spot_img
Friday, May 17, 2024
More
    spot_img
    Homeဆောင်းပါးသွေးလောကသံသရာ

    သွေးလောကသံသရာ

    -

    ကမ်လူဝေး

    “ဆရာ သွေးလှူရှင်က မစောင့်နိုင်တော့ဘူး။ ပြန်မယ်လို့ပြောနေတယ်လို့ ဓာတ်ခွဲခန်းက လှမ်းဖုန်းဆက်နေတယ်။”

    ခွဲစိတ်ခန်းတံခါးကိုဖွင့်၍ ဝင်လာသော ခွဲခန်းအကူသူနာပြုက ပြောသည်။ လူနာ၏ ဝမ်းဗိုက်အတွင်းမှ ကင်ဆာအနာလုံးဖြစ်နေသော အစာအိမ်အား ကြိုးစား၍ဖြတ်ထုတ်နေသော ခွဲစိတ်ဆရာဝန်သည် လုပ်လက်စကိုရပ်၍ “ခဏလောက်တော့ ထပ်စောင့်ဖို့ တောင်းပန်ထားလိုက်ပါဦး” ဟု ပြောသည်။

    “နှင်းဆီဖြူ” အထူးကုဆေးရုံကြီးသည် ပုဂ္ဂလိက ဆေးရုံတစ်ရုံဖြစ်သည်။ ခွဲစိတ်ဆရာဝန်သည် သူ၏လူနာများအား နှင်းဆီဖြူဆေးရုံတွင် ခွဲစိတ်ကုသပေးလေ့ရှိပါသည်။ “သွေးသည်အသက်” ဟုဆိုသည့်အတိုင်း လူနာများအား ကုသမှုပေးနေသော နှင်းဆီဖြူဆေးရုံတွင် တစ်ခါတစ်ရံ သွေးသွင်းကုသဖို့လိုအပ်သော လူနာများ ကြုံတွေ့ရတတ်ပါသည်။

    နှင်းဆီဖြူဆေးရုံသည် ပုဂ္ဂလိကပိုင်ဆေးရုံဖြစ်သောကြောင့် သွေးများကို သိမ်းဆည်းသိုလှောင်ထားနိုင်သော “သွေးလှူဘဏ်” မရှိပါ။ အရေးပေါ်သွေးလိုအပ်မှသာ လိုအပ်သော သွေးအမျိုးအစားကို လှူပေးနိုင်မည့်သူကိုရှာခေါ်ပြီး သွေးကိုထုတ်ယူကာ လူနာအတွက် သွင်းပေးရသော စနစ်ဖြင့် လည်ပတ်နေရခြင်း ဖြစ်ပါသည်။ ယခင်ကာလများက စားဝတ်နေရေးအတွက် အကြောင်းပြု၍ သွေးလှူပြီးပိုက်ဆံယူသော တစ်နည်းအားဖြင့် “သွေးရောင်းစားသူများ” ရှိခဲ့ပါသည်။ ထိုသူများမှာ ထိုက်သင့်သော အခကြေးငွေရသဖြင့် ဆေးရုံတွင် လူနာလိုအပ်သည့်အချိန် သွေးထုတ်ပေးနိုင်ရန် စောင့်ဆိုင်းခိုင်းပါက ကျေနပ်စွာ စောင့်ဆိုင်းပေးတတ်ကြပါသည်။

    တကယ်တော့ ဆေးရုံတွင် လူနာများအတွက် သွေးလိုအပ်မှုမှာ ပုံစံနှစ်မျိုး ဖြစ်တတ်ပါသည်။ “ပထမ” တစ်မျိုးမှာ သွေးအရေးပေါ်လိုအပ်သည်။ “သွေးရှာသည်။သွေးရလျှင် လူနာကိုသွင်းပေးမည်” ဟူသောအခြေအနေ ဖြစ်ပါသည်။ ဤအခြေအနေမျိုးသည် များသောအားဖြင့် ပြေလည်တတ်ပြီး ပြဿနာဖြစ်လေ့မရှိတတ်။ “ဒုတိယ”တစ်မျိုးမှာတော့ ထိုသို့မဟုတ်ပါ။ သွေးသည် လက်ရှိအခြေအနေတွင် မလိုအပ်သေးပါ။ သို့သော် အရေးပေါ် လိုကောင်းလိုလာနိုင်သည့် အခြေအနေ ဖြစ်ပါသည်။ ဤအခြေအနေမျိုးကတော့ ပြသနာပေါ်တတ်ပါသည်။ နားလည်မှုအားနည်းခြင်း၊ တန်ဖိုးထားမှုမတူညီခြင်းတို့သည် ပြဿနာများကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်ရပါတော့သည်။

    သွေးလှူဘဏ်ရှိသော နိုင်ငံတော်ပိုင်ဆေးရုံများတွင် ဖော်ပြပါအခြေအနေနှစ်မျိုးလုံး ပြဿနာမရှိသော်လည်း သွေးလှူဘဏ်မရှိသော နိုင်ငံပိုင်ဆေးရုံငယ်လေးများနှင့် ပုဂ္ဂလိကပိုင်ဆေးရုံများတွင် ဖြေရှင်းစရာပြသနာများ ရှိလာပါတော့သည်။ လက်ရှိကာလတွင် သွေးလှုရှင်အသင်းများ၊ ပရဟိတအဖွဲ့များ ဖွဲ့စည်းပေါ်ပေါက်လာကြပြီဖြစ်၍ သွေးလိုအပ်ပါက ထိုအဖွဲ့အစည်းများကို ဆက်သွယ်လိုက်လျှင် စေတနာဖြင့် သွေးလှူတန်းမည့်သူများကို ခေါ်ယူရရရှိနိုင်ပြီဖြစ်သည်။

    ဤနေရာတွင် သွေးအရေးပေါ် ချက်ခြင်းလိုအပ်နေသော အခြေအနေဖြစ်ပါက ပရဟိတအဖွဲ့အားသွေးလိုကြောင်း အကြောင်းကြားမည်။ ပရဟိတအဖွဲ့မှ သွေးလှူမည့် အလှူရှင်ရောက်လာမည်။ သူ၏သွေးကို ဆေးရုံမှ ထုတ်ယူလိုက်သည်။ လိုအပ်သောလူနာကို သွင်းပေးသည်။ ပြသနာသိပ်မရှိလှပါ။ ထိုသို့သော အခြေအနေမဟုတ်ပဲ လူနာတစ်ယောက်သည် အရေးပေါ် သွေးလိုနိုင်သော အခြေအနေရှိသည်။ သွေးမှာ လောလောဆယ် သွင်းဖို့ မလိုအပ်သေး။ လိုသည်နှင့် ချက်ခြင်းထုတ်ယူ၍ သွင်းပေးနိုင်ရန် သွေးလှူရှင်အား ဆေးရုံတွင် ခေါ်၍စောင့်ခိုင်းထားရတတ်သည်။

    လူနာတစ်ယောက်အား ခွဲစိတ်ခန်းတွင် ဝင်၍ခွဲနေစဉ် တစ်ခါတစ်ရံ သွေးသွင်းရန်လိုအပ်တတ်ပြီး၊ တစ်ခါတစ်ရံ သွေးသွင်းရန် မလိုအပ်တတ်ပါ။ ထိုအခြေအနေတွင် သွေးလိုပါက ရနိုင်အောင် သွေးလှူရှင်ကို အဆင်သင့် ဆေးရုံတွင် စောင့်ခိုင်းရပါတော့သည်။ ထိုအခါ ပြသနာပေါ်တတ်ပါသည်။ ဆေးရုံက သွေးလိုနိုင်သောကြောင့် သွေးလှူရှင်ကိုခေါ်ထားသည်။ သွေးမှာလတ်တလော မလို၍မထုတ်သေး။ သွေးလှူရှင်ပရဟိတ ပုဂ္ဂိုလ်မှာလည်း သူလိုစေတနာနှင့်လာလှူသူကို ဆေးရုံက အရေးမထား ဦးစားမပေး ချက်ခြင်းသွေးထုတ်မယူပဲ လူပါးဝပြီးစောင့်ခိုင်းထားသည်ဟု ထင်လေသည်။ ပြဿနာကစပါတော့သည်။

    “ဆရာ သွေးလှူရှင်က မစောင့်တော့ဘူး ပြန်သွားပြီ။ အယ်! ဒီမှာခွဲလို့မပြီးသေးဘူးလေ။ သွေးကလိုနိုင်တယ်။ သွေးမရှိပဲ ခွဲလို့ဘယ်ဖြစ်မလဲ။ မတတ်နိုင်ဘူး အစာအိမ်တစ်ခြမ်း ထုတ်နေတာ သွေးမရှိလို့မဖြစ်ဘူး။ သွေးကိုထုတ်ယူလိုက်တော့။ ဟုတ်ကဲ့” ဟု ဆို၍ ဓာတ်ခွဲခန်းကို ဖုန်းဆက်ရန် ခွဲခန်းသူနာပြု ထွက်သွားလေသည်။

    “ဓာတ်ခွဲခန်းက ဖုန်းဆက်တယ်ဆရာ။ သွေးလှူရှင်ကိုဆက်သွယ်ပြီးပြီ။ သွေးလှူရှင်က သွေးလှူဖို့ ဆန္ဒမရှိတော့ဘူးတဲ့ သွေးလာလှူမပေးနိုင်တော့ဘူးလို့ပြောတယ်။”

    “သူက လာမလှူဘူးပြောတော့ လူနာက ပိုက်ဆံ အကုန်ခံပြီး သူ့သွေးတွေကို စစ်ပေးထားတာ အလကားဖြစ်ကုန်ပြီပေါ့။ နောက်တယောက်ကို ထပ်စစ်ရင် နောက်တခါ ထပ်ကုန်မှာပေါ့။ လူနာကိုကူညီဖို့လာတာနဲမတူပဲ ဒုက္ခပေးဖို့လာသလိုဖြစ်နေပြီ။ နောက်ထပ်လှူနိုင်မည့်သူ ထပ်ရှာပြီး သွေးတွေပြန်စစ်ထားတော့။ လူနာရှင်ကိုလည်း ဖြစ်နေတဲ့ ပြသနာကိုရှင်းပြထားလိုက်ဦး။ သူတို့က ပရဟိတဆိုတော့လည်း ငါတို့ကဘာပြောလို့ရမှာလဲ။”

    မောမောနှင့် ခွဲခန်းထဲမှထွက်လာသော ခွဲစိတ်ဆရာဝန်ကို ခွဲခန်းအဝမှာ လက်ထောက်ဆရာဝန်မှစောင့်နေသည်။

    “ဆရာ အခန်း(၃၀၁)အတွက်သွေးက ပြသနာတက်နေပြန်ပြီ။”

    “သွေးလှူရှင် ရှာလို့မရလို့လား။ လူနာက သွေးအန် သွေးဝမ်းသွားနေတာဆိုတော့ဘာပဲဖြစ်ဖြစ် သွေးမြန်မြန်ရမှ ကောင်းမှာ။”

    “သွေးကတော့ လှူမယ့်သူရှိတယ်ဆရာ။”

    “လှူမယ့်သူရှိရင် ဖောက်ပြီးသွင်းလိုက်တော့လေ။ ဘာပြဿနာရှိလို့လဲ။”

    “ပြဿနာက လူနာရှင်တွေက သွေးလာလှူတဲ့သွေးလှူရှင်ကို ကြည့်ပြီး လက်မခံတာ။”

    “ဘာဖြစ်လို့လဲ။ သွေးလှူရှင်က ပိုက်ဆံတောင်းလို့လား။”

    “ပိုက်ဆံမတောင်းပါဘူး။ ပရဟိတ အခမဲ့မေတ္တာနဲ့လာလှူတာပါ။ လူနာရှင်တွေကတော့ ပိုက်ဆံဘယ်လောက်ကုန်ကုန် သူတို့လူနာအတွက် သွေးထပ်ရှာပေးပါတဲ့။ အသားမဲတဲ့သူရဲ့သွေးကိုတော့ သူတို့ လူနာကိုယ်ထဲ အသွင်းမခံနိုင်ဘူးတဲ့။ သူတို့နဲ့ လူမျိုးတူတဲ့သူရဲ့သွေးကိုပဲ ရှာပေးပါတဲ့။ ဘယ်လိုမှ ပြောလို့မရဘူး။”

    “သွေးလာလှူတဲ့ သွေးလှူရှင်လည်း မျက်နှာမကောင်းလှဘူး။ ပြန်သွားပြီ။ မဖြစ်မနေ လိုအပ်ရင်တော့ ပြန်ခေါ်လိုက်ပါလို့ ပြောပြီးပြန်သွားတယ်။”

    “ဟာ ဒုက္ခပါပဲကွာ။ သူ့လူနာက သွေးအရေးပေါ် လိုနေတာကွ။ သွေးဆိုတဲ့ပစ္စည်းက ဟင်းရွက်ကန်စွန်းလို တွေ့ရာနေရာက ဝယ်လို့ရတဲ့ ပစ္စည်းလဲမဟုတ်။ အသားမဲလို့ သွေးကမဲနေတာလဲမဟုတ်။ သွေးလှူဘဏ်က ထုတ်ယူရတဲ့သွေးဆိုရင် သွေးလာလှူထားတဲ့မောင်ဖြူက အသားဖြူလားမဲလား သိနိုင်တာမှမဟုတ်တာ။ ပြောပြလိုက်ကွာ။ သွေးကအရေးပေါ်လိုနေတာ အခုလိုမျိုး ဟိုလူ့သွေးမသွင်းခံနိုင်ဘူး။ ဒီလူ့သွေးမသွင်းခံနိုင်ဘူးလုပ်နေရင် အသက် အန္တရာယ်ရှိတယ်။ သွေးရမှာမဟုတ်ဘူး။ ပိုက်ဆံထက် အရေးကြီးတာ သွေးရဖို့ပဲ။ အဲဒီလိုဆို သွေးရနိုင်မယ့် ပြည်သူ့ဆေးရုံကြီးကိုရွေ့မှရမယ်လို့ ပြောလိုက်။”

    သွေးသံရဲရဲ လူနာများကိုခွဲနေသရွေ့၊ သွေးသံရဲရဲလူနာများကို ကုနေသရွေ့၊ သွေးလိုအပ်သူလူနာ၊ သွေးလှူရှင်ပရဟိတအဖွဲ့၊ ဓာတ်ခွဲခန်း၊ နားမလည်မှုများ၊ စနစ်အလွဲများ စသည့် “သွေးလောကသံသရာထဲ” မှ ထွက်လို့ရနိုင်မည့် လမ်းမမြင်ဟု ခွဲစိတ်ဆရာဝန် တွေးရင်း သက်ပြင်းရှိုက်မိသည်။ ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,600SubscribersSubscribe
    spot_img

    Latest posts