spot_img
Tuesday, July 23, 2024
More
    spot_img
    Homeဆောင်းပါးလျှပ်စစ်မီးလုံလောက်မှုက သစ်တောပြုန်းတီးခြင်းကို တကယ်လျော့နည်းလာစေမှာလား

    လျှပ်စစ်မီးလုံလောက်မှုက သစ်တောပြုန်းတီးခြင်းကို တကယ်လျော့နည်းလာစေမှာလား

    -

    မြူနှင်းကြားကရွာကလေး

    ဝေသီမြင့်မားတဲ့ ရှမ်းတောင်တန်းကြီးဟာ မိုးစက်တွေကြားမှာ စိမ်းစိုလန်းဆန်းနေပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်ထဲက ပေပေါင်း ငါးထောင့်တစ်ရာကျော်မြင့်တဲ့ ပင်းတယမြို့ရဲ့အနောက်ဖက် ၄ မိုင်ခန့်အကွာ ရှမ်းတောင် တန်းကြီးပေါ်ရှိ ဆီးကျအင်းရွာလေးကတော့ သဘာဝပန်းချီကားတစ်ချပ်ပမာ လှပသာယာတင့်တယ်စွာ တည်ရှိနေပါတယ်။

    အဲဒီဆီးကျအင်းရွာလေးမှာတည်ရှိတဲ့ ဓနုတိုင်းရင်းသားတွေရဲ့ လက်ဖက်စိုက်ခင်းတွေကြားထဲက ဒေသခံအစုအဖွဲ့ပိုင် အော်ဂဲနစ်လက်ဖက်အခါးခြောက်စက်ရုံလေးကတော့ တည်ငြိမ်စွာ ဆီးကြိုနေပါတယ်။
    ပင်းတယလက်ဖက်အစုအဖွဲ့နှင့် ဆီးကျအင်းကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီက အစပြုဦးဆောင်ပြီး လုပ်ဆောင်နေတဲ့ GREEN TEA MODEL FACTORY အမည်ပေးထားတဲ့ စံပြလက်ဖက်အခါးခြောက်စက်ရုံလေးဟာ ဂျာမနီအစိုးရရဲ့ ပူးပေါင်းကူညီဆောင်ရွက်ပေးမှုနဲ့ လည်ပတ်ထုတ်လုပ်နေတဲ့ ဒေသအခြေပြု စံပြလုပ်ငန်းတစ်ခုဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှ ပထမဆုံးအဖြစ် အော်ဂဲနစ်လက်ဖက်ခြောက်စစ်စစ် ၁ တန်ခွဲကျော်ကို ၂၀၁၆ ခုနှစ်က ဂျာမနီနိုင်ငံသို့တင်ပို့ရောက်ချခဲ့တဲ့ ဒီလက်ဖက်အခါးခြောက် စက်ရုံလေးဟာ အစပထမတုန်းကတော့ ထင်းလောင်စာနဲ့သာ စတင်လည်ပတ်ခဲ့တာဖြစ်ပါတယ်။

    အဲဒီလက်ဖက်အခါးခြောက်ထုတ်လုပ်ရာမှာ ထင်းလောင်စာအသုံးပြုပါက ကုန်ကျစားရိတ်သက်သာသော်လည်း သစ်တောပြုန်းတီးခြင်းနှင့်သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတာကြောင့် သစ်တောထိမ်းသိမ်း စောင့်ရှောက်မှုတွေကို ဦးစားပေးလုပ်ဆောင်တဲ့အနေနဲ့ ထင်းအစား ဓါတ်ငွေ့လောင်စာကို အသုံးပြုလည်ပတ်နေတာဖြစ်တယ်လို့ စက်ရုံရဲ့ ထုတ်လုပ်မှုတာဝန်ခံ ဦးဘစီက ရှင်းပြပါတယ်။

    သူက “အရင်တုန်းက လောင်စာထင်းနဲ့ထုတ်လုပ်တဲ့နေရာမှာ မီးခိုးနံ့နံတယ်လို့ ဂျာမနီဖက်က ပြောတဲ့ အတွက် ကျွန်တော်တို့က သဘာဝဓါတ်ငွေ့(Gas)နဲ့ပဲ ထုတ်ပါတော့တယ်။ “လို့ ရှင်းပြပါတယ်။

    ယခုအခါ ဓါတ်ငွေ့လောင်စာဖြင့် အသုံးပြုလာရာတွင် လက်ဖက်ခြောက်တစ်ပိဿာလျင် ကျပ်နှစ်ထောင့်ငါးရာခန့် ပိုကုန်ကျသော်လည်း ပြည်ပသို့တင်ပို့နိုင်တဲ့ အရည်အသွေးမြင့် လက်ဖက်ခြောက်တွေကို ရရှိတာကြောင့် ဈေးနှုန်းပိုမိုရရှိတယ်လို့လည်း သူကရှင်းပြပါတယ်။

    ထင်းလောင်စာဖြင့်ထုတ်လုပ်ခဲ့စဉ်က လက်ဖက်ခြောက်တစ်ပိဿာ လေးထောင့်ငါးရာကျပ်သာရရှိခဲ့ပြီး ဓါတ်ငွေ့(Gas)ဖြင့် ပြောင်းလဲထုတ်လုပ်သောအခါ တစ်ပိဿာကို တစ်သောင်းနှစ်ထောင် ကျပ်အထိရရှိသည့်အတွက် တွက်ခြေကိုက်အဆင်ပြေပေမယ့် အကယ်၍ အစိုးရလျှပ်စစ်မီးရရှိပါက ပိုမိုအဆင်ပြေလိမ့်မယ်လို့လည်း ဦးဘစီက ဆိုပါတယ်။

    “အစိုးရ လျှပ်စစ်မီးတွေရလာရင်တော့ ကုန်ထုတ်လုပ်ငန်းတွေကို ပိုပြီးလုပ်နိုင်မှာပါ။ ရွာသားတွေက ကုန်ထုတ်လုပ်ငန်းတွေမှာ ထင်းကိုမသုံးပေမယ့် ထမင်းဟင်းချက်ပြုတ်ရာမှာ ထင်းတွေကို သုံးနေရဆဲပါ။ လျှပ်စစ်မီးရလာတော့ ထင်းသုံးစွဲမှုတွေ အများကြီးလျှော့နည်းလာမှာ ဆိုတော့ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးအတွက်လည်း ပိုကောင်းလာမှာဖြစ်သလို ဒေသခံတွေအတွက်လည်း ပိုအဆင်ပြေလာမှာပါ”လို့ သူရဲ့မျှော်လင့်ချက်တချို့ကို ပြောပြပါတယ်။

    အဲဒီလက်ဖက်အခါးခြောက်စက်ရုံလေးဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ Control Union ကပေးတဲ့ အော်ဂဲနစ်အသိအမှတ်ပြုလက်မှတ်ကို ရရှိခဲ့ပြီး စက်ရုံလည်ပတ်လုပ်ကိုင်နိုင်အောင် နည်းပညာနဲ့ ငွေကြေးအကူအညီတွေကိုတော့ ဂျာမနီအခြေစိုက် GIZ က ပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    ရှမ်းတောင်တန်းတွေပေါ်မှာ မိရိုးဖလာတောင်ယာလုပ်ငန်းနဲ့ လက်ဖက်စိုက်ပျိုးခြင်းတွေကို အဓိကလုပ်ကိုင်နေကြတဲ့ ဓနုတိုင်းရင်းသားတွေရဲ့ ဆီးကျအင်း၊ မြေနီတောင်၊ လျော်ပင်၊ ပါးမဲစတဲ့ ကျေးရွာတွေဟာ ပင်းတယမြို့နဲ့လေးမိုင်ခန့်သာ ကွာဝေးပေမယ့် လျှပ်စစ်မီးမရရှိသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

    မြန်မာ့သစ်တောအခြေအနေ

    မြန်မာနိုင်ငံကုန်းမြေဧရိယာစုစုပေါင်းရဲ့ ၄၅ ရာခိုင်နှုန်းခန့် (စတုရန်းကီလိုမီတာ သုံးသောင်းတစ်ထောင်) ဟာ သစ်တောများဖုံးလွှမ်းနေတဲ့ ကုန်းမြေဖြစ်ပြီး အမြဲစိမ်းတော၊ အမြဲစိမ်းနှင့် ရွက်ပြတ်ရောနှောတော၊ မြေနိမ့်ပိုင်းမိုးသစ်တော နှင့်လမုတော၊ ခြောက်သွေ့တောများ၊ တောင်ပေါ်တောများ၊ Subalpine ခြုံတော များရှိပြီး နှစ်စဉ်သစ်တောပြုန်းတီးမှုနှုန်းမှာ ဝ.၃၁ ရာခိုင်နှုန်းမှ ၁.၅၉ ရာခိုင်နှုန်းထိ ရှိနေတယ်လို့ မြန်မာနိုင်ငံသစ်တောဦးစီဌာနက ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံ သစ်တောများပြန်လည်ထိန်းသိမ်းရန် ထင်းနဲ့မီးသွေးသုံးစွဲမှုကို မလွဲမသွေ လျှော့ချရမှာဖြစ်ပေမယ့် လျှပ်စစ်မီးမရသေးတဲ့ မြန်မာနိုင်ငံအနှံ့အပြားက နယ်ဖက်ဒေသအများစုမှာတော့ နေ့စဉ်ချက်ပြုတ်ရေးနဲ့ တစ်ပိုင်တစ်နိုင် လုပ်ငန်းများအတွက် ထင်းနဲ့မီးသွေးကို အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။

    နိုင်ငံအတွင်း လူဦးရေတိုးပွားလာမှုနဲ့အတူ လျှပ်စစ်မလုံလောက်မှုနဲ့ လောင်စာ စွမ်းအင် လိုအပ်ချက်ကလည်း မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ ပြဿနာသိုက်ပေါင်းစုံထဲမှ တစ်ခုဖြစ်ပါတယ်။ လက်ရှိအစိုးရအနေဖြင့် ရေအားလျှပ်စစ်နဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို ဆက်လက်တည်ဆောက် အကောင်အထည်ဖော်ချင်ပေမယ့် ဒေသတချို့မှာ ဒေသခံပြည်သူများနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များရဲ့ ကန့်ကွက်မှုတွေကို ရင်ဆိုင်နေရပါတယ်။

    သစ်တောများပြုန်းတီးမှုကြောင့် ရာသီဥတုပြောင်းလဲမှုဒဏ်နဲ့ သဘာဝဘေးဒဏ်တွေကို ရင်ဆိုင်ခံစားနေကြရတဲ့ မြန်မာနိုင်ငံသားတွေအတွက် သစ်တောတွေကို ထိန်းသိမ်းကာကွယ်ကာ ထာဝရတည်တံ့အောင် လုပ်ဆောင်သွားမယ့် အစီအမံတစ်ခုကို အစိုးရက စတင်အကောင်အထည်ဖော်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

    အဲဒီအစီအမံမှာ “ကုလသမဂ္ဂရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ သဘောတူညီချက် ်(United Nations Framework Convention on Climate Change-UNFCCC) အောက်ရှိ ယန္တရားတစ်ခုဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများကို ၎င်းတို့ရဲ့ သစ်တောများ ထိန်းသိမ်းကာကွယ်ကာ ထာဝရတည်တံ့အောင် စီမံအုပ်ချုပ် လုပ်ကိုင်သွားလိုစိတ်များ ဖြစ်ပေါ်လာအောင် ဆွဲဆောင်စည်းရုံးခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရာမှာ တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုစေပါတယ်။

    လူသားတို့ရဲ့ အန္တရာယ်ကြီးမားတဲ့ လုပ်ဆောင်ချက်တွေကြောင့် ရာသီဥတုစနစ်ထိခိုက်မှုတွေကို အကာကွယ်ပေးနိုင်ဖို့ လေထုတွင်းရှိ မှန်လုံအိမ်ဓါတ်ငွေ့များ ပါဝင်နှုန်းထိန်းညှိရာမှာ သစ်တောများ ပါဝင်ဆောင်ရွက်ပေးနေတဲ့ အခန်းကဏ္ဍကို “သစ်တောပြုန်းတီးခြင်းနဲ့ သစ်တောအတန်းအစား ကျဆင်းခြင်းများမှ ကာဗွန်ထုတ်လုပ်မှုများကို လျှော့ချခြင်း” Reducing Emissions from Deforestation and forest Degradation -REDD +) လို့ အမည်ပေး အသုံးပြုလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

    အဲဒီ REDD+ ဆိုတာက “သစ်တောပြုန်းတီးခြင်းနဲ့ သစ်တောအတန်းအစား ကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှု အမှန်တကယ်လျှော့ချနိုင်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို လျှော့ချနိုင်တဲ့ ပမာဏအလိုက် Carbon Credit အဖြစ် ငွေကြေးတန်ဖိုး သတ်မှတ်ပြီး ထောက်ပံ့ကူညီမှုပြုလုပ်မယ့် မူဝါဒရေးရာ မက်လုံးပေးသည့် လုပ်ငန်းစဉ်” လည်း ဖြစ်ပါတယ်။

    မြန်မာနိုင်ငံရဲ့သစ်တောထိန်းသိမ်းမှုနဲ့ သစ်တောပြုန်းတီးမှုကနေ ကာဗွန်ထုတ်လွှတ်ခြင်းကို လျော့ချမယ့် လုပ်ဆောင်ချက်တွေမှာ အကူအညီရစေမယ့် REDD နဲ့ပတ်သက်ပြီး UN-REDD NATIONAL PROGRAMME က ညှိနှိုင်းရေးမှူး ဒေါ်ခင်နှင်းမြင့်က “ဒီ REDD ကိုလုပ်မယ့်နိုင်ငံတိုင်း နိုင်ငံတိုင်းက ပထမအဆင့်မှာဆိုရင် အဓိကအပိုင်းကြီးလေးခုကို ဖော်ဆောင်ရမယ်။ နံပတ်တစ်ကတော့ ပြုန်းတီးမှုတွေကို ဘယ်လိုလျော့ချမလဲဆိုတဲ့ မဟာဗျူဟာတွေ ရေးဆွဲရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ ကျွန်မတို့ မူကြမ်းရေးဆွဲပြီးပါပြီ”လို့ ရှင်းပြပါတယ်။

    “၁။ သစ်တောပြုန်းတီးခြင်းမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်း ၂။ သစ်တောအတန်းအစား ကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်း ၃။ စဉ်ဆက်မပြတ် သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်ခြင်း ၄။ သစ်တောများပြန်လည်တည်ထောင်ခြင်း

    ဆိုတဲ့ လုပ်ငန်းစဉ် ၅ ခုကို REDD+ က လုပ်ဆောင်နေပြီး မြန်မာနိုင်ငံမှာတော့ သစ်တောပြုန်းတီးခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်းနှင့် သစ်တောများ ပြန်လည်တည်ထောင်ခြင်းတို့ကိုသာ အဓိကထားလုပ်ဆောင်နေတယ်လို့ သစ်တောဦးစီးဌာနမှ သိရပါတယ်။

    REDD +ရဲ့ လုပ်ငန်းအကောင်အထည်ဖော်တဲ့နေရာမှာ သစ်တောကို အမှီပြုလုပ်ကိုင်နေကြရတဲ့ ဒေသခံဌာနေတိုင်းရင်းသားတွေရဲ့ လူမှုဘဝအခြေအနေတွေကို မထိခိုက်စေမယ့် အခြေအနေတွေကို ထည့်သွင်းစဉ်စားရမယ်လို့လည်း သိရပါတယ်။

    အဲဒီအထဲက အချို့သောပံ့ပိုးဆောင်ရွက်မှုတွေ (ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း၊ ထိခိုက်မှုနည်းသော သစ်ထုတ်ခြင်း၊ အဆင့်အတန်းနိမ့်ကျနေသော တောများအား ပြန်လည်ထူထောင်ခြင်း) မှာ သစ်တောကဏ္ဍ တစ်ခုတည်းသာ ပါဝင်ပေမယ့် သစ်တောကဏ္ဍပြင်ပမှာလည်း ဖြေရှင်းကူညီဆောင်ရွက်မှုတွေကို သေချာအောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း သိရပါတယ်။

    ဒေသခံအစုအဖွဲ့ပိုင် သစ်တောများ

    ရှမ်းပြည်နယ်ထဲမှာတော့ ဒေသခံအစုအဖွဲ့ပိုင် သစ်တော Community Forests-CF အများအပြားကို အကောင်အထည်ဆောင်နေကြကာ ရွာပေါင်း ၁၀၄ ရွာမှ ဒေသခံအစုအဖွဲ့ပိုင်သစ်တော Community Forests ဧက သုံးသောင်းလေးထောင်ကျော်ရှိပြီး အင်းလေးကန်အနီးက ရေပယ်အထက်ရွာ မှာတော့ ဒေသခံအစုအဖွဲ့ပိုင်သစ်တော Community Forests ဧက ၂၆၀ ကျော် ရှိနေတယ်လို့ ကျေးရွာသူကျေးရွာသားတွေက ဆိုပါတယ်။

    အဲဒီရေပယ်အထက်ရွာရဲ့ ကျေးရွာအစုအဖွဲ့ပိုင်သစ်တောမှာ အတွင်းရေးမှူးဖြစ်တဲ့ ဦးထွန်းဝင်းက သူတို့စတင်လုပ်ဆောင်လာပုံကို ရှင်းလင်းပြောပြပါတယ်။

    “၁၉၉၅/၁၉၉၆/၁၉၉၇ မှာဆိုလို့ရှိရင် သစ်တောက တအားပျက်စီးခဲ့ပါတယ်။ သစ်တောတအားပျက်စီးတော့ သစ်တောဌာနနဲ့ညှိပြီး ကျွန်တော်တို့ရွာပိုင် ရွာသစ်တောလေး လုပ်ပေးပါဆိုပြီးပြောတော့ UNDP အကူအညီနဲ့ ဒီသစ်တောလေး ရရှိခဲ့ပါတယ်။ သစ်တောရဲ့စည်းကမ်းချက်အတိုင်း သစ်ပင်စိုက်ခြင်း စောင့်ရှောက်ခြင်း လုပ်ငန်းတွေ မနားမနေ သုံးနှစ်တိတိ အသည်းအသန်ထူထောင်ပြီး လုံးပန်းခဲ့ရတဲ့ တောဖြစ်ပါတယ်ခင်ဗျာ” လို့ အင်းလေးကန် အနောက်ဖက်ရှိ ရေပယ်အထက်ကျေးရွာရဲ့ အစုအဖွဲ့ပိုင်သစ်တောအကြောင်းကို သူကရှင်းပြပါတယ်။

    မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်ကျင်းသစ်တောထိန်းသိမ်းရေး စံပြတစ်ခုအဖြစ် အင်းလေးဒေသအနီးအနားကျေးရွာအများစုမှာတော့ ဒေသခံအစုအဖွဲ့ပိုင် သစ်တော Community Forests တွေကို စုပေါင်းစိုက်ပျိုးထိန်းသိမ်းထားကြပြီး အမျိုးသမီးများမီးဖွားရေး၊ သာရေးနာရေး၊ ရပ်ရွာပွဲလမ်းသဘင် အခမ်းအနားများအတွက်သာ ဒေသအစုအဖွဲ့ပိုင်သစ်တောမှ အကိုင်းအခက်ငယ်များကို ခုတ်ယူစေခြင်းဖြင့် အသုံးပြုကြတယ်လို့လည်း ဒေသခံပြည်သူတွေက ဂုဏ်ယူစွာ ပြောကြပါတယ်။

    REDD+ရဲ့ အခန်းကဏ္ဍတစ်ခုမှာတော့ ဒေသခံအစုအဖွဲ့တွေဟာ သစ်တောတွေ
    ရေရှည်တည်တံ့စေရန် သင့်တင့်သော အသိပညာဖြင့် စီမံခန့်ခွဲနိုင်ပြီး လူမှုအဖွဲ့အစည်းတွေအနေနဲ့ သစ်တောတွေကို အသုံးပြုခြင်းနဲ့ မြင်သာတဲ့ စီမံခန့်ခွဲမှုအတွက် တာဝန်ခံမှုများနဲ့ အခွင့်အရေးတွေလည်း ပါရှိပါတယ်။

    မြန်မာနိုင်ငံတစ်ဝှမ်းလုံးက သစ်တောများရေရှည်တည်တံ့ရေး ထိန်းသိမ်းမှုတွေအပါအဝင် ဒေသခံအစုအဖွဲ့ပိုင်သစ်တောတွေ ရေရှည်တည်တံ့စေဖို့ ထိန်းသိမ်းမှုတွေဟာ သစ်တောတွေကို မှီခိုအသက်မွေးဝမ်းကျောင်းနေရတဲ့ ကျေးလက်နေ ပြည်သူလူထုနဲ့ နိုင်ငံတော်အတွက်လည်း အကျိုးရှိလိမ့်မယ်လို့ ညောင်ရွှေမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်လှိုင်ဆွေက ဆိုပါတယ်။

    “ဒေသခံပြည်သူတွေအနေနဲ့ ဒေသခံအစုအဖွဲ့ပိုင်သစ်တောတွေ တည်ထောင်ခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ဒီထက်မက အသိပညာရင့်သန်စွာနဲ့ ဆောင်ရွက် မယ်ဆိုရင် ရာသီဥတုကောင်းမွန်မှုတွေရဲ့အကျိုးကျေးဇူးတွေကို ရမှာဖြစ်တဲ့အတွက် နိုင်ငံတစ်ဝှမ်းလုံးက လူတွေပါ တက်တက်ကြွကြွနဲ့ ပါဝင်လာမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့သစ်တောတွေဟာ ကောင်းမွန်လာမယ်လို့ ယုံကြည်ပါတယ်” လို့ သူက ဆိုပါတယ်။

    ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ထဲက အင်းလေးကန်အနောက်ဖက်ရှိ တောင်ပို့ကြီး ကျေးရွာသားတွေဟာ မိရိုးဖလာတောင်ယာ လုပ်ကိုင်စားသောက်လာခဲ့ကြပေမယ့်၂၀၀၀ ပြည့်နှစ်မှ စတင်ကာ ထင်းခုတ်ခြင်း၊ တောင်ယာလုပ်ကိုင်ခြင်းတို့ကို စွန့်လွှတ်ပြီး ပန်းစိုက်ခြင်းနှင့်တခြား သီးနှံစားပင်တွေကို ပြောင်းလဲလုပ်ကိုင်လာခဲ့ကြတယ်လို့ ဒေသခံရွာသားတွေက ဆိုပါတယ်။

    ပန်းနှင့်တခြားစားပင်သီးနှံတွေကို ပြောင်းလဲစိုက်ပျိုးလာခြင်းဟာ ထင်းခုတ်ခြင်းနဲ့ တောင်ယာလုပ်ကိုင်ခြင်းတွေထက် ပိုမိုအကျိုးများကာ သစ်တောထိန်းသိမ်းရေးကိုလည်း ပိုမိုလုပ်ဆောင်ရာရောက်တဲ့အတွက် အင်းလေးကန်ရေရှည်တည်တံရေးကို အထောက်အကူပြုတယ်ဆိုတာကို သိလာခဲ့ရတယ်လို့ အင်းလေးဒေသခံတွေက ဆိုပါတယ်။

    မိရိုးဖလာတောင်ယာလုပ်ငန်းတွေကို စွန့်လွှတ်ကာ ပန်းနဲ့တခြားသီးနှံတွေကို ပြောင်းလဲစိုက်ပျိုးလာရာမှာ လျှပ်စစ်မီးရရှိလာခြင်းကလည်း ထင်းနဲ့သစ်ခုတ်ခြင်းတွေကို လျှော့နည်းကျဆင်းလာစေပြီး ဒေသဖွံ့ဖြိုးရေးကိုလည်း အထောက်အကူပြု လာစေတယ်လို့လည်း ဒေသခံတွေက ရှင်းပြပါတယ်။

    အမျိူးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း

    မြန်မာနိုင်ငံလူဦးရေ ၅၁ သန်းကျော်ထဲက ၇၀ ရာခိုင်နှုန်းကျော်ဟာ ကျေးလက်နေ ပြည်သူတွေဖြစ်ကာ ကျေးရွာစုစုပေါင်း ၆၃၀၀၀ ကျော်ထဲက ၃၀ ရာခိုင်နှုန်းကျော်သာ လျှပ်စစ်မီးရရှိသေးတာကြောင့် ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံ လုံးလျှပ်စစ်ဓာတ်အားရရှိဖို့ နိုင်ငံတော်အစိုးရနဲ့ ကမ္ဘာ့ဘဏ်တို့က ရည်ရွယ်ထားပြီး အမျိူးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက် နေတယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

    “တကယ်တမ်းပြောရရင်တော့ တိုင်းပြည်မှာ လက်ရှိမီးသုံးနေတဲ့ သူတွေကလည်း မီးမရသေးတဲ့သူတွေရဲ့ အခက်အခဲကို ကိုယ်ချင်းစာဖို့ လိုအပ်တာပေါ့။ ကျန်တဲ့သူ တွေအတွက် ဒီလိုသွားလုပ်ပေးဖို့ ပိုက်ဆံက မီးရပြီးသားသူတွေကို စိုက်စိုက်ပေးနေရတာနဲ့ မီးမရသေးတဲ့ သူတွေအတွက် မီးရဖို့က အရမ်းကွာဝေးနေမယ်ဆိုရင် သင့်တော်ကောင်းမွန်မှုရှိပါ့မလား ဆိုတာလည်း ဝိုင်းစဉ်းစားသင့်တယ်” လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဇူလိုင်လ ၂၃ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးကနေ ပြန်လည်ထွက်ခွါလာချိန်မှာ သတင်းထောက်တွေမေးမြန်းချက်ကို ဒုတိယဝန်ကြီးအား ပြန်လည်ဖြေကြားခဲ့တာပါ။

    အဲဒီအမျိူးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းကို ကျေးလက်ဒေသဖွံဖြိုးတိုးတက် ရေးဦးစီးဌာနက မဟာဓာတ်အားလိုင်းပြင်ပစီမံကိန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်က စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့တာဖြစ်ပြီး စီမံကိန်းရဲ့ ပထမ ၅ နှစ်တာကာလ (၂၀၁၆-၂၀၂၁) ခုနှစ်အတွင်းမှာ လျှပ်စစ်ကို တစ်အိမ်သုံး ဆိုလာစနစ်၊ အသေးစားဓာတ်အားပေးစနစ် (နေရောင်ခြည်၊ ရေအား၊ ဇီဝဒြပ်ထု၊ ဇီဝဓာတ်ငွေ့) တို့ကနေ ထုတ်ယူဆောင်ရွက်ပေးနေတာလို့လည်း သိရပါတယ်။

    အဲဒီစီမံကိန်းကို ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ နဲ့ ဆောင်ရွက်နေတဲ့ အမျိူးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းခေါင်းစဉ်အောက်မှာ ကန်ဒေါ်လာ သန်း ၃၁၀ နဲ့ မဟာဓာတ်အားလိုင်းများသွယ်တန်းကာ လျှပ်စစ်ဖြန့်ဖြူးပေးတာကို လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

    ကျန်တဲ့ သန်း ၉၀ ကိုတော့ မဟာဓာတ်အားလိုင်းနဲ့ ၁၀ မိုင်ကျော်ဝေးပြီး နောက် ၁၀ နှစ်အတွင်း မဟာဓာတ်အားလိုင်းမရောက်နိုင်တဲ့ ကျေးလက်ဒေသတွေမှာ လျှပ်စစ်ရရှိဖို့ မဟာဓာတ်အားလိုင်းပြင်ပစီမံကိန်းအဖြစ် ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
    ပြည်ပကြွေးမြီများပြားနေတဲ့ မြန်မာနိုင်ငံမှာ ၂၀၁၇-၁၈ ဘတ်ဂျက်နှစ်အတွင်း လျှပ်စစ်ဓါတ်အား ဖြန့်ဝေပေးနေမှုမှ ကျပ်ဘီလျံ ၅၀၀ လောက်ရှုံးနေပြီး အဲဒီကျပ်ဘီလျံ ၅၀၀ ဆိုတာဟာ မဂ္ဂါဝပ် ၄၀၀ ထုတ်တဲ့ လောပိတစက်ရုံကဲ့သို့ လျှပ်စစ်ဓါတ်အားပေးစက်ရုံ သုံးရုံ၊ လေးရုံလောက် ဆောက်လုပ်နိုင်တယ်လို့လည်း လျှပ်စစ်ဒုဝန်ကြီးပြောကြားချက်အရ သိရပါတယ်။

    သစ်တောပြုန်းတီးမှုတွေ လျော့နည်းလာမလား

    ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံအတွက် စီးပွားရေး၊ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးဆိုင်ရာ
    အမျိုးသားဖွံ့ဖြိုးရေးရည်မှန်းချက်များကို ချမှတ်ရန်လိုအပ်နေပြီး စီးပွားရေးဖွံ့ဖြိုးမှုပုံစံများစွာတို့မှာ သစ်တောများအား ပိုမိုထုတ်လုပ်နိုင်စွမ်းရှိသော မြေအသုံးချမှုများအဖြစ်သို့ ပြောင်းလဲခြင်းကို အခြေခံကြရာ ဒေသခံတွေရဲ့ သစ်တောထိန်းသိမ်းရေးဟာလည်း အရေးပါလာပါတယ်။

    ရှမ်းပြည်နယ်မှာ သစ်တောပြုန်းတီးမှုအများဆုံးဖြစ်ခဲ့ပေမယ့် မြေဧရိယာကျယ်ဝန်းတာမို့ ၄၀ ရာခိုင်နှုန်းသာပြုန်းတီးခဲ့ပြီး သစ်တောဦးစီးဌာနရဲ့ အသိပညာပေးမှုတွေနဲ့ ဒေသခံအစုအဖွဲ့ပိုင်သစ်တောတွေ ထူထောင်ထိန်းသိမ်းလာမှုတွေက ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးရေဝေးရေလဲဒေသမှာ သစ်တောပြုန်းတီးမှုမှ ကာဗွန်ထုတ်လွှတ်ခြင်းတွေကို လျှော့ချလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

    အင်းလေးကန်အနောက်ဖက် ရေပယ်အထက်ရွာက အသက် ၄၉ နှစ်ကျော်အရွယ် အင်းတိုင်းရင်းသူ ဒေါ်ခင်မာညိုက”ခု လျှပ်စစ်မီးလည်းရတော့ ထင်းလည်း မခုတ်တော့ပါဘူး။ သစ်တောတွေပြုန်းတီးခဲ့တာတွေကလည်း နှစ် ၂၀ ကျော်လောက် ကြာခဲ့ပါတယ်။ အရင်တုန်းက စည်းမရှိ ကမ်းမရှိ သစ်ပင်တွေ တအားခုတ်ခဲ့ကြပါတယ်။ ဒီအပင်လေးကို မခုတ်နဲ့ဆိုရင်လည်း ခုတ်ကြတာပါပဲ” လို့ သူမရဲ့ အတွေ့အကြုံတွေကို ရှင်းပြပါတယ်။

    သစ်ဈေးကွက်ခေတ် စီးပွားရေးသောင်းကျန်းမှုဒဏ်ကို မြန်မာ့သစ်တောတွေခံနေရပြီး ရေကိုထိန်းထားနိုင်တဲ့ သစ်တောတွေ မရှိတောတဲ့အတွက် တောင်တန်း ဒေသတွေမှာ မြေပြိုမှုနဲ့ သဘာဝရေကန်တွေ ကျိုးပျက်မှုတွေ ဖြစ်ပွားခဲ့ရ ဖြစ်ပွားနေဆဲလည်း ဖြစ်ပါတယ်။

    မြန်မာနိုင်ငံရဲ့သစ်တောပြုန်းတီးမှုတွေကို လာမယ့် ၂၀၃၀ အတွင်း ၅၀ ရာခိုင်နှုန်းအထိ လျော့ချနိုင်ဖို့ လျာထားဆောင်ရွက်နေပြီး အဲဒီလျာထားချက်ကို အကောင်အထည်ဖော်ရန် “အဆင့်(၁) ကြိုတင်ပြင်ဆင်ခြင်း။ နိုင်ငံအဆင့်မဟာ ဗျူဟာများ/လုပ်ငန်းစဉ်များ ရေးဆွဲခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း။

    အဆင့်(၂)အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။ နိုင်ငံအဆင့်မဟာဗျူဟာများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း/စွမ်းဆောင်ရည်မြှင့်တင်ခြင်း။ အဆင့်(၃)ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်းများ တိုင်းတာခြင်း၊ အစီရင်ခံခြင်း နှင့်အတည်ပြုခြင်းများ ဆောင်ရွက်ခြင်း” စတဲ့ နိုင်ငံတော်အဆင့် REDD + လုပ်ငန်းစဉ်အဆင့်များကို မူကြမ်းရေးဆွဲထားပြီဖြစ်ကြောင်းလည်း REDD +အစီအစဉ် မြန်မာမှ သိရပါတယ်။

    ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်သစ်တောဦးစီးဌာနကတော့ တစ်နှစ်မှာ အပင်မျိုးစုံ ခြောက်သောင်းထိ အခမဲ့ဖြန့်ဝေ စိုက်ပျိုးစေပြီး သစ်တောပြုန်းတီးမှုမှ ကာဗွန်ထုတ်လွှတ်ခြင်းနှင့် သစ်တောကာဗွန်ပမာဏကို တိုးမြှင့်စေခြင်းတို့ကို တပြိုင်တည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

    ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်သစ်တောဦးစီးဌာနက တောအုပ် ဦးဝင်းနိုင်ကတော့ သစ်တောတွေဟာ ကာဗွန်စုပ်ယူခြင်းအပြင် အခြားထုတ်ကုန်ပစ္စည်းများနှင့် သက်ရှိဂေဟစနစ်အတွက်လည်း များစွာ အထောက်အကူပြုပုံကို သူ့အတွေ့အကြုံတွေနဲ့ ရှင်းပြပါတယ်။

    “သူတို့ကြိုက်တဲ့ အပင်တစ်မျိုးတည်းကိုတော့ မရဘူး။ဥပမာ-ခါတော်မီဆိုရင်လည်း ခါတော်မီတစ်မျိုးတည်း။ ခါတော်မီလည်း တစ်နှစ်ပတ်လုံးပျိုးထောင်ရတာဆိုတော့။ ကျွန်တော်တို့က နေကြာပင်အပါအဝင် ဒီအပြင်အရိပ်ရအပင်တွေကိုလည်း တွဲပေးပါတယ်။ အပင်ကိုစပေးကတည်းက အပင်မျိုးစုံကို တွဲပေးလိုက်ပါတယ်။ ဂေဟစနစ်ကိုလည်းတစ်ခုလုံး ပြည့်စုံစေလို့ပါ။ အပင်တစ်မျိုးတည်းသွားစိုက်မယ်ဆိုရင် ပိုးမွှားတွေလာနိုင်တယ်။ ကိုယ့်ခြံထဲမှာ ဒီတစ်မျိုးတည်းဖြစ်နေတယ်ဆိုရင် သောက်စရာစားစရာမရှိရင် အပင်က ဒီတစ်မျိုးတည်းဆိုတော့ စားမှာပဲ။ ဒါက ဂေဟစနစ်ကို နည်းနည်းလေး ဖန်တီးပေးလိုက်တဲ့ သဘောပါပဲ။ တက်နိုင်သ လောက်ပါ” လို့ သူက ရှင်းပြပါတယ်။

    သစ်တောများအား ရေရှည်တည်တံ့အောင်ထိန်းသိမ်းမှုနှင့်စီမံမှုတွေဟာ အထူးသဖြင့် အသက်မွေးဝမ်းကျောင်းမှုအတွက် သစ်တောများအပေါ်မီခိုနေရတဲ့ ကျေးလက်နေပြည်သူတွေက အကျိုးခံစားကြရမှာဖြစ်ပြီး ဒေသခံအစုအဖွဲ့တွေဟာ REDD +စီမံကိန်းရေးဆွဲခြင်းနဲ့ အကောင်အထည်ဖော်ခြင်းအတွက် အရေးပါသူတွေလည်း ဖြစ်ပါတယ်။

    “လျှပ်စစ်မီးပေးတဲ့အတွက် ထင်းမခုတ်ရတော့ဘူးဆိုတော့ ကျေးဇူးအများကြီး တင်ပါတယ်။ သစ်တောလည်းပြန်လည်ထူထောင်ပြီးတော့ စိုက်ထားတော့ အပင်တွေကြီးလာလို့ရှိရင် ဘာပဲလုပ်လုပ် အသုံးပြုရတာပေါ့။ သစ်ပင်တွေစိုက်တော့ ရေစီးကမ်းပြိုတွေကို ထိန်းသလို ရွာကိုလည်း အကျိုးပြုတာပေါ့နော်။ အင်းလေးကန်ကိုလည်း မပျက်စီးအောင် ထိန်းသိမ်းတာပေါ့။” လို့ ဒေသခံအစုအဖွဲ့ပိုင်သစ်တောရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အင်းလေးကန်အနောက်ဖက် ရေပယ်အထက်ရွာက အသက် ၄၉ နှစ်ကျော်အရွယ် အင်းတိုင်းရင်းသူ ဒေါ်ခင်မာညိုက သူမရဲ့ နှစ်၂၀ ကျော် သစ်တောထိန်းသိမ်းရေးအတွေ့အကြုံတွေကို ဝမ်းသာအားရစွာ ပြောပြနေပါတယ်။

    မြန်မာနိုင်ငံအစိုးရမှာ သစ်တောပြုန်းတီးမှုကို လျှောချဖို့ အကောင်အထည်ဖော်ကြိုးစားနေပေမယ့် ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၇ စစ်တမ်းမှာတော့ မြန်မာနိုင်ငံဟာ အာဆီယံဒေသတွင်း လျှပ်စစ်မီးသုံးစွဲနိုင်မှု အနည်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ ဖော်ပြထားပါတယ်။ ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    26,300SubscribersSubscribe
    spot_img

    Latest posts