spot_img
Tuesday, April 16, 2024
More
    spot_img
    Homeသတင်းမယ်ရစ်တိုကရေစီ (Meritocracy)

    မယ်ရစ်တိုကရေစီ (Meritocracy)

    -

    မာန်ဏီ

    နိုင်ငံရေးသမားတွေဟာ ကမ္ဘာပေါ်မှာ အရင့်အရင်ကရော၊ အခုရော အရင်ကရော၊ အခုရော အညံ့ဆုံး၊ သုံးမရဆုံး လူတန်းစားတရပ်ဖြစ်နေတာကတော့ ရယ်စရာဘဲ။

    လူ့ဘဝရဲ့ခြေလှမ်းတိုင်းမှာ ကောင်းမြတ်ခြင်းဆိုတာကို ရှေ့တန်းတင်ထားပေမဲ့ နိုင်ငံရေးမှာတော့ အဲဒီလိုမဟုတ်ဘူး။ နိုင်ငံရေးမှာပဲ ကောင်းမြတ်ခြင်းဆိုတာ တန်ဘိုးမဲ့နေတယ်။

    အမှန်တော့ နိုင်ငံရေးသမားဆိုတာ ဒုက္ခသည်ပဲ၊ အံချော်မှုတွေရဲ့ ဒုက္ခသည် ငမိုက်သားပဲ။

    လူတစ်ယောက်ဟာ ဘာအရည်းအချင်းမှမရှိပေမယ့်လည်း နိုင်ငံရေးအတွက်တော့ အရည်အချင်းမီနေတယ်။ နိုင်ငံရေးကွင်းပြင်ကို ဝင်ချင်တဲ့သူတွေအတွက် အထူးပြုလေ့လာထားသင့်တဲ့ ဗဟုသုတတွေ၊ သီးသန့်အရည် အသွေးတွေကို နိုင်ငံရေးက မတောင်းဆိုဘူး။ ဒါဟာ အထူးဆန်းတဲ့ အသက်မွေးဝမ်းကျောင်းမှုဘဲ၊ ဆောင်ပုဒ်တွေကို အော်နိုင်ရမယ်။ နောက်လိုက်နောက်ပါအချို့ ရှိရမယ်။ ဒါဆိုရပြီး။

    ဖိနပ်ဆိုင်မှာ ဖိနပ်ရောင်းတဲ့အလုပ်ကို မလုပ်နိုင်တဲ့သူဟာ နိုင်ငံရဲ့ ပညာရေးဝန်ကြီး ဖြစ်လာနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ပညာရေးဝန်ကြီးဟာ ပညာအရည်အချင်း ရှိစရာမလိုလို့ဘဲ၊ ပညာရေးဝန်ကြီးဖြစ်လာ တော့ သူဘာလုပ်မလဲ။ ဒုအုပ်ချုပ်ရေးမှူးတွေ၊ ပညာရှင်တွေက သူ့ဆီဝင်လာပြီးကပြမယ်။ သူလက်မှတ်ထိုးရ မယ့်နေရာမှာ လက်ဗွေနှိပ်မယ်။

    ငမိုက်သားတွေရဲ့ နိဗ္ဗာန်ဘုံဖြစ်တဲ့ နိုင်ငံရေးဟာ တိုင်းပြည်ရဲ့ကြွယ်ဝမှုကိုလည်း သိမ်းပိုက်ဖို့ ကြိုးပမ်းနေတယ်။ ကုန်သွယ်ရေး၊ စီးပွါးရေး၊ စက်မှုလက်မှု၊ ထုတ်လုပ်မှုရဲ့နည်းလမ်းတွေအားလုံးကို သူတို့ရဲ့တခြားအသွင်တမျိုး ဖြစ်တဲ့ နိုင်ငံတော်ရဲ့လက်ထဲကို အပ်ရမယ်။ နိုင်ငံရေးသမားတွေက နိုင်ငံရဲ့စီးပွါးရေးအသက်ကို ထိမ်းချုပ်စီမံမယ် တဲ့။ ကြည့်ရတာ သူတို့တွေဟာ နိုင်ငံကိုဖျက်ဆီးဘို့ သတိသစ္စာပြုထားတဲ့ပုံပဲ။

    ကျုပ်ရဲ့အမြင်ကတော့ အဲလိုမဟုတ်ဘူး။ နိုင်ငံရေးသမားတွေ နိုင်ငံအစိုးရနဲ့ အုပ်ချုပ်ရေးကိစ္စမှာ တိုက်ရိုက်ထိမ်းချုပ်နေတာကို တားဆီးရမယ်။ ရွေးကောက်တင်မြှောက်ထားတဲ့ လူထုကိုယ်စားလှယ်တွေက ပါလီမာန်ကို ဖွဲ့စည်းမယ်။ ဒါပေမယ့် ပါလီမာန်ကပဲဖြစ်ဖြစ်၊ ပါတီအများစုကပဲဖြစ်ဖြစ်၊ အစိုးရဝန်ကြီးအဖွဲ့ (သို့) ဝန်ကြီးများကောင်စီကိုတော့ ဖွဲ့စည်းလို့မရဘူး။ သူတို့တွေက နယ်ပယ်အသီးသီးမှာ ကျွမ်းကျင်သူတွေ၊ အထူးပညာရှင်တွေ၊ အတွေ့အကြုံရင့်ကျက်ပြီးသား အရည်အချင်းမြင့်သူတွေကို ရှာဖွေရမယ်။ ရှာဖွေထားတဲ့သူတွေနဲ့ ဝန်ကြီးများအဖွဲ့ကို ဖွဲ့စည်းရမယ်။ ဝန်ကြီးများကောင်စီရဲ့ အဖွဲ့ဝင်တွေကို ရွေးချယ်ခန့်အပ်နိုင်တဲ့ အခွင့်အရေးကို ပါတီအများစုက ပိုင်ဆိုင်ထားပေမဲ့ ပညာရေးဝန်ကြီ့း၊ ကျန်းမာရေးဝန်ကြီး စတဲ့နေရာတွေကိုတော့ လူကြိုက်များပါတယ်ဆိုတဲ့ လူထုကိုယ်စားလှယ်တွေကိုပဲ ခန့်အပ်လိုက်လို့မရဘူး။

    ကျုပ်တို့မှာ အခုရှိနေတာက မိုဘိုကရေစီ (Mobocracy) ပဲ။ ဒါဟာ ဒီမိုကရေစီမဟုတ်ဘူး။ ပါလီမာန်အတွက် လူထုက သူတို့ကို ကိုယ်စားပြုမယ့်ပုဂ္ဂိုလ်ကို ရွေးချယ်ပေးတာက ပြဿနာမဟုတ်ဘူး။ ဒါပေမယ့် ပါလီမာန်ထဲ က ပါတီဝင်တွေရဲ့ တာဝန်က အစိုးရရဲ့လုပ်ငန်းဆောင်တာအရပ်ရပ်မှာ အကောင်းဆုံး အမှန်ဆုံး လူတော်တွေကို ရွေးထုတ်ပေးဖို့ဆိုတာ ရှင်းရှင်းလင်းလင်း သိထားရမယ်။ ရွေးချယ်ထားတဲ့ ဝန်ကြီးများဟာ သူတို့ရဲ့အလုပ် အတွက် အပြည့်အဝအရည်အချင်းရှိရမယ်။ ဒါအတွက် သူတို့မှာ တာဝန်ရှိတယ်။
    ဒါမှ အခုကျုပ်တို့ကျင့်သုံးနေတဲ့ မိုဘိုကရေစီနေရာမှာ မယ်ရစ်တိုကရေစီ (Meritocracy) ကို အစားထိုးနိုင်မယ်။ ဒီမိုကရေစီဟာ မယ်ရစ်တိုကရေစီနဲ့ ပေါင်းစည်းနိုင်မှပဲ မသိနားမလည်တဲ့ လူတုံးလူအတွေလက်ထဲက ကြိယာပစ္စည်းဘဝက လွတ်မြောက်မှာ၊ ဒီလိုမှ မပေါင်းဖက်နိုင်ဘူးဆိုယင် လူသားရဲ့ကျဆုံးခြင်း၊ ရှုံးနိမ့်ခြင်းတွေ ကို ဖြစ်ပေါ်စေတဲ့ ကြိယာအဖြစ် ဆက်ရှိနေအုံးမှာဘဲ။ လူသားကို မြှင့်တင်ပေးမယ့်၊ အောင်မြင်စေမယ့်အရာ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။

    လူတွေက သူ့တို့ရဲ့ကိုယ်စားလှယ်တွေကို ရွေးချယ်တာနဲ့ပတ်သက်လို့ ကျုပ်လှိုက်လှိုက်လှဲလှဲ သဘောတူပါတယ်။ ဒါဟာ သူတို့ရဲ့ အခွင့်အရေးပဲ၊ ဒါပေမယ့် အဲဒီလူထုကိုယ်စားလှယ်ကို ပညာရေးဝန်ကြီးခန့် အပ်နိုင်တဲ့ လုပ်ပိုင်ခွင့်တော့ သူတို့မှာမရှိဘူး။ ကိုယ်စားလှယ်တွေမှာပဲ ဒီအခွင့်အရေးရှိတယ်။ မယ်ရစ်တိုကရေစီ ရဲ့ အဓိပ္ပါယ်က ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေ အရည်အချင်းပြည့်မီတွေက အုပ်ချုပ်ခြင်းဆိုတာပဲ။
    ဒီခေတ်ဟာ အထူးပြုလေ့လာလာတဲခေတ်ကြီးပဲ။ ဘဝရဲ့အသေးနုပ်ဆုံး ကိစ္စလေးတွေအတွက်တောင် အထူးပြုပညာရှင်မှာ ကျုပ်တို့မှာရှိတယ်။ ရွာသေးသေးလေးမှာ ခင်ဗျားရဲ့ သွေးကြောကို စမ်းပြီး ခေါင်းကိုက်သလား၊ ဗိုက်အောင့်သလား၊ မမေးဘဲနဲ့ ဆေးစာရေးပေးလိုက်တဲ့ ဆေးဆရာတွေရဲ့ခေတ်က ကုန်သွားပြီး၊ ဆေးဆရာတွေဟာ ရောဂါအားလုံးကို သိရမယ်ဆိုတဲ့ကိစ္စဟာ အထူးပြုလေ့လာခြင်းမပေါ်မီက ဖြစ်ခဲ့တဲ့ကိစ္စတွေပဲ။

    ကျုပ်ကြားဖူးတာက အခုကနေ နောက်နှစ် (၅၀) ကြာရင် ဒါမျိုးတွေဖြစ်မယ်တဲ့။ အမျိုးသမီးတယောက်ဟာ မျက်စိပြဿနာကြောင့် ဆရာဝန်ဆီသွားမယ်၊ ဆရာဝန်က ဆွေးနွေးခန်းထဲခေါ်သွားပြီး ဘယ်မျက်လုံးက ဒုက္ခပေးသလဲလို့မေးမယ်၊ အဲဒီမှာ အမျိုးသမီးက ဘယ်မျက်လုံးပါဆရာလို့ ပြောယင် ဆရာဝန်က စိတ်မရှိပါနဲ့ ကျွန်တော်က ညာမျက်လုံးအထူးကုပါ။ ဘယ်မျက်လုံးအထူးကုကတော့ ဟိုနားမှာရှိပါတယ်ဆိုပြီး ပြောလိုက်လိမ့်မယ်တဲ့။

    မျက်လုံးတဖက်ထဲမှာ တောင်ဒီလောက်ကြီးမားတဲ့ကိစ္စ ဖြစ်နေမယ်ဆိုယင် မျက်လုံးနှစ်ဖက်လုံးကို ကုသပေးတဲ့ ဆရာဝန်တွေလည်း ကြာရှည်ခံမှာမဟုတ်ဘူး၊ မျက်လုံးဟာ ရှုတ်ထွေးတဲ့အင်္ဂါကခုဘဲ၊ အရှုတ်ထွေးဆုံးအင်္ဂါက တော့ နိုင်ငံတော်ပေါ့။

    အဲဒီနိုင်ငံတော်ဟာ ဘာမှမတတ်ကျွမ်းတဲ့ အညံ့ဆုံး၊ အချာဆုံးလူတွေရဲ့လက်ထဲမှာ ရောက်နေတယ်။ သူတို့တွေက နိုင်ငံကို ဆက်ပြီး ဖျက်ဆီးလိမ့်မယ်။ အဲဒီပညာရှင်မဟုတ်သူတွေဟာ အရာရာတိုင်းကို တစ်ဦးပိုင် လုပ်ချင်နေကြတယ်။ အာဏာတွေအားလုံးကို သူတို့ပဲ ပိုင်ဆိုင်ချင်နေကြတယ်။

    နိုင်ငံရေးအာဏာအပြင် စီးပွါးရေးအာဏာကိုပါ သိမ်းပိုက်ချင်နေကြတယ်။ သူတို့က ကုန်သွယ်ရေး၊ စက်မှုလုပ် ငန်းတို့အပြင် သိပ္ပံနဲ့ ဘာသာတရားကိုတောင် ချန်မထားဘူး။ ကမ္ဘာပေါ်က အရာရာတိုင်းကို သူတို့လိုချင်ကြတယ်။ ဒါပေမယ့် ကျုပ်တို့တွေက အဲဒီဆန္ဒတွေကို ပြည့်ဆည်းခွင့်ပေးလိုက်ယင် အန္တရာယ်ဟာ ကျုပ်တို့လက်တကမ်းကိုရောက်ပါလိမ့်မယ်။

    ဒါကြောင့်ပဲ မယ်ရစ်တိုကရေစီဆိုတဲ့ အတွေးအခေါ်ကို ခင်ဗျားတို့ရှေ့မှာ ကျုပ်ချပြရခြင်းပဲ။ မယ်ရစ်တိုကရေစီဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်နေတာမဟုတ်ဘူး။ သူက ဒီမိုကရေစီကို ကြိုးစားဖေါ်ဆောင်ပြီးမှ ထွက်ပေါ်လာမဲ့ အမြင်တခုပါဘဲ။ မကြာတော့ပါဘူး နားလည်နိုင်မှု စွမ်းရည်တွေ တိုးတက်လာတာနဲ့ ကမ္ဘာလောကကြီးမှာ အထူးပြုလေ့လာသူတွေဟာ ထင်ရှားပါလိမ့်မယ်။ မကြာခင်မှာ ကျွမ်းကျင်သူတွေ၊ အသိပညာရှင်တွေရဲ့ လက်ထဲကို အစစအရာရာ ရောက်ပါလိမ့်မယ်။

    မိတ်ဆွေတယောက်က ဒီလိုပြောခဲ့ပါတယ်။

    အိုရှိုးပြောသလိုသာဆိုရင် အရင်တုန်းက “ဗြဟ္မဏ” တွေဟာ အသိပညာကို သူတို့ပဲထုတ်လုပ်နိုင်တယ်ဆိုပြီး ကြွေးကြော်ခဲ့ကြတယ်။ ခုအဲဒီ “ဗြဟ္မဏ” တွေ ဘယ်ရောက်သွားပြီးလဲ။ ဘယ်မှာလဲ သူတို့ရဲ့အသိပညာကြီးစိုးမှု။

    ဒီကိစ္စနဲ့ပတ်သက်လို့ “ဗြဟ္မဏ” တွေကပဲ အသိပညာကို ထုတ်လုပ်နိုင်ပါတယ်လို့ ကျုပ်တို့ပြောနေတာမဟုတ် ဘူး၊ အသိပညာကို ထုတ်လုပ်ခဲ့တာ “ဗြဟ္မဏ” တွေပဲလို့ ကျုပ်တို့ပြောနေတာ။ ဒီနေ့ခေတ်မှာတောင် အသိပညာကို ထုတ်လုပ်နေတာ ဗြဟ္မဏတွေဘဲ။ “အိုင်းစတိုင်း” “ဘာထရန်ရပ်ဆယ်” “မာက်စ်” အားလုံးဟာ “ဗြဟ္မကာ” တွေဘဲ။ “မာက်စ်” သာအိန္ဒိယမှာ မွေးဖွါးခဲ့မယ်ဆိုယင် “မဟာရီရှီ (Makarishi)” တစ်ယောက်၊ ပုဂ္ဂိုလ်ထူးတယောက်ဖြစ်မှာပါဘဲ။

    “ကားလ်မာက်စ်” ဟာ အရင်းကျမ်း (Das Kapital) ကို ရေးနိုင်ဘို့ အင်္ဂလန်ပြတိုက်ရဲ့ စာကြည့်တိုက်ထဲမှာ အနှစ် (၂၀) နေခဲ့တယ်။ သူဟာ စာထဲမှာ ဘယ်လောက်နစ်မြုပ်နေသလဲဆိုယင် ညနေတိုင်း ထိုင်ခုံပေါ်မှာ သတိလစ်ပြီး လဲနေတဲ့သူ့ကို အစောင့်တွေက အိမ်ကိုကူပြီး လိုက်ပို့ပေးရတယ်၊ တနေ့လုံးစာတွေဖတ်လွန်း အားကြီးလို့ ညနေရောက်တာနဲ့ သူသတိမေ့သွားတော့တာပဲ၊ ဒီလူဟာ “ဗြဟ္မဏ” ပဲ။

    ဘယ်သူမှ မွေးကတည်းက “ဗြဟ္မဏ” တယောက်အဖြစ် မွေးမလာဘူး၊ ဒီကမ္ဘာပေါ်မှာ လူသား (၄) မျိုးရှိတယ်ဆိုတဲ့အမြင်ဟာ သိပ်ကိုထူးခြားတယ်၊ ဒါပေမယ့် ဒီအမြင်ကို မွေးဖွားခြင်းနဲ့ ချည်နှောင်ပစ်လိုက်တာ အမှားကြီးမှားတာဘဲ။ ဒီလေးမျိုးလေးစားဖြစ်တဲ့ ဉာဏ်ပညာရှင် “ဗြဟ္မဏ” တွေ၊ တိုက်ခိုက်ရေးသမားဆိုတဲ့ “ခရှာထရိရ” တွေ၊ ကုန်သည်ဆိုတဲ့ “ဗီရှရ” တွေ၊ အလုပ်သမားဆိုတဲ့ “သုဒ္ဓ” တွေဟာ ကမ္ဘာမှာ အမှန်ဘဲရှိနေတယ်။ ဒီအမြင်ဟာ ဒီနေ့ထိလည်း မမှားဘူး။ ဘယ်တော့မှလည်း မှားမှာမဟုတ်ဘူး၊ ဒီထက်မပိုဘူး။

    မှတ်ချက်။ ။ အိုရှိုး (၁၉၃၁ – ၁၉၉၀) ၏ “နိုင်ငံရေးသတိ” (မလေးဘာသာပြန်) စာအုပ်မှ ကောက်နှုတ်ဖေါ်ပြခြင်းဖြစ်သည်။ ဆိုရှယ်လစ်၊ အရင်းရှင်စသည်စနစ်များ အားပြိုင်နေသည့်ပါလီမန် ဒီမိုကရေစီ၏ နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီနှင့် အစိုးရများအကြောင်း သူ့အမြင်ကို ဖေါ်ပြခြင်းဖြစ်သည်။ ယနေ့ခေတ်ပြိုင် နိုင်ငံရေးလောကအခြေအနေများကို ပြုပြင်နိုင်ရန် အပြုသဘောအမြင်ဖြင့် ချဉ်းကပ်ပါရန် လေးစားစွာ ဆန္ဒပြုပါသည်။
    ဆက်စပ်ဆောင်းပါး-ခေတ်ရနံ့မဂ္ဂဇင်း – ဂျုလိုင် / ၂၀၁၈ တွင် ပါရှိသော (အမြင်သစ်ဆိုရှယ်လစ်အယူအဆ) ဆောင်းပါးဖြင့် တွဲစပ်ဖတ်ရှုနိုင်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,200SubscribersSubscribe
    spot_img

    Latest posts