spot_img
Monday, April 15, 2024
More
    spot_img
    Homeဆောင်းပါးအမှောင်နံရံပေါ်က ပိတ်ထားသောတံခါးများ

    အမှောင်နံရံပေါ်က ပိတ်ထားသောတံခါးများ

    -

    ရာမညမင်းငြိမ်းချမ်း

    ကျနော်၏အရွယ်သည် ခြောက်ဆယ်ကျော်တန်း ခုနှစ်ဆယ်ဝန်းကျင်သို့ပင် ချဉ်းနင်းဝင်ရောက်ခဲ့ပြီဖြစ်သည်။ ဘဝ၏တတိယအရွယ်။ လူ့ဘဝ၏ နောက်ဆုံး အပိုင်းအခြားထဲသို့ပင် ဝင်ရောက်လာပြီးဖြစ်သည်။ နေ့စဉ်နှင့်အမျှ ခန္ဓာဇရာထောင်း ယိုယွင်းစပြုလာသည်။ အချို့နေရာများတွင် စိတ်ဆောင်နေသော်လည်း ခန္ဓာကိုယ်က မစွမ်းသာတော့။ အနီးအနား ခရီးတိုလေးများပင် ကျနော် မသွားဖြစ်တော့ပါ။ ကျန်းမာရေးကို ပိုမိုဂရုစိုက်နေရသည်။ အစားအသောက်မှအစ ဆင်ခြင်နေရပြီ။ ကျနော်သိပ်ကြိုက်သည့် စီးကရက်ကိုလည်း ခက်ခက်ခဲခဲ ဖြတ်ခဲ့ရသည်။ မဖြတ်လို့မဖြစ်။ “အသက်ကိုဉာဏ်စောင့်သည်” ဆိုသော စကားပုံရှိသည် မဟုတ်လား။ မကျန်းမမာ ခံစားရချိန်ရောက်မှသာ ကျန်းမာခြင်းတန်ဖိုးကို ကျနော် နားလည်သဘောပေါက် တော့သည်။

    အမှောင်နံရံပေါ် ကျနော် လဲလျောင်းအိပ်စက်ခဲ့ဖူးသည်။ အိပ်မက်တွေကြား ရုန်းကန်ကူးခတ်ခဲ့ဖူးသည်။ သိမြင်ပါလျက်နှင့် ဥပေက္ခာပြုခံခဲ့ရသော အကြောင်းတရားများ။ အမှန်တရား ခါးသက်လှသည်။ တံခါးပိတ်ဝါဒကြား မေ့လျော့ခံ မှောင်မိုက်သောရပ်ဝန်းတစ်ခု။ အသက်ငင်နေသော ခန္ဓာကိုယ်များ။ ဆေးရုံဆီသို့ အချိန်မီတင်ပို့နိုင်ခြင်းမရှိ၍ အရွယ်မတိုင်မီ ကြွေလွင့်ခဲ့ရသောအသက်များ။ ပိတ်ထားသော တံခါးများ၏နောက်ကွယ်၌ အသက်လုရှူနေရသော မွန်းကျပ်နေသည့်ကိုယ်ထည်များကို စိတ်မသက်သာစွာဖြင့် ကျနော် မြင်တွေ့နေရသည်။

    “အာရောဂျံ၊ ပရမံလာဘံ” ကျန်းမာခြင်းသည် လာဘ်တစ်ပါး။ ကျနော် ကျန်းမာရေးတစ်စတစ်စ ယိုယွင်းလာနေသည်။ သေမင်းက ဘယ်အချိန်လာခေါ်မှာလဲ ကျနော်မသိ။ သို့သော် သေရမည်ကို ကျနော်မကြောက်ပါ။ လူတိုင်း တစ်နေ့အားလုံးသေဆုံးကြရမည် မဟုတ်လား။ ဤလမ်းကို မည်သူမျှရှောင်လွှဲမရ။ မျက်လုံးမပိတ်ခင် ကျနော်မြင်တွေ့ချင်သေးသည့် ဖွင့်လှစ်သူကို စောင့်မျှော်နေသောတံခါးချပ်များ။ အမှောင်နံရံပေါ်ကပိတ်ထားသောတံခါးများ။

    အသက်ငယ်ရွယ်စဉ် ပေပေတေတေ နေထိုင်ခဲ့သော ကျနော်။ ထိုဒဏ်တွေနှိပ်စက်စပြုလာသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်မှစ၍ ကျနော့်ခန္ဓာကိုယ်ညာခြမ်း လေဖြန်းသွားသည်။ အတော်ဂရုတစိုက် ကုလိုက်ရသည်။ တစ်သက်လုံး ခြစ်ကုပ်ရှာဖွေထားသမျှ အတော်ပြုန်းခဲ့။ ယနေ့တိုင် ကျန်းမာရေးစစ်ဆေးမှု လစဉ်ဆေးခန်းသို့ သွားရောက်ပြနေရဆဲ။ သောက်ဆေးများ မပြတ်မလပ် သောက်နေရဆဲ။ ပုံမှန်လှုပ်ရှားသွားလာနိုင်သော်လည်း ယခင်ကလို သန်မာခြင်းများမရှိတော့။ လှုပ်လီလှုပ်လဲ့နှင့် သေမည့်အချိန်ကို စောင့်နေရသူပမာ။ ကျနော် မသေချင်သေးပါ။ ကိုယ့်အတွက်ပါမည့် ကောင်းမှုကုသိုလ်များ ကျနော် ပွားများချင်သေးသည်။ ဝေဒနာကိုအန်တု ဆိတ်ငြိမ်းမှုတရားကို ကျနော် ဆက်လက်ရှာဖွေချင်သေးသည်။

    ကျနော် ဖြတ်သန်းလာခဲ့သည့် သံသရာပြေးလမ်းပေါ် မိုင်တိုင်များစွာ ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။ ကျနော့်စိတ်တွင် မတင်မကျဖြစ်နေသည့် အကြောင်းအရာများစွာ ရှိသည်။ တင်းကျပ်နေသည့် ခံစားချက်များ ရင်နှင့်အပြည့်။ ယနေ့တိုင် ပြောင်းလဲနိုင်ခြင်းမရှိသေးသည့် အကြောက်တရားဖြင့် လွှမ်းမိုးထားသောအတ္တများ။ ထိုအကြောင်းအရာများကို ကျနော် ဖွင့်အန်ထုတ်ချင်သည်။ ဤအတိုင်းသာ ကျနော် မီးဇာကုန်ခမ်းသွားလျှင် ဤအကြောင်းအရာလည်း မေ့ပျောက်သွားကြလိမ့်မည်။ “ပျောက်သောသူရှာရင်တွေ့၊ သေသောသူကြာရင်မေ့” ဆိုသည့် စကားပုံရှိသည်မဟုတ်လား။ အချိန်အတိုင်းအတာ တစ်ခုရောက်လျှင် မည်သူမှလည်း အရေးတယူ ပြောဆိုနေကြတော့မည် မဟုတ်ပါ။

    လူဆိုသည့်ကလည်း မိမိအပေါ် စိုက်ဝင်ထိခိုက်မှုမရှိသရွေ့ အိပ်မွေ့ကျနေတတ်သည်။ နိုးတစ်ဝက်အိပ်မက်နှင့် မျက်စိပိတ်ငြင်းဆန်နေတတ်သည်။ ပတ်ဝန်းကျင်ထဲ အငြင်းဝါကျများ ပိုင်စိုးနေရာယူထားသည်။ လေပြေလေညှင်းတွေ တိုက်ခတ်ချိန်ကို စောင့်မျှော်နေမိ။ ဘယ်ဆီမှန်းမသိသည့် အိပ်မက်အသေပေါ် အိပ်မောကျခဲ့ရမှုများ။ ပတ်ဝန်းကျင်ကို ကြည့်ခွင့်မရအောင် အသေပိတ်ထားသောတံခါးများ။ မျက်ကွယ်ပြုခံရသော ရေသေရပ်ဝန်းတစ်ခု။ ပျောက်ဆုံးခဲ့သော ကိုယ်ချင်းစာတရားများ။ ဥပေက္ခာပြုခံနေရသော နှလုံးသားဆုံချက်များ။ ပရဟိတစိတ်ဓါတ် နည်းနည်းလေးမှ မွေးမြူနိုင်ခြင်းမရှိသည့် ကိုယ်ထည်များ။ ခေတ်၏တောင်းဆိုသံတွေ။ တဖြည်းဖြည်း ကွာကျလာသော ဟန်ဆောင်မျက်နှာဖုံးများ။

    ပိတ်ထားသည့်တံခါးချပ်ပေါ် ကျနော်တို့အသက်တွေ စပေါ်တင်ထားခဲ့ရသည်။ အာမခံချက်မရှိသည့် ရှင်သန်မှုအတွက် ကြိုးတန်းပေါ်လမ်းလျှောက်ခဲ့ရသည်။ တချို့မှာ စုံလုံးကန်း အစွန်းတစ်ဖက်သို့ရောက်ခဲ့။ တချို့မှာ ဖာသိဖာသာ သဘောထားကာ အတိတ်မေ့ ယောင်ဆောင်ထားကြသည်။ တချို့မှာ ဒေသတွင်း ပညာရည်နိမ့်ပါးမှုကို အခွင့်ကောင်းယူပြီ ရိုးသားမှုကို အရောင်ဆိုးကြသည်။ သူရဲကောင်းဝါဒကို ဘုရားလိုကိုးကွယ်တတ်ဖို့ အစွန်းရောက်စိတ်ဓါတ်ဖြင့် ပုံမှားရိုက်ခဲ့။ ဟဖြဲထားသော ပါးစပ်ကြီးဖြင့် ရသမျှစုပ်ယူသွားကြ။ အိပ်ကပ်အဖောင်းသားနှင့်အိမ်ပြန်သွားကြ။ ရေသေရပ်ဝန်းတွင် ရှင်သန်နေရသည့် ကျနော်တို့ဘဝမှာ ပကတိအမှောင်ကိုရှူရှိုက်ရင်း ကိုယ့်တရား ကိုယ်တိုင်စီရင်နေရသော ဘဝများပင်ဖြစ်သည်။

    တစ်ကိုယ်ရည်မိသားစုဘဝမှစ၍ ကျနော်တို့ရွာသားများအတွက် အများပြည်သူနည်းတူ ကျန်းမာရေးစောင့်ရှောက်မှု။ ထိုမှတဆင့် ကျနော်တို့နယ်သားများ၏ ကျန်းမာရေးစောင့်ရှောက်မှု။ ကျနော်တို့အတွက် အမှန်တကယ် လိုအပ်နေသည်မှာ ကျန်းမာရေးဌာနများ။ ကျေးလက်ကျန်းမာရေးဌာနခွဲများ။ ဆေးပေးခန်းများ။ တိုက်နယ်ဆေးရုံများပင်ဖြစ်သည်။

    ဆေးရုံဆောက်ခွင့် နိုင်ငံတော်မှ ဘက်ဂျက်ချလာပြီးမှ အခြားတစ်နေရာသို့ ပြန်လည်လွှဲပြောင်းပေးလိုက်ရသည့် အဖြစ်အပျက်များလည်းရှိသည်။ ကာကွယ်ဆေး လာရောက်ထိုးပေးသော ကျန်းမာရေးဝန်ထမ်းများ ထိုးခွင့်မရ၍ ဆေးအိပ်များပြန်သယ်သွားရသည့် အဖြစ်အပျက်များလည်း ရှိခဲ့ဖူးသည်။ ဤအဖြစ်အပျက်များသည် ပိတ်ထားသောတံခါးပေါ်မှ လွဲမှားခဲ့သော ချွတ်ချော်မှုများပင်ဖြစ်သည်။

    အာဏာသည် ပါးစပ်ထဲတွင် ရှိနေပါသလား။ နေရာဒေသတစ်ခုလုံးနှင့် သက်ဆိုင်သော အကြောင်းအရာများကို တားဆီးပိတ်ပင်ခွင့်ရှိသလား။ အရာရာတွင် အာဏာနှင့်ငွေကြေး မလွှမ်းမိုးနိုင်ပါ။ ချစ်ခြင်းမေတ္တာကို အာဏာနှင့် ဖုံးအုပ်၍မရပါ။ ကျန်းမာခြင်းကို ငွေဖြင့်မဝယ်ယူနိုင်ပါ။ ထို့အတူ လူတိုင်းသည် ကျန်းမာစွာဖြင့် အသက်ရှင်သန်ခြင်းသာ အဓိကကျသည်။ နေဝင်ချိန်နီးကပ်သည့်တိုင် ကြိုးတန်းပေါ်မှ နောက်ဆုံးအခြေအနေထိ ဆွဲဆန့်ကြစမြဲပင်။ သေဆုံးကွယ်လွန်သွားသောအခါ ၎င်းနှင့်ဆက်စပ်သမျှ အရာအားလုံး ဆိတ်သုဉ်းသွားစမြဲ။ မြင်ကွင်းမှ ပျောက်ကွယ်သွားသည့်အခါ မေ့လျော့သွားကြသည်။

    လူတိုင်း ရှင်သန်နေချိန်စပ်ကြား အများနည်းတူ လူသားဆန်သည့် အခွင့်အရေးများ ရရှိရမည်ဖြစ်သည်။ မည်သည့်အရပ်ဒေသမဆို သွားလာခွင့်ရှိသည်။ မိမိသက်ဝင်ယုံကြည်သော ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်။ လွတ်လပ်စွာဆေးဝါးကုသခွင့်ရှိသည်။ လွတ်လပ်စွာပညာသင်ကြားခွင့်ရှိသည်။ ဤအရာများသည် လူသားတစ်ယောက်၏ အနိမ့်ဆုံး အခြေခံအခွင့်အရေးများပင် ဖြစ်သည်။ ထိုအခွင့်အရေးများကို လက်နက်အားကိုး၍ ခြိမ်းခြောက်သည်ဖြစ်စေ၊ အာဏာဖြင့် တားဆီးပိတ်ပင်သည်ဖြစ်စေ ယင်းအမှုသည် လူသားတစ်ယောက်၏ အခွင့်အရေးကို ချိုးဖောက်ခြင်းပင်ဖြစ်သည်။ ထိုသူများသည် မိမိအတ္တအတွက် မည်သည့်အရာမဆို ထိုးကျွေးမည့်သူများပင်ဖြစ်သည်။ ပုံသဏ္ဍာန်အားဖြင့် လူဟုဆိုသာသော်လည်း လူစိတ်ကင်းမဲ့နေသော လူ့တိရစ္ဆာန်များဟုသာ ကျနော်သမုတ်မိမည်။

    ကျန်းမာရေး ပြုစုစောင့်ရှောက်ပေးမှုကို တားဆီးပိတ်ပင်သူသည် အောက်တန်းစားစိတ်ဓါတ် ကိန်းအောင်နေသူများဖြစ်သည်။ ထိုသူများအပေါ် မလိုအမုန်းတရား ကျနော့်တွင်မရှိပါ။ သို့သော် သိသိချည်းနှင့် ခံနေသည့်အတွက် အတော်ကသိကအောက်ဖြစ်သည်။ အလကားရသည့်အရာသည် တန်ဖိုးထားခြင်းမရှိကြသည်မှာ ဓမ္မတာပင်။ ရောဂါဝေဒနာစွဲကပ်ချိန်ရောက်မှသာ ကျန်းမာခြင်း၏တန်ဖိုးကို ကျနော်ပိုနားလည်လာသည်။ ကျနော်တို့ အခြေခံအခွင့်အရေးဖြစ်သော လူသားတစ်ယောက်၏ အခွင့်အရေးဖြစ်သည့် လွတ်လပ်စွာဆေးဝါးကုသခွင့်ကို ဆုံးရှုံးနေသလိုပင်။ ဆေးရုံမရှိ။ ကျေးလက်ဆေးပေးခန်းမရှိ။ ဘက်ဂျက်ကျပြန်သော်လည်း အမှောင်နံရံများ တားဆီးပိတ်ပင်ထား၍ ဆောက်လုပ်ခွင့်မပြု။ ပိတ်ထားသောတံခါးများနောက်တွင် ကျနော်တို့ အခွင့်အရေးများ ဆုံးရှုံးနေဆဲပင်ဖြစ်သည်။

    အမှောင်နံရံပေါ် ကျနော် လဲလျောင်းအိပ်စက်ဖူးသည်။ အိပ်မက်အသေကြား ရုန်းကန်ကူးခတ်ဖူးသည်။ ဥပေက္ခာပြုခံလိုက်ရသည့်အမှန်တရားများ။ အသက်ငင်နေသောကိုယ်ထည်များ။ မျက်ကွယ်ပြုခံထားသောရေသေရပ်ဝန်းများ။ ပိတ်ထားသောတံခါးများ၏နောက် ဆုံးရှုံးနေမှန်းမသိသော အခြေခံအခွင့်အရေးများ။ သူရဲကောင်းဝါဒဖြင့် ပိတ်ထားသော တံခါးများနောက်ကွယ်တွင် ကျနော်တို့ ဂျင်းထည့်ခံနေရခြင်းပင် ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,200SubscribersSubscribe
    spot_img

    Latest posts