spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်း(၂၁) ရာစုပင်လုံ(စတုတ္တအစည်းအဝေး) မတိုင်မီ မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ နောက်တစ်ကြိမ်ကျင်းပရန် မွန်အဖွဲ့အစည်းများဆုံးဖြတ်

    (၂၁) ရာစုပင်လုံ(စတုတ္တအစည်းအဝေး) မတိုင်မီ မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ နောက်တစ်ကြိမ်ကျင်းပရန် မွန်အဖွဲ့အစည်းများဆုံးဖြတ်

    -

    မွန်သတင်းအေဂျင်စီ(စက်တင်ဘာ-၁၆)။ ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ(စတုတ္တအစည်းအဝေး) မတိုင်မီ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ နောက်ထပ်တစ်ကြိမ်ထပ်မံကျင်းပရန် ယမန်နေ့တွင် ကျင်းပပြီးစီးသည့် မွန်အဖွဲ့အစည်းများ၏ (၂၁) ရာစုပင်လုံညီလာခံ ပြန်လည်သုံးသပ်ပွဲက ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဓိက Stakeholder ဦးဆောင်မွန်အဖွဲ့အစည်းများဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ၊ မွန်ပါတီများ (AMDP+MNP) နှင့် မွန်အရပ်ဖက်မွန်လူမှုအဖွဲ့အစည်း CSO များမှ ကိုယ်စားလှယ် ၆၀ ဦးခန့်က မော်လမြိုင်မြို့၌ စက်တင်ဘာ ၁၄-၁၅ ရက်နေ့ (၂၁) ရာစုပင်လုံညီလာခံ ပြန်လည်သုံးသပ်ပွဲအခမ်းအနား၌ ဆုံးဖြတ်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာန ဒုတိယတာဝန်ခံ နိုင်ဟံသာဗိန်ခိုင်က ပြောသည်။

    နိုင်ဟံသာဗိန်ခိုင်က “ရေးမြို့မှာ ပြုလုပ်ခဲ့ပြီးတဲ့ မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို အချိန်တိုတိုနဲ့ အရင်စလိုလုပ်ခဲ့ရတော့ အားနည်းချက်တွေ အထူးသဖြင့် မူဝါဒပိုင်းတွေ ပါဝင်မှုအားနည်းခဲ့တယ်၊ ဒါကြောင့် လာမယ့် ပင်လုံစတုတ္ထအစည်းအဝေး မကျင်းပခင်မှာ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဒုတိယအကြိမ် ထပ်လုပ်ချင်တယ်၊ လုပ်ဖို့လည်း စီစဉ်ထားတယ်” ဟု ပြောသည်။

    သို့ရာတွင် လက်ရှိမြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် မိမိတို့မွန်လူမျိုးတစ်မျိုး၊ အဖွဲ့အစည်းတစ်ခုတည်းဖြင့် လုပ်ဆောင်ရသည့်ကိစ္စမျိုးမဟုတ်ကြောင်း၊ သက်ဆိုင်သည့် Stakeholder များဖြစ်ကြသော အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီများအားလုံး စေတနာမှန်ကန်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ပါက အောင်မြင်လိမ့်မည်ဟု ယူဆကြောင်း ၎င်းက ဆက်ပြောသည်။

    မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီအတွင်းရေးမှူး မင်းအောင်ထူးက “မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဒုတိယအကြိမ်ထပ်ပြီး လုပ်နိုင်ဖို့အတွက် ပြင်ဆင်ဖို့လိုတယ်၊ ပထမအကြိမ်ဆွေးနွေးပွဲမှာ ကျနော်တို့ ရရှိထားတဲ့စာတမ်းတွေ မူဝါဒအကြံပြုချက်တွေက မြန်မြန်ဆန်ဆန်လုပ်ခဲ့ရတော့ ရောရောနှောနှော ဖြစ်နေတာပေါ့လေ၊ ဒါတွေကို အခုပြန်လည်သုံးသပ်ကြပြီးတော့ ဒုတိယအကြိမ် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဖို့လိုတယ်လို့ မြင်တယ်” ဟု ဆိုသည်။

    မွန်အဖွဲ့အစည်းများ၏ (၂၁) ရာစုပင်လုံညီလာခံ ပြန်လည်သုံးသပ်ပွဲ(Facebook)

    ထို့ပြင် တိုင်းရင်းသားအစုအဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး လိုအပ်သည့် ပြင်ဆင်မှုများ၊ စွမ်းရည် Capacity မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ တိုင်းရင်းသားများဘက်မှ ဆွေးနွေးချက်များ ပိုမိုခိုင်မာစေရန်နှင့် ရပ်တည်ချက်တူညီစေရန် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးမှုများ မကြာခဏပြုလုပ်သင့်ကြောင်း အထက်ပါ (၂၁) ရာစုပင်လုံညီလာခံ ပြန်လည်သုံးသပ်ပွဲအခမ်းအနားက ရှုမြင်ကြောင်း ၎င်းက ဆိုသည်။

    အလားတူ စက်တင်ဘာလဆန်းပိုင်းက မော်လမြိုင်မြို့၌ ၂ ရက်တာကျင်းပခဲ့သည့် မွန်နိုင်ငံရေးပါတီများ၏ (၂၁) ရာစုပင်လုံညီလာခံ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံအစည်းအဝေးကျင်းပနေခြင်းအပေါ် အစုအဖွဲ့အသီးသီးကိုယ်စားလှယ်များက စိတ်ဝင်စားမှုကျဆင်းလာသည်ကို တွေ့ရှိခဲ့ကြောင်း သုံးသပ်ခဲ့ကြသည်။

    ထို့အတူ (၂၁) ရာစုပင်လုံညီလာခံ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲများကို မွန်ပြည်သစ်ပါတီက ၎င်းတို့ထိန်းချုပ်နယ်မြေ ဝယ်ဇင်စခန်း၌၎င်း၊ မွန်အရပ်ဖက်မွန်လူမှုအဖွဲ့အစည်းများက မော်လမြိုင်မြို့ ရာမညဟိုတယ်၌၎င်း ပြီးခဲ့သည့်သီတင်းပတ်တွင် အသီးသီးကျင်းပခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks