Homeသတင်းNMSP-KNU နယ်မြေအငြင်းပွားသောရေဖြူမြို့နယ်တွင် ယခုလအတွင်းမြေမြှုပ်မိုင်းကြောင့် နှစ်ဦးဒဏ်ရာရရှိ

NMSP-KNU နယ်မြေအငြင်းပွားသောရေဖြူမြို့နယ်တွင် ယခုလအတွင်းမြေမြှုပ်မိုင်းကြောင့် နှစ်ဦးဒဏ်ရာရရှိ

-

မွန်သတင်းအေဂျင်စီ(အောက်တိုဘာ ၂၈)။ ။ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာမှအနီးရှိ မွန်ပြည်သစ်ပါတီ NMSP နှင့် ကရင်အမျိုးသားအစည်းအရုံး KNU အောက်ခြေတပ်ဖွဲ့ချင်း နယ်မြေအငြင်းပွားလျက်ရှိသော ကြောင်လျှာကွင်း၌ ယခုလအတွင်း မြေမြှုပ်မိုင်းနှစ်ကြိမ် နင်းမိပေါက်ကွဲသဖြင့် လူနှစ်ဦးဒဏ်ရာအသီးသီး ရရှိခဲ့ကြသည်။

ရေးမြို့နယ်တောင်ပိုင်း ဟံဂံရွာသားဇာတိ ကွမ်းသီးခြံသမား မင်းမွန်ချမ်း(ခေါ်) အဗလိုင်၊ အသက် ၃၀ နှစ်ခန့်၊ (ဘ-နိုင်ဝင်း) ဆိုသူသည် ယနေ့နံနက်ပိုင်းအချိန်တွင် ကြောင်လျှာကွင်းလမ်းမဘေးရှိ ခြံထဲသို့အဝင် မြေမြှုပ်မိုင်းတစ်လုံးနင်းမိပေါက်ကွဲမှုကြောင့် ညာဘက်ခြေဖဝါး ကြေမွပျက်စီးဒဏ်ရာရရှိခဲ့ကြောင်း အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူး နိုင်တင်စန်း(ခ) နိုင်အရန်းက ပြောသည်။

မြေမြှုပ်မိုင်းဒဏ်ရာရရှိခဲ့သူ မင်းမွန်ချမ်း(ခေါ်) အဗလိုင် ရေးမြို့ ဆေးရုံကြီး၌ ကုသမှုခံယူနေစဉ်(Aot Jea)

အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူးက “လူနာကို ရေးမြို့ဆေးရုံကြီး ပို့လိုက်တယ်၊ အသက်အန္တရာယ်မစိုးရိမ်ရပေမယ့် ညာဘက်ခြေဖဝါးတစ်ဖက်တော့ ဆုံးရှုံးလိုက်ရတယ်၊ ခြံသမားတွေ ခြံမထွက်ရဲကြတော့ဘူး၊ ရာသီချိန် ခြံထွက်သီးနှံတွေကိုလည်း သူများခူးယူကြတော့မယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

အလားတူ အဆိုပါကြောင်လျှာကွင်းဒေသ၌ပင် ပြီးခဲ့သည့်အောက်တိုဘာ ၁၅ ရက်နေ့က လုံခြုံရေးလှည့်ကင်းလှုပ်ရှားနေသော မွန်ပြည်သစ်ပါတီတပ်ဖွဲ့မှ ရဲဘော်မွန်ချမ်းနိုင်(အသက်-၂၅ နှစ်) မြေမြှုပ်မိုင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်ဆေးရုံတွင် ဘယ်ခြေသလုံးတစ်ဖက် ဖြတ်တောက်ခဲ့ရသည်ဟု မွန်ပြည်သစ်ပါတီက ဆိုသည်။


အောက်တိုဘာ ၁၅ ရက်နေ့က မြေမြှုပ်မိုင်းဒဏ်ခံရသည့် NMSP ရဲဘော်တစ်ဦး(Facebook)

ထားဝယ်ခရိုင်ရှိ အမည်မဖော်လိုသော မွန်ပြည်သစ်ပါတီအရာရှိက “ ဒီဒေသမှာက ကျနော်တို့အဖွဲ့နဲ့ မဟာမိတ် KNU ပဲရှိပါတယ်။ ကျနော်တို့မွန်ဒေသခံတွေ ခြံစိုက်ပျိုးတဲ့နေရာပါ၊ အခုဖြစ်သွားတဲ့မြေမြှုပ်မိုင်းတွေက KNU လို့ပဲ ယူဆစရာရှိတယ်၊ ကျနော်တို့ မွန်ပြည်သစ်မှာ မြေမြှုပ်မိုင်းမသုံးတာ ကြာပြီ” ဟု ပြောသည်။

ထို့ပြင် လွန်ခဲ့သည့် အောက်တိုဘာ ၈ ရက်နေ့တွင်လည်း အဆိုပါ ကြောင်လျှာကွင်း၌ ဥယာဉ်ခြံလုပ်ကိုင်နေသူ ၃ ဦးကို KNU တပ်ဖွဲ့ဝင်များ သေနတ်ဒင်ဖြင့်ထု၊ ဓါးပြားဖြင့် ရိုက်နှက်သည့်ဒဏ်ရာကြောင့် အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာအစိုးရအုပ်ချုပ်ရေးဌာနအသီးသီးသို့ သတင်းပေးတိုင်ကြားခဲ့သည်ဟု ဆိုသည်။

မွန်ပြည်သစ်ပါတီ၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းနှင့် KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၀ တို့ လှုပ်ရှားနယ်မြေဖြစ်သည့် ရေဖြူမြို့နယ်တွင် ၂၀၁၆ ခုနှစ်က အဆိုပါကြောင်လျှာကွင်း၌ နယ်မြေအငြင်းပွားလျက်ရှိပြီး နှစ်ဖက်အောက်ခြေတပ်ဖွဲ့ကြား ၄ ကြိမ်ထက်မနည်း ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts