုဒ်တွင် “ဆရာ့အဖေရဲ့ ဒိုင်ယာရီစာအုပ်ထဲမှ ဆရာ့၏အမေအကြောင်း” ကို ဖတ်ခဲ့ရဖူးသည်။ ကဗျာဆရာ”ဖော်ဝေး”၏ “ဖော်ဝေး ဒိုင်ယာရီ” ထဲတွင် ချစ်သောမိန်းကလေးများအကြောင်းကို ဖတ်ခဲ့ရဖူးသည်။ ကျွန်တော်၏ တစ်နေ့တာအဆုံး၌ ဖြစ်ပျက်သမျှအကြောင်း ရေးသားထားသော စာအုပ်လေးသည် တစ်ချိန်တွင် ကျွန်တော့်မျိုးဆက်များ ဖတ်မိသော် ကျွန်တော်၏ ဘဝဖြတ်သန်းမှုကို ပုံဖော်နိုင်မည်ဟု တွေးထင်မိသည်။

    နေ့စဉ်မှတ်တမ်း အတော်များများကို ကျွန်တော်ဖတ်ဖူးသည်။ ဆရာကြီး”သိပ္ပံမောင်ဝ”၏ “နေ့စဉ်မှတ်တမ်းများ” သည် နာမည်ကြီးသည်။ ဆရာကြီးသည် ကျောင်းသားဘဝမှစ၍ နေ့စဉ်မှတ်တမ်းရေးသည်ဟု ဆိုကြသည်။ “အောက်စဖိုစ့်သွားမှတ်တမ်း” “စစ်အတွင်းနေ့စဉ်မှတ်တမ်း”များသည် ဆရာကြီး၏ နေ့စဉ်မှတ်တမ်းမှ မွေးဖွားလာသော စာအုပ်များဖြစ်သည်။ ဆရာကြီးသည် အသက်မဆုံးပါးမီ ညအထိ နေ့စဉ်မှတ်တမ်းရေးနေသည်ဟု ဆိုကြသည်။ ထိုကြောင့်ဖြစ်မည်။ ဆရာကြီး၏ စကားပြေအရေးအသားက ပြတ်သားသည်။ နေ့စဉ်မှတ်တမ်းကို အခြေပြုသောကြောင့် တိကျသည်။ ထို့အပြင် “ကင်းဝန်မင်းကြီး” သည်လည်းသူ၏ “ဥရောပသံတမန်ခရီးစဉ်များ”အကြောင်း မှတ်တမ်းထိုးထားသည်ကို ဖတ်ခဲ့ဖူးသည်။ ဆရာကြီး”ရွှေဥဒေါင်း”၏ “ဘဝတသက်စာမှတ်တမ်းများ”၊ “အာရင်ဘတ်ရဲ့လူများ၊ ဘဝများ၊ သက္ကရာဇ်များ” စသည့်တို့ကိုဖတ်ဖူးသည်။

    ထို့နောက် လူအများ၊ စာရေးဆရာများစွာသည် ခရီးသွားမှတ်တမ်းများ၊ အတွေ့အကြုံများကိုရေးသားကြသည်။ ဖတ်ခဲ့ဖူးသောခရီးသွားမှတ်တမ်းတွင် “ဖာယီဟန်”၏ ခရီးသွားမှတ်တမ်းသည် ရှေးအကျဆုံးဖြစ်သည်ဟု ဆိုကြသည်။ အတွေ့အကြုံမှတ်တမ်းတွင် ဆရာမ “မသီတာ(စမ်းချောင်း)” ၏ “စမ်းချောင်း၊ အင်းစိန်နှင့် ဟားဗက်စ်” သည် အကြိုက်ဆုံး ထောင်တွင်းအတွေ့အကြုံ စာအုပ်ဖြစ်သည်။ (ကျွန်တော်၏ တစ်ဦးတည်းသော ပုဂ္ဂလိက ခံစားမှုဖြစ်သည်။) ထိုမှတ်တမ်းများသည် ကျွန်တော်တို့အတွက် ရုပ်ကြွင်းအပိုင်းအစများသာ ဖြစ်သည်။ ထို့အတူ စာအုပ်များစွာ မှတ်တမ်းများသည် လူသားတို့အတွက်၊ ကျွန်တော်တို့အတွက် အဖိုးမဖြတ်နိုင်သော “ကျောက်ဖြစ်ရုပ်ကြွင်းကြီး” ဖြစ်သည်။ ကျွန်တော်တို့တူးဆွရန်သာလိုသည်။ ထိုအခါတွင် ပြောင်မြောက်သော သမိုင်းတစ်ခုကို ပုံဖော်နိုင်မည်ဖြစ်သည်။

    လူသားတို့သည် ဘာသာဗေဒတစ်ခုကိုတီထွင်ခဲ့ပြီးနောက် မှတ်တမ်းမှတ်ရာများ တင်ကျန်စေရန်အတွက် မိမိတို့၏ သမိုင်းကြောင်းကို မှတ်တမ်းတင်ကြသည်ဟု သိခဲ့ဖူးသည်။ ဂူအောင်းလူသား ကျောက်ခေတ်တွင်ပင် မိမိတို့လုပ်ဆောင်နိုင်ပုံ၊ အင်အားကြီးမားပုံကို ဂူနံရံပေါ်တွင် အရုပ်များရေးဆွဲခဲ့ကြသည်ကို ကျောင်းသားဘဝ “ပြဒါးလင်းဂူခရီးစဉ်” တွင် လေ့လာခဲ့ဖူးသည်။ အဆင့်ဆင့် တိုးတက်လာသော အချိန်ကာလများတွင် ပုံစံမျိုးစုံဖြင့် မိမိတို့၏ ပစ္စက္ခအခြေအနေများကို မှတ်တမ်းတင်ကြသည်။ နိုင်းမြစ်ဝမ်းမှ ယဉ်ကျေးမှုများ၊ ပိရမစ်ကြီးများ၊ ရောမအင်ပါယာကြီးများ၊ အေသင်နဲ့စပါတာကပ်စ်တို့၏မှတ်တမ်းများသည် ထိုအတိုင်းသာဖြစ်သည်။

    ရှေးအခါက နန်းတွင်းများတွင် မိမိတို့ပြုလုပ်သော မှတ်တမ်းများကို နေ့စဉ်ရေးသား ထိန်းသိမ်းသော မော်ကွန်းထိန်းများ ရှိသည်ဟုဆိုသည်။ ထိုအခြေအနေများတွင် သမိုင်းရေးသူများမှာ မိမိတို့ ကိုးကွယ်မှုပြုနေသော အားသာသောအရာများကို ပိုပိုသာသာရေးဖွဲ့ကြသည်။ စစ်နိုင်သူုများ ရေးသောသမိုင်းသည် စစ်နိုင်သူတို့၏အောင်ပွဲခံပုံကိုထင်ထင်ရှားရှား ရေးသားကြသည်။ စစ်ရှုံးသူများ ရေးသောသမိုင်းတွင် မိမိတို့မတရားဖိနှိပ်ခံရပုံများကို ဖွဲ့ဖွဲ့နွှဲ့နွှဲ့ ရေးဖွဲ့ကြသည်။ ထို့သို့သော သာဓကများသည် ဒုးနှင့်ဒေးပင်။ မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် မိမိတို့၏ ဘက်တော်သားသမိုင်းများကို အကျယ်တဝင့် ဖော်ပြကြသည်။

    ကျွန်တော်တို့ရွာလေး၏ အလယ်တွင် ရှေးဟောင်းအုတ်ဂူများ အစီအရီရှိသည်။ ထိုအုတ်ဂူများသည် ရွာသမိုင်းရှိ သိက္ခာတော်ကြီးမြင့်သော ဆရာတော်ကြီးများနှင့် ကျေးရွာကို စဉ်ဆက်မပြတ်တိုးတက်အောင် ပြုလုပ်ခဲ့သော လူကြီးများ၏ အုတ်ဂူများဟု သိရသည်။ ရွာ၏အမွေအနှစ်၊ ရွာ၏ထိန်းသိမ်းရမည့် ပြယုဂ်ဖြစ်သည်။ ယခင်က ထိုအုတ်ဂူဘေးပတ်ဝန်းကျင်တွင် ရွာ၏ မူလတန်းကျောင်းရှိသည်။ နောက်ပိုင်း မူလတန်းကျောင်းကို ရွာထိပ်သို့ပြောင်းရွှေ့သွားခဲ့သည်။ အုတ်ဂူလေးများကိုမူ တချို့တစ်လေမှာ ယခင်ကထုံးဖြူဖြူသုတ်ကြသည်။ ယခုမှာမူ ထိုအုတ်ဂူလေးများကိုဖယ်ကာ မူကြိုကျောင်းအသစ်လေးကို ဆောက်နေကြသည်။ ရွာသမိုင်းကိုမေ့ပျောက်ကြသည်ဟုထင်မိသည်။ ဒုတိယကမ္ဘာစစ်အတွင်း တော်လှန်ခဲ့သော ရွာမှအညတရသူရဲကောင်းတို့၏ အုတ်ဂူတွေပါသည်။ ရွာ၏သမိုင်းကြောင်းပါသည်။ ရွာ၏ရုပ်ကြွင်းအပိုင်းအစများပါသည်။ ထိုအပိုင်းအစများသည် ယခုဖြစ်တည်နေသော ရွာလေး၏မိခင်ဆိုသသည်ကို သိပုံမရချေ။ တန်ဖိုးမထားတတ်ပေ။ ထားရကောင်းမှန်း မသိသည်လည်း ပါမည် ထင်ပါသည်။

    ကျွန်တော့်ဒိုင်ယာရီလေးထဲတွင် ကျွန်တော့်၏ နေ့စဉ်ဘဝအကြောင်း ပါသည်။ ကျွန်တော်ဖတ်ခဲ့ဖူးသော စာအုပ်များအကြောင်း ပါသည်။ နေ့စဉ်ကြုံတွေ့ရသော အဆိုးအကောင်း၊ ဝမ်းသာဝမ်းနည်းသောအကြောင်းများ၊ တက်လိုက်မြင့်လိုက်ဖြစ်နေသောအကြောင်းများပါသည်။ တစ်ခါတစ်ရံ ပေါ့ဆိမ့်ကျကျတစ်ခွက်အကြောင်း။ တစ်ခါတစ်ရံ မှုန်ဝေဝေအခိုးအငွေ့များ နှင့် စီးကရက်တစ်လိပ်အကြောင်း။ တစ်ခါတစ်ရံ အိမ်ကိုလွမ်းသော အိမ်ဝေးသာများအကြောင်း။ တစ်ခါတစ်ရံ လွှင့်ထွက်သွားသော မျှော်လင့်ချက်များပါသည်။ သက္ကရာဇ် အတိအကျ တပ်ထားသော ဒိုင်ယာရီလေးတွင် မင်သားစိုစိုတို့သည်ကာ ကူးခတ်လာသော အိပ်မက်များအတွက် ရုပ်ကြွင်းအပိုင်းအစလေးများ ဖြစ်နေတတ်သည်။ ထိုအပိုင်းအစများသည် နောင်တစ်ချိန် ရုပ်ကြွင်းကြီးတစ်ခုလည်း ဖြစ်နိုင်သည်။ သစ္စာဖောက်တတ်သော မိန်းကလေးတစ်ယောက်အကြောင်း၊ မျှော်လင့်ချက်မဲ့သော အဖြစ်အပျက်များအကြောင်းကို ဖတ်မိနိုင်သည်။

    “အဖုံးနှစ်ခုကြားတွင် ကမ္ဘာကြီးတစ်ခုရှိသည်” ဟူသောစကားကို ကြားဖူးသည်။ ထိုအရာများသည် ထူးဆန်း အံ့သြဖွယ်ရာအတိ ဖြစ်သည်။ စာအုပ်ထဲတွင် ဘဝမျိုးစုံကို တွေ့နိုင်သည်။ ခံစားမှုမျိုးစုံကိုတွေ့နိုင်သည်။ နေရာမျိုးစုံကိုရောက်နိုင်သည်။ လိပ်ပြာတစ်ကောင်၏ တောင်ပံခတ်သံမှသည် စကြာဝဠာတစ်လုံး ပေါက်ကွဲသံကို ကြားရနိုင်သည်။ သစ္စာဖောက်တို့၏ အပြောနှင့်အလုပ်မညီသော အကြောင်းအရာများကို တွေ့နိုင်သည်။ ကောက်ကျစ်ယုတ်မာမှုကိုတွေ့နိုင်သည်။ ထိုအရာများသည် စာအုပ်စာတန်းများ၏ ထူးခြားချက်ဖြစ်သည်။

    ကျွန်တော်၏ ဒိုင်ယာရီလေးထဲတွင် အစီအစဉ်မကျသော ကျွန်တော့်ဘဝ၏သက္ကရာဇ် စက္ကန့်အပိုင်းအစများကို တွေ့နိုင်သည်။ ကျွန်တော့်ငယ်ဘဝကိုတွေ့နိုင်မည်။ ထိုအရာများသည် ကျွန်တော့် ဘဝတသက်တာ တူးဆွခဲ့ရသော ရုပ်ကြွင်းအပိုင်းအစများ ဖြစ်သည်။ ထိုရုပ်ကြွင်းများသည် တစ်ခါတရံ ကြီးကျယ်ခမ်းနားသော ပန်းပုရုပ်ထု ဖြစ်နိုင်ပါသည် မဟုတ်လော။ အခန်းလေးမှ မီးလုံးလေးသည် ဝါကျင့်ကျင့်အလင်းရောင် ပေးဆဲဖြစ်သည်။ ရှုပ်ပွနေသောအခန်းလေးကို တစ်နေ့တစ်ချိန်ချိန်တွင် ရှင်းလင်းရန် စဉ်းစားမိသည်။ ယနေ့၏အိပ်ယာဝင်ချိန်သည်နီးလာပြီ။ ဘေးချင်းကပ်အဆောင်မှ ကျောင်းသားများမှ “လေးဖြူ” ၏ “ဒိုင်ယာရီ” သီချင်းကို ဂစ်တာဖြင့်တီးသံကို ကြားနေရသည်။ နိစ္စဓူဝအလုပ်ဖြစ်သော သားရေဖုံးနှင့်စာအုပ်ကို ဖွင့်လိုက်သည်။

    နေ့စွဲ(၂၉.၂.၂၀၁၆)။ လေးနှစ်မှတစ်ခါ ကျရောက်သော နေ့မို့ထင်သည်။ ပုံမှန်အတိုင်းနေဝင်နေထွက်တွင် ဆောင်းနှင်းသည် ပိုအေးသည်ဟုထင်မိသည်။ စာဖတ်မည်ဟုတွေးထားကာ ကျောင်းစာကြည့်တိုက်မှ ငှားလာသော “အက်လက်စ ဟဲလေ (Alex Hely)”၏ “The Roots” စာအုပ်သည် နေရာမယွင်း၊ ပုံမယွင်းသေးပေ။ ပုံစံခွက်အတိုင်း ဖြတ်သန်းရမည့် နေ့လေးတစ်နေ့ပင်ဖြစ်သည်။ နောက်လေးနှစ်အတွက် အမှတ်တရဖြစ်စေရန် “ဖေ့ဘုတ်(facebook)”တွင် ပုံတစ်ပုံတင်ခဲ့သည်။ ကျန်တာဘာမှ ထွထွေထူးထူး မလုပ်ဖြစ်ပေ။ ရောက်တက်ရာရာအများကြီးတွေးမိသည်။ “အဲလက်စ ဟယ်လေ”၏ စာအုပ်တစက်မှ မဖတ်ရသေး။ သို့သော် “ရိုမီယိုနှင့်ဂျူးလိယက်” ရုပ်ရှင်ကား ပြန်ကြည့်မိသည်။ သို့သော် သူတို့လိုချစ်ခြင်းထက် စိတ္တဇဆန်သော “ဂျိုကာနှင့်ဟာလေကွင်း” တို့၏ ချစ်ခြင်းကိုသာ ကျွန်တော် ပိုနှစ်သက်နေမိသည်။
    ည ၁၁ နာရီ ၄၅ မိနစ်။ ။

    မှတ်ချက်။ ။ Eleven Media Group မှ 2 JUNE 2018 ဆောင်းပါးကို စာရေးသူ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,700SubscribersSubscribe
    spot_img

    Latest posts