Homeသတင်းငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေးများဆိုင်းငံ့ပြီး အလွတ်သဘောဆွေးနွေးမှုမှတဆင့် ဆက်လက်အဖြေရှာမည်ဟု KNU ဆုံးဖြတ်

ငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေးများဆိုင်းငံ့ပြီး အလွတ်သဘောဆွေးနွေးမှုမှတဆင့် ဆက်လက်အဖြေရှာမည်ဟု KNU ဆုံးဖြတ်

-

မွန်သတင်းအေဂျင်စီ(နိုဝင်ဘာ ၁၁)။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများတွင် ပါဝင်မှုအား ယာယီဆိုင်းငံ့ထားပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းမှတဆင့် ဆွေးနွေးအဖြေရှာသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၀ ရက်နေ့က (၆) ကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပအပြီး ကရင့်အမျိုးသားအစည်းအရုံး KNU က ကြေညာချက်ထုတ်ပြန်လိုက်သည်။

KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက “ဒီနေ့ လက်ရှိကျနော်တို့သွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ မူလသွားနေတဲ့လမ်းကြောင်းကနေ တိမ်းစောင်းနေတယ်လို့ KNU ဗဟိုကော်မတီဝင်တွေက သုံးသပ်ပါတယ်၊ တဖက်မှာလည်း NCA ကို လိုသလိုအဓိပ္ပါယ်ဖွင့်ဆိုပြီးတော့ အသုံးချနေတယ်လို့လည်း ကျနော်တို့ပြောလို့ရပါတယ်၊ အဲဒီအခြေခံတွေကြောင့် NCA က လိုသလိုခရီးမပေါက်ဘဲနဲ့ အကောင်အထည်ဖော်နေရသလို ဖြစ်တယ်” ဟု ဆိုသည်။

Caption- KNU ထုတ်ပြန်ကြေညာချက်(Copy)

NCA ၏အဓိကအခြေခံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကိုဦးတည်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော နိုင်ငံထူထောင်ရေးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြုပြင်ပြောင်းလဲလိုသော နိုင်ငံရေးဆန္ဒ(Political Will) အားလုံးတွင် ရှိရန်လိုအပ်ကြောင်း သူကထောက်ပြသည်။

“ဥပမာ NCA frameWork ထဲမှာဆိုရင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပမယ်ဆိုပြီးတော့ ကျနော်တို့ လက်ခံထားကြတာ ရှိပါတယ်၊ ဒါပေမယ့် အမှန်တကယ်ကျတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို နားလည်တဲ့ပုံစံက ကျနော်တို့ Stakeholder တွေကြားမှာ မတူညီကြပါဘူး၊ အဲဒါကြောင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပတဲ့နေရာမှာလည်း လုပ်လို့ရတဲ့နေရာ လုပ်လို့ရတယ်၊ အချို့နေရာလုပ်လို့မရဘူး စသည်ဖြင့် ကျနော်တို့မှာ အဲဒီအခက်အခဲတွေ ကြုံနေရတယ်” ဟု ပဒိုစောတာဒိုမူးက ဆက်ပြောသည်။

ထို့ကြောင့် KNU သည် NCA သဘောတူစာချုပ်ပါအတိုင်း တစ်ခုတည်းသောအဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်နှင့်အညီ တည်ဆောက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် အဖွဲ့အစည်း၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်မှုတွင် အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်မှုဖြစ်ရန်အတွက် အဖွဲ့အစည်းတစ်ခုလုံး၏ တညီတညွတ်တည်းပါဝင်ရန် လုံလောက်သည့်ကာလတစ်ခုကို ရယူရန်လိုအပ်သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြသည်။

UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက “ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့ အချိန်တခု လိုတယ်။ ဒါတွေအောင်မြင်ဖို့ တရားဝင် ဆွေးနွေးပွဲမှာ ပါဝင်ဖို့ ယာယီရပ်ဆိုင်းထားမယ်၊ အလွတ်သဘော ဆွေးနွေးပွဲတွေကနေ အဖြေရှာပြီး သွားမယ်ပေါ့၊ UPDJC ကလည်း အစိုးရကို အလွတ်သဘောဆွေးနွေးမှုတွေကနေ တရားဝင် ဆွေးနွေးမှုထဲကို ပြန်ပါလာအောင် လုပ်ဖို့ အဆိုပြုသွားဖို့ရှိပါတယ်”ဟု ပြောသည်။

ထို့အတူ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက လတ်တလောကျင်းပမည့် ငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေးများတွင် ပါဝင်တက်ရောက်မှုကို ယာယီဆိုင်းငံ့ထားကြောင်း အောက်တိုဘာ ၂၇ ရက်စွဲဖြင့် စာပေးသားပေးပို့ခဲ့ပြီးနောက် နိုဝင်ဘာ ၆ ရက်နေ့တွင် ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေး စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts