Homeသတင်းမယ်လအူး ကရင်ဒုက္ခသည်စခန်းရေကြီးမှု ရွှံ့ရေထဲမျောပါသူ ၇ ဦးကို ပြန်ရှာမတွေ့

မယ်လအူး ကရင်ဒုက္ခသည်စခန်းရေကြီးမှု ရွှံ့ရေထဲမျောပါသူ ၇ ဦးကို ပြန်ရှာမတွေ့

-

မွန်သတင်းအေဂျင်စီ(စက်တင်ဘာ-၁၈)။ ။ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အနီး ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ရှိ မယ်လအူး ကရင်ဒုက္ခသည်စခန်း၌ စက်တင်ဘာလ ၁၆ ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုတွင် ရွှံ့ရေထဲမျောပါသူ ၇ ဦးကို ဆက်လက်ရှာဖွေသော်လည်း ပြန်မတွေ့ရကြောင်း ကရင်ဒုက္ခသည်များကော်မတီ ဥက္ကဋ္ဌ စောရောဘတ်ထွေးက ပြောသည်။

စောရောဘတ်ထွေးက “မနေ့က အတိုင်းပါပဲ၊ မျောပါသွားတဲ့ ၇ ယောက်ကို ပြန်မတွေ့သေးပါဘူး၊ မနေ့က အလောင်းတစ်လောင်းတွေ့တယ်၊ ဒဏ်ရာ ၁၆ ယောက်ထဲမှာ ၁၁ ယောက်ကို ဆေးရုံတင်ထားပြီးတော့ ၅ ယောက်ကို အိမ်မှာပဲ ဆေးကုနေတယ်၊ အိမ် ၁၃ လုံးရေမျောပြီး ဘုရားကျောင်း ၂ ကျောင်း ပျက်စီးသွားတယ်” ဟု ဆိုသည်။

မယ်လအူး ဒုက္ခသည်စခန်းတစ်နေရာ(Saw Bway)

အဆိုပါရေမျောသည့်နေရာသည် ချောင်းမဟုတ်သော်လည်း ညနေခင်းတွင် မိုးများသည်းထန်စွာရွာသွန်းသဖြင့် မြေပြိုရေကြီးမှု ဖြစ်ပေါ်လာ၍ ရွှံ့ရေများ ရုတ်တရက်မျောပါစီးဆင်းလာပြီး ဆုံးရှုံးမှုများကြုံတွေ့ရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

သို့ရာတွင် မယ်လအူး ဒုက္ခသည်စခန်းတွင်း၌ မြေပြိုမှုများ နှစ်စဉ်ကြုံတွေ့ခဲ့ဘူးသော်လည်း ယခုကဲ့သို့ အသက်အန္တရယ်ထိခိုက်ရသည့် ဖြစ်ရပ်မျိုးမကြုံခဲ့ကြောင်း မယ်စရင်းမြို့ရှိ ကရင်ဒုက္ခသည်ကော်မတီ KRC ရုံးမှ စောပွေဒိုက ဆိုသည်။

စောပွေဒိုက “ပျောက်ဆုံးနေတာကတော့ အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၃ ယောက်ဖြစ်ပါတယ်။ အခုတော့ အလောင်းတွေကို ရှာနေဆဲပါ၊ ကယ်ဆယ်ရေးအဖွဲ့တွေ အများကြီးသွားနေတယ်” ဟု ပြောသည်။

အဆိုပါ ရေဘေးကြုံတွေ့ခဲ့ရသူမိသားစုများအနေဖြင့် အိမ်အသုံးဆောင်ပစ္စည်းများ၊ ဆန်ရိက္ခာနှင့် အဝတ်အစားများအားလုံး ဆုံးရှုံးခဲ့ရသည့်အတွက် စခန်းတာဝန်ရှိသူများနှင့် NGO ကယ်ဆယ်ထောက်ပံ့ရေး အဖွဲ့အစည်းများက ပျက်စီးဆုံးရှုံးမှုအခြေအနေကို စက်တင်ဘာ ၁၇ ရက်တွင် သွားရောက်မေးမြန်းကြည့်ရှုခဲ့သည်ဟု ဆိုသည်။

တောင်ကုန်းနှင့် တောင်ကမ်းပါး ပေါ်တည်ရှိသည့် မယ်လအူး ဒုက္ခသည်စခန်း၌ ရပ်ကွက် ၁၃ ခုရှိသည့်အနက် အမှတ် ၁ ရက်ကွက်တွင် ရေကြီးမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း၊ The Border Consortium-TBC စာရင်းအရ ၂၀၀၄ ခုနှစ်တွင် စခန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဒုက္ခသည်ဦးရေ ၉၀၀၀ ကျော် နေထိုင်လျက်ရှိကြောင်း၊ ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ထိုင်းနိုင်ငံဘက် ခိုလှုံသူ ကရင်တိုင်းရင်းသား ဒုက္ခသည်အများစုဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts