spot_img
Sunday, May 19, 2024
More
    spot_img
    Homeသတင်းတစ်ဆို့နေမှုများကို အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ နိုင်ငံရေးသဘောတူညီချက် အမြန်ချမှတ်ရန်လိုအပ်

    တစ်ဆို့နေမှုများကို အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ နိုင်ငံရေးသဘောတူညီချက် အမြန်ချမှတ်ရန်လိုအပ်

    -

    မွန်သတင်းအေဂျင်စီ(စက်တင်ဘာ-၁၂)။ ။ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဖြစ်ပေါ်နေသော တစ်ဆို့နေမှုများကို အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်များအကြား နိုင်ငံရေးသဘောတူညီချက်တစ်ခု အမြန်ချမှတ်ရန်လိုအပ်ကြောင်း NCA လက်မှတ်ရေးထိုး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ NCA-S EAO ၏ တတိယအကြိမ် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးအပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

    ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဌ ပူးဇင်ကျုံးက “ကျွန်တော်တို့ဒီကနေ့ NCAကို အခြေခံပြီးသွားနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ ကျွန်တော်တို့ရပ်တန့်သလောက် ရှိနေတယ်။ တစ်ဆို့နေတယ်လို့ ကျွန်တော်တို့အမြင်ရှိပါတယ်၊ အောက်ကနေ အပေါ်ကိုသွားတဲ့ဖြစ်စဉ်မျိုး အလုပ်မတွင်ဘူး ဖြစ်ခဲ့တဲ့အတွက် ထိပ်ပိုင်းမှာရှိတဲ့ အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေ၊ တပ်မတော်က တာဝန်ရှိပုဂ္ဂိုလ်တွေ၊ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းက တာဝန်ရှိပုဂ္ဂိုလ်တွေ တွေ့ဆုံကြပြီးတော့ ဆုံးဖြတ်နိုင်တဲ့ပုဂ္ဂိုလ်တွေ အားလုံးတွေ့ကြပြီးတော့ အဖြေကိုရှာဖို့အတွက် ဒီနေ့ ဆုံးဖြတ်ချက်ထဲမှာ ချထားခြင်းဖြစ်ပါတယ်” ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

    NCA-S EAO ၏ တတိယအကြိမ်ထိပ်သီးခေါင်းဆောင်များအစည်းအဝေး အမှတ်တရဓါတ်ပုံ(NCA-S EAO)

    အနာဂတ်မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရေးအတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ဘုံရည်မှန်းချက်နှင့် ဘုံသဘောတူညီချက်များကို NCA လက်မှတ် ရေးထိုးထားကြသော တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အကြားတွင်သော်လည်းကောင်း၊ NCA လက်မှတ်ရေး ထိုးခြင်းမပြုရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အကြားတွင် သော်လည်းကောင်း ညှိနှိုင်းအဖြေရှာသွားမည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံးပါဝင်နိုင်သော ထိပ်သီးခေါင်းဆောင်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် PPST မှ ပြင်ဆင်ဆောင်ရွက်သွားမည်ဟု အထက်ပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    “ ထိပ်ပိုင်းမှာရှိတဲ့ ခေါင်းဆောင်ကြီးတွေဆိုတာကလည်း လက်ရှိလက်မှတ်ရေးထိုးပြီးတဲ့အဖွဲ့တွေမကဘဲ NCA မထိုးသေးတဲ့အဖွဲ့အစည်းပါ ပါဝင်ဖို့လိုအပ်တယ်၊ ဒါကြောင့် ဒီကနေ့ NCA ထိုးထားတဲ့အဖွဲ့နဲ့ မထိုးရသေးတဲ့အဖွဲ့တွေကြားမှာ ဘုံသဘောထားရပ်တည်ချက်တွေ ညှိနှိုင်းလို့ရအောင်၊ ဒီငြိမ်း ချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်နိုင်ဖို့ တနိုင်ငံလုံးငြိမ်းချမ်းရေးမှာ သူတို့လည်း ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ ဘယ်လို ဆောင်ရွက်သွားနိုင်မလဲ ဆိုတဲ့ လုပ်ငန်းအစီအစဉ်ချထားပါတယ်။ နောက်တချက်ကတော့ ကျွန်တော်တို့ရဲ့ စုဖွဲ့မှု ကိုပြန်လည်သုံးသပ်တယ်၊ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိပ်သီးအစည်းအဝေးတခုနဲ့ တခုကြားထဲမှာ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ဦးဆောင်ဖို့အတွက် PPST အဖွဲ့ဝင်တွေကိုလည်း ကျွန်တော်တို့ပြန်လည်ဖွဲ့စည်းခဲ့တယ်”ဟု ပူးဇင်ကျုံးက ဆိုသည်။

    ထိုသို့ အသစ်ပြန်လည်ရွေးချယ်ဖွဲ့စည်းခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး (KNU)၊ ဗိုလ်ချုပ်ကြီးယွက်ဆစ် ဒု-အဖွဲ့ခေါင်းဆောင် (RCSS) ၊ အဖွဲ့ဝင်များအဖြစ် ရဲဘော်သံခဲ (ABSDF)၊ ပူးဇင်ကျုံး (CNF)၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ (PNLO)၊ ဗိုလ်ချုပ်စောမိုရှေး (DKBA)၊ ဒေါက်တာနော်ကပေါထူး (KNU/KNLA -PC) နှင့် ခိုင်စိုးနိုင်အောင် (ALP) တို့ကို ရွေးချယ်တင်မြှောက်ခဲ့ပြီး မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့က ငြိမ်းချမ်းရေးအကောင်အထည်ဖော်ဖက်များ(PPST+2)အဖြစ် ပါဝင်သွားမည် ဖြစ်သည်။

    PPST ပြောခွင့်ရ KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက “ကျနော်တို့ ထိပ်သီးအစည်းအဝေးမတိုင်ခင်မှာလည်း PPST မှာ ကျနော်တို့ဆုံးဖြတ်ထားပြီးပြီ၊ အဖွဲ့လည်းဖွဲ့ထားပြီးပြီ၊ လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေနဲ့ တွေ့ဆုံဖို့အတွက် ဆိုလိုတဲ့သဘောက ကျွန်တော်တို့ကြားထဲမှာက အမြဲတန်းအဆက်သွယ်မှုရှိအောင် တဖွဲ့ချင်းရဲ့အစုအဖွဲ့အလိုက် ကျွန်တော်တို့ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ အထူးသဖြင့် UNFCအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့အခုဖေါ်ဆောင်နေတဲ့ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်ရဲ့ဖြစ်ပေါ်တိုးတက်မှု ကျွန်တော်တို့တင်ပြ ရှင်းပြတယ်။ သူတို့ရဲ့အမြင်သဘောထားတွေ စုစည်းထား တယ်။ မြောက်ပိုင်းမှာပါတဲ့အဖွဲ့ဝင်အကုန်လုံးအတွက် အစုအဖွဲ့အတွက်မတွေ့ပေမဲ့ တဖွဲ့ချင်း ဆိုလိုတဲ့သဘောက KIO နဲ့ တဖွဲ့ချင်းတွေ့တာတော့ရှိပါတယ်။ Process မှာ သူတို့လက်မှတ် မရေးထိုးနိုင်ပေမဲ့လည်း ပါဝင်လာတဲ့အနေအထားရှိခြင်းအားဖြင့် ဆက်သွယ်မှုရှိလာတယ်” ဟု ပြောသည်။

    ထို့အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်မှု ပိုမိုအားကောင်းလာနိုင်စေရန် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NCA-S EAO ခေါင်းဆောင်များအကြား ဆွေးနွေးတင်ပြခဲ့သည့် ၁-(၂၁) ရာစု ပင်လုံ အစည်းအဝေးများ ဆက်လက် ကျင်းပနိုင်ရေးကိစ္စ။ ၂-နိုင်ငံရေးဆွေးနွေးမှုတွင် ပြည်ထောင်စုမှခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အမျိုးသားတန်းတူရေး၊ လူနည်းစုအခွင့်အရေး၊ ပြည်နယ်စုဖွဲ့မှု စသည့် ဖက်ဒရယ်မူများချမှတ်နိုင်ရေးကိစ္စနှင့် ပြည်ထောင်စု တပ်မတော်ဆိုင်ရာကိစ္စ။ ၃-ရှင်းလင်းလွယ်ကူစွာချမှတ်နိုင်မည့် နိုင်ငံရေးဆွေးနွေးမှု ပုံစံများ ရှာဖွေရေးကိစ္စ။ ၄-အလုပ်အဖွဲ့များ၊ ကော်မတီများနှင့် ဆုံးဖြတ်ရန်မပြီးပြတ်သည့်ကိစ္စရပ်များကို သက်ဆိုင်ရာ ဆုံးဖြတ်နိုင်သည့် ထိပ်ပိုင်းခေါင်းဆောင်များအကြားဆုံးဖြတ်ပေးနိုင်ရေးကိစ္စ။ ၅-လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကိစ္စ။
    စသည့် အချက် (၅) ချက်နှင့်အတူ အစုအဖွဲ့များအကြား ရှိနေသော နက်ရှိုင်းသည့်ကွာဟချက်များနှင့် ပတ်သတ်၍ PPST+2 မှ အစိုးရ၊ တပ်မတော် ခေါင်းဆောင်များနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဟု အထက်ပါထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    တတိယအကြိမ် NCA လက်မှတ်ထိုးထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို စက်တင်ဘာလ (၈) ရက်နေ့မှ (၁၁) ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအသီးသီးမှ ထိပ်သီးခေါင်းဆောင်များနှင့် ကိုယ်စားလှယ် စုစုပေါင်း ၄၉ ဦး တက်ရောက်ခဲ့ကြသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,800SubscribersSubscribe
    spot_img

    Latest posts