spot_img
Sunday, April 21, 2024
More
    spot_img
    Homeဆောင်းပါးနယ်ကျွံခြင်း၊ နှောင်းနောင်တနှင့် တစ်ကိုယ်ရည်မွန်းကြပ်မှု

    နယ်ကျွံခြင်း၊ နှောင်းနောင်တနှင့် တစ်ကိုယ်ရည်မွန်းကြပ်မှု

    -

    နေ့စဉ်လုပ်နေကျ နိစ္စဓူဝအလုပ်သည် ကျွန်တော့်အတွက် အသားကျလို့နေပါပြီ။ နံနက်ခြောက်နာရီထိုးသည်နှင့် ကျင့်သားရနေသော မျက်လုံးနှစ်ဖက် အလိုလိုပွင့်ပြီးသားပင်။ မပွင့်လို့လည်းမဖြစ်ချေ။ `နောက်ကျတဲ့ခြေထောက် သစ္စာဖောက်´ ဆိုသကဲ့သို့ ကျွန်တော် အရာရာ နောက်ကျ သွားပါလိမ့်မည်။ မွန်းကြပ်လွန်းသည့် အမှောင်နေ့ရက်များကြား အချိန်တစ်မိနစ်ပင် ကျွန်တော့်အတွက် တန်ဖိုးကြီးလှသည်။

    အရုဏ်ဦးနံနက်ခင်း အလင်းတံခါးဖွင့်ချိန်ဖြစ်၍ သတင်းပို့သံများ အိပ်ဆောင်အသီးသီးမှ ထွက်ပေါ်လာသည်။ တာဝန်ကြပ်မှ အလင်းတံခါးဖွင့်လူစာရင်း ဝင်ရောက်စစ်ဆေးသည်။ ပြီးသော် တာဝန်မှူးဆီသတင်းပို့၍ တာဝန်မှူးမှ အလင်းတံခါးဖွင့်ရန်အမိန့်ပေးသည်။ အလင်းတံခါးဖွင့် သံချောင်းခေါက်သံများ စည်းချက်ညီညီ ထွက်ပေါ်လာသည်။ အမှောင်နံရံ ပိတ်ကားချပ်ပေါ် ခေတ္တစိတ်သက်သာရမှု။ တနည်းအားဖြင့် ထိုသံချောင်းခေါက်သံများသည် လှောင်အိမ်ထဲကငှက်များအတွက် တစ်ညတာ လွတ်မြောက်မှုပင် ဖြစ်သည်။

    အနေကြာသူ လူဟောင်းတစ်ယောက် ဖြစ်လာသောကြောင့် မီးသွယ်တန်းခြင်းနှင့် ရေများလိုက်လံဖြည့်ရခြင်း `ရေ၊ မီး´ တာဝန်ချခြင်းခံရသည်။ ဤနေရာသည် အခြားသောနေရာများထက် အလုပ်ဝန်နည်း၍ သက်သက်သာသာ လုပ်ရသည့်နေရာဖြစ်သည်။ ဝန်ထမ်းလိုင်းခန်းများရှိရာ ရေကန်များဆီ ရေအချိန်မီပြည့်ရန် လိုက်လံဖြည့်ဆည်းရင်း နဖူးမှစီးကျလာသည့်ချွေးစကို အင်္ကျ ီလက်ဖြင့် ပွတ်သပ်သုတ်လိုက်မိသည်။ နယ်ကျွံခဲ့သော ခြေလှမ်းများအတွက် နောင်တတရားနှင့်အတူ ကျွန်တော် တန်ပြန်ပေးဆပ်နေရပြီး မဟုတ်ပါလား။ မှားယွင်းမှုများ အချိန်မီ ပြင်ဆင်နိုင်ခြင်းမရှိ၍ အမှောင်နံရံပေါ် ကျွန်တော် လဲလျောင်းအိပ်စက်ခဲ့ရသည်။

    အတိတ်ဆိုသည့်ကန့်လန့်ကာကို ကျွန်တော် ထပ်မဖွင့်ချင်တော့။ သို့သော် နေ့စဉ်ဘဝ တစ်ကိုယ်ရည်မွန်းကြပ်မှုအောက် ကျွန်တော် ထွက်ပေါက်ရချင်သည်။ အသိတရားဖမ်းဆုပ်မိချိန်တွင် ကျွန်တော့်ခြေလှမ်းများ နယ်ကျွံခဲ့ပြီ။ ကျွန်တော့်၏ ကိုယ်ထည်အစိတ်အပိုင်းထဲ ပြန်နှုတ်၍မရသည့် ဆူးတစ်ချောင်းစိုက်ဝင်ခဲ့။ ငယ်ရွယ်နုနယ်သည့် နှလုံးသားလေးကို ဒဏ်ရာတွေပေးခဲ့။ ကျွန်တော် လူမဆန်သူတစ်ယောက် ဖြစ်နေပြီးလား။ အတ္တအရမ်းကြီးသူတစ်ယောက်ဖြစ်နေပြီးလား။ အမှောင်ကမ္ဘာထဲ တဝဲဝဲလည်ရင်း မိုးခါးရည်နှစ်ကိုယ်တူ မွတ်သိပ်စွာ သောက်ခဲ့ကြသည်။

    ဒဏ်ရာအနာတရဖြစ်သွားရန် မရည်ရွယ်ခဲ့သော်လည်း ဖန်လာသည့်အကြောင်းတရားများသည် ကျွန်တော့်ဆီတည့်တည့်တိုးခဲ့။ ဝေဒနာပေးရန် ရည်ရွယ်ခဲ့ရိုးမရှိပါ။ ဝမ်းတစ်ထွာအတွက် ပညာများသင်ယူရန် ဘဝတက္ကသိုလ်ရောက်ခဲ့ရချိန်။ အချိန်မဆိုင်း ဆိုက်ဆိုက်မြိုက်မြိုက် ကျွန်တော့်ထံ တိုးဝင်လာသည့် သမုဒယနှောင်ကြိုး။ ကျွန်တော့်တစ်ကိုယ်လုံး မလှုပ်နိုင်အောင် ပတ်ခွေရစ်လျက်။ အတိတ်မေ့သူတစ်ယောက်ပမာ အရာရာကို ကျွန်တော် မေ့တတ်လာခဲ့။ အသစ်ဆန်းဆိုသည့် တစ်ကိုယ်စာအတ္တတရားများ ကျွန်တော့်ကိုယ်ထဲ ဖုံးလွှမ်းခဲ့။ တားဆီးရန်ခက်ခဲသည့် အခြေအနေအတိုင်းအတာတစ်ခု အချိန်မဆိုင်းပဲ ကျွန်တော့်အား ပွတ်တိုက်ခဲ့။

    တစ်ဖက်နှင့်တစ်ဖက် လွန်ဆွဲမှုကြား ကျွန်တော် ကိုယ်လွတ်ရုန်း၍ရသည်။ တာဝန်ယူစိတ်မရှိပဲ ထွက်ပြေးလို့လည်း ဖြစ်သည်။ သို့သော် ကျွန်တော်သည် လူသားတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် လူသားဆန်သည့်စိတ်ကို ကျွန်တော် မွေးမြူလိုက်သည်။ သူတို့မျက်နှာကြောင့် ကျွန်တော် ဒူးထောက်အညံ့ခံခဲ့သည်။ ကျွန်တော့်ပြန်အလာကို စောင့်မျှော်နေမည့် ငှက်မြန်လေးများအတွက် ကျွန်တော် လိပ်ပြာသန့်ချင်သည်။ တစ်ဖက်ကို ပြတ်ပြတ်သားသား ကျွန်တော် ရပ်တည်ရတော့မည်။ သို့ပေမဲ့လည်း ကျွန်တော့်စိတ်သည် ကြိုးတန်းပေါ် ဟိုဖက်ဒီဖက်လွန်ဆွဲလျက် တုန်လှုပ်ခြောက်ခြားစ ပြုနေသည်။

    အချိန်တန်အိမ်ပြန်မရောက်သည့် လင်ယောက်ျားအတွက် ပူပင်နေရသည့် ဇနီးသည်တစ်ယောက်၏ ရင်ဘတ်ထဲမှ သောကမီးများ။ ဖခင်၏ယုယမှုကို မျှော်လင့်နေကြသည့် လူမမယ်ရွယ် ကျွန်တော့်ကိုယ်ပွားသွေးသားများ။ တစ်ဖက်တွင်လည်း ဂုဏ်သိက္ခာအတွက် စတေးရတော့မည့် နယ်ကျွံခဲ့သော အိပ်မက်ရိုင်းများ။ ဒွိဟများစွာ ကျွန်တော့်စိတ်အား ရိုက်ခတ်လာသည်။ ကျွန်တော် ပိုမိုတုန်လှုပ်လာသည်။ တွင်းနက်တစ်ခုထဲ ပြုတ်ကျသူအဖို့ ဆွဲမိဆွဲရာ မြက်တစ်ပင်၏ လက်ကျန်မျှော်လင့်ချက်မျိုးပင်။ အပူလှိုင်းများ ကျွန်တော့်ကိုယ်ထဲ တစိမ့်စိမ့် ဒီဂရီ တိုးတိုးလာသည်။

    လွတ်မြောက်အောင် ရှောင်တိမ်းရသော်လည်း ပိုးဖလံပမာ မီးရှိရာသို့ ကျွန်တော် ပို၍တိုးဝင်နေမိသည်။ သောက်လေငတ်မပြေ ကျတ်တွင်းရေထဲကူးခတ်ရင်း အိမ်ပြန်ချိန်များ ကျွန်တော် မေ့တတ်လာခဲ့သည်။ သတိရတမ်းတစိတ်များလျော့လာသည်။ မိသားစုအပေါ် ပျက်ကွက်စပြုလာနေပြီ။ အရာရာချွတ်ခြုံကျလျက် စိတ်ပျက်စရာခြေလှမ်းများ ဆက်ကာဆက်ကာ လှမ်းနေမိသည်။ မူးယစ်ဆေး စွဲနေသူတစ်ယောက်ပမာ ကျွန်တော့် အသိတရားတွေ မူးယစ်ထုံထိုင်းနေလျက်။ လျစ်လျူရှူပစ်ရလောက်အောင် ကျွန်တော့်နှလုံးသားက မမာနိုင်သေးပါ။ ကျွန်တော်ရုန်းထကြည့်သော်လည်း ဒဏ်ရာအနာတရနှင့် အရောင်စွန်းထင်းသွားသည့် စက္ကူငှက်လေးကို သနားပိုမိပြန်သည်။

    နောက်ဆုံး ပြတ်သားသည့်ဆုံးဖြတ်ချက်တစ်ခု ဒုန်းဒုန်းချပြီး လွတ်မြောက်ရေး နယ်မြေတစ်ခုဆီသို့ သူမနှင့်အတူ ပျံသန်းခဲ့ကြသည်။ သူမ၏ မိသားစုဝင်များ တိုင်တောမှုများဖြင့် လိုက်လံပိတ်ဆို့ ဖမ်းဆီးကြသည်။ မည်သည့်အရောင်မျှ ချယ်သထားခြင်းမရှိသေးသည့် သူမနှင့် သက္ကရာဇ်အိုအောက် ရုန်းကန်ကူးခတ်နေသူ ကျွန်တော့်အား သဘောမတူသည့်မှာ သူတို့အပြစ်တော့မဟုတ်။ နယ်ကျွံခဲ့သည့် ကိုယ်ကျင့်တရားကိုသာ တွေးမိတိုင်း ကျွန်တော် အော်ဂလီဆန်လာသည်။ မိမိကိုယ်မိမိ ယူကြုံးမရဖြစ်မိသည်။ အရာရာ အလည်လွန်မိသည့် ကျွန်တော့်အပြစ်သာလျှင်။

    လက်ခုပ်သည် နှစ်ဖက်တီးမှ မြည်ရိုးထုံးစံရှိသည် မဟုတ်လား။ အမှောင်လမ်းကို မလွှဲမရှောင် တည့်တည့်တိုးဝင်ခဲ့ခြင်းသည် တစ်ကိုယ်ရည်မွန်းကြပ်မှုဆီ ဦးတည်ဖြစ်ပျက်ဖို့ ဖန်လာသည့် အကြောင်းတရားများပင် ဖြစ်သည်။ သူမနှင့်ကျွန်တော် ပြဇာတ်ဆန်သည့် ဇာတ်ဝင်တေးတစ်ပုဒ်ကို ချရေးဖြစ်ခဲ့။ လေးညှိမှပစ်လွှတ်လိုက်သည့် မြားတံပမာ လေထုကိုထိုးခွဲ အလည်လွန်သွားသည့် စိတ်ရိုင်းများ။ အချိန်နှောင်းမှ နောင်တတရားများ သယ်ဆောင်လာသည်။ မိုင်တိုင်အမှတ် ပြေးလမ်းပေါ်တွင် ကျွန်တော့်၏အသိများသည် လင်းတစ်လှည့် မှောင်တစ်ချက်နှင့်။ တရားသူကြီး၏ အမိန့်ချသံအဆုံးမှာ မျက်ရည်အရွှဲသားနှင့် ကျွန်တော့်၏အိမ်သူသက်ထား ဇနီးမယား။ သူမလက်တွင်ဆွဲထားသည့် လူမမယ်ရွယ် ကျွန်တော့်သွေးသားနှစ်ယောက်။ ကျွန်တော့်မျက်ဝန်းတွင် ဆို့နစ်မျက်ရည်များ တလိမ့်လိမ့်စီးဆင်းနေသည်။ မှားယွင်းမှုအတွက် တန်ပြန်ပေးဆပ်ရတော့မည့် ဒဏ်ခတ်မှု ပြစ်ဒဏ်များပင်။

    ရုံးထုတ်စစ်ဆေးမှု ကာလပြီးဆုံး၍ အမိန့်ချပြီးနောက် အချုပ်ခန်းမှတဆင့် အကျဉ်းထောင်သို့ ကျွန်တော် ပြောင်းရွေ့ခဲ့ရသည်။ လှောင်အိမ်ထဲ ဘဝအစတွင် မွန်းကြပ်မှုဒဏ် ခံနိုင်ရည်ရှိအောင် ကျွန်တော် အတော်ကျားကန်ထားရသည်။ မိသားစုဘဝကို ပိုမိုတမ်းတလာသည်။ ဆာလောင်မှုဒဏ်အလူးအလဲခံစားလာသည်။ အဆိုးဆုံးက အိမ်လွမ်းဝေဒနာပင်။ ပြင်ပလေကို ပိုမိုရှူရှိုက်ချင်လာသည်။ တစ်လတစ်ခါ မရှိမဲ့ရှိမဲ့စုပြီ ထောင်ဝင်စာလာတွေ့သည့် အိမ်သူသက်ထား ဇနီးမယားကို ပိုသနားလာမိသည်။ တစ်ခါတစ်ရံ ထောင်ဝါဒါများ၏ မျက်နှာရိပ်ကဲလည်း ကြည့်ရသေးသည်။ အခန့်မသင့်ရင် အကြောင်းပြချက်အမျိုးမျိုးဖြင့် အနိုင်ကျင့် အကြပ်ခံရသေး။ အတွေးနယ်ချဲ့ အထီးကျန်စွာဖြင့် အိပ်ပျက်ညများခဲ့သည်။ နေ့စဉ်ပုံသေကားချပ်အောက်မှ တစ်ကိုယ်ရည် မွန်းကြပ်မှုများ။ နှောင်းနောင်တနှင့်အတူ တန်ပြန်ပေးဆပ်နေရသည့် လူ့လောကငရဲပင် ဖြစ်သည်။

    ရဲဘက် အကျဉ်းသားများ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်နေကြသည့်ပုံ။ (Htay Win)

    ရက်မှလသို့တိုက်စား ရာသီခွင်တစ်ခုပြောင်းခဲ့ပြီ။ ပိုက်ဆံပေးကမ်းမှုမရှိ၍ အကျဉ်းထောင်မှ ရဲဘက်စခန်းထုတ်၍ ကျွန်တော် ပါလာပြန်လာသည်။ အကျဉ်းထောင်တွင် မွန်းကြပ်ခဲ့သမျှ ရဲဘက်စခန်းတွင် လွတ်လပ်မှု အနည်းငယ်ရလာသည်။ အလုပ်ပင်ပန်းမှုဒဏ် ရှိသော်လည်း အကျဉ်းထောင်ကဲ့သို့ ချုပ်ချယ်မှုသိပ်မရှိ။ တစ်လတစ်ခါ ဧည့်တွေ့(ညအိပ်ခွင့်) သုံးရက်ရသည်။ ရိုးသားကြိုးစား သူများအတွက်လည်း အလေးထား နေရာပေးသည်။ ဆေးဝါးကုသမှုလည်း လုံလောက်စွာရသည်။ ရေလည်းဝလင်စွာချိုးရသည်။ အစားအသောက်လည်းအဝစားပင်။ စိတ်ကောင်းရှိသည့် အုပ်ချုပ်သူ ထောင်ပိုင်များနှင့်ဆုံလျှင် ပို၍အနေအစားချောင်သည်။ အသားဟင်းလည်း အကျဉ်းထောင်ထက်ပင် ပိုစားရသည်။ လူသစ်အဖြင့်စရောက်ချိန် အလုပ်ကြမ်းနေရာတွင် လုပ်ခဲ့ရသော်လည်း တဖြည်းဖြည်းကြိုးစားလာမှုကြောင့် ကျွန်တော် နေရာကောင်းတစ်ခု ရလာသည်။

    အစိုးရသစ်တစ်ခု အာဏာလွှဲပြောင်းသွားတိုင်း လွတ်ငြိမ်းချမ်းသာခွင့် (နိုင်ငံတော်) လာသည်။ ကျနှစ်ပြစ်ဒဏ်နည်းသူများ လွတ်မြောက်၍ ကျန်ရှိသူများ ပြစ်ဒဏ်လျော့ပေါ့မှု ခံစားခွင့်ရကြသည်။ သံသရာတပတ်လည် လွတ်ငြိမ်းချမ်းသာခွင့်ရောက်၍ ဘဝတူသူငယ်ချင်း အများအပြား လွတ်မြောက်သွားကြသည်။ အနေကြာသူ ကျွန်တော်လည်း ပြစ်ဒဏ်လျော့ပေါ့လာ၍ အကျဉ်းထောင်အတွင်း ရေကန်များဆီ ရေဖြည့်ခြင်း နှင့် လျှပ်စစ်မီးများပြင်ဆင်သွယ်တန်းခြင်း `ရေ၊ မီး´ ပြောင်းလဲတာဝန်ချခြင်း ခံရပြန်သည်။ တစ်ကိုယ်ရည်မွန်းကြပ်မှုများ အနည်းငယ်လျော့ပါးလာသော်လည်း ပြင်ပလောကနှင့် မည်သည့်နည်းနှင့်မျှ မတူနိုင်သေးပါ။

    “အလွှာစုံ၊ လူမျိုးစုံ၊ စရိုက်စုံကြား” နိစ္စဓူဝ တွေ့မြင်နေရသည့် မွန်းကြပ်မှုများ။ ဘဝတူအချင်းချင်းကြား ကတုံးပေါ်ထိပ်ကွက် အနိုင်ကျင့်မှုများ။ လူမဆန်စွာ သတ်ဖြတ်ပြီးထောင်ထဲရောက်လာသည့် ရာဇာဝင်လူဆိုးကြီးများ။ ထောင်ကို အိမ်ဦးနှင့်ကြမ်းပြင်မှတ်ယူနေသည့် သူခိုးဂျပိုးများ။ စိတ်အမှောင်ဖုံး တဒင်္ဂအမျက်ထွက်၍ မိုက်မှားမိ၍ ပေးဆပ်လိုက်ရသည့် အမှားများ။ ကိလေသာနောက် စိတ်အမှောင်ဖုံးခဲ့ရသည့် ကျွန်တော့်ကဲ့သို့သော မုဒိမ်းကောင်များ။ ကျွန်တော့်စိတ်ကို ကျွန်တော် မသတီဖြစ်လာသည်။ လူဘုံအလယ် ကျွန်တော့်ကြောင့် မိသားစုမျက်နှာငယ်ခဲ့ရသည်။ ဂုဏ်ဒြပ်ညှိုးနွမ်းခဲ့ရသည်။ နှောင်းနောင်တတစ်ခုနှင့်အတူ တစ်ကိုယ်ရည် မွန်းကြပ်မှုဒဏ်မှ မိသားစုအတွက် ကျွန်တော် ပြန်လည်ရုန်းထရတော့မည် ဖြစ်သည်။

    တဖြည်းဖြည်းနှင့် ကျွန်တော့် လွတ်ပေါက်(လွတ်ရက်) နီးလာသည်။ ဆေးမှူးလေး(သူနာပြု)အား ကျွန်တော့်၏ တစ်ကိုယ်ရည် မွန်းကြပ်မှုများအကြောင်း အနည်းငယ်ရင်ဖွင့်ခွင့်ရ၍ ခဏသာ စိတ်ထွက်ပေါက် ရလိုက်သည်။ မကြာခင် ကျွန်တော်လည်း ပေးဆပ်မှုပြစ်ဒဏ် ပြည့်မြောက်၍ ပြင်ပလောကထဲ ပြန်လည်စီးမျောခွင့် ရတော့မည်ဖြစ်သည်။ နယ်ကျွံခဲ့သည့် ခြေလှမ်းများအတွက် ပေးဆပ်မှုကြီးခဲ့ပါသည်။ နောင်တတရားနှင့်အတူ နဖူးမှစီးကျလာသည့်ချွေးကို အင်္ကျီလက်ဖြင့် ပွတ်သုတ်ပြီး ထိုင်ရာမှကျွန်တော်ထလိုက်သည်။ ဖွင့်အန်ထုတ်လိုက်ရ၍ လေးလံနေသည့် ကျွန်တော့်စိတ်များအနည်းငယ်သက်သာရ ပေါ့ပါးသွားသလိုပင်။ မကြာခင် မိသားစုဆီ ပြန်လည်ဆုံတွေ့ရတော့မည့်အရေး မျှော်တွေးလျှက် တိတ်တိတ်ကလေး ကျွန်တော် ပျော်ရွှင်နေမိသည်။ နေမင်းကြီးကလည်း အနောက်ဘက်ဂေါယာကျွန်းသို့ ဦးတိုက်လျှက် မကြာခင် နေဝင်တော့မည်ဖြစ်သည်။ နောက်တန်းမှူးမှ အလင်းပိတ်ချိန်အတွက် လိုအပ်သည်များ အချိန်မီသတင်းပို့ရန် လိုက်လံစစ်ဆေးနေသည်။ “တန်းပိတ်မယ်ဟေ့” အလင်းတံခါးပိတ်ရန်အတွက် တာဝန်ကြပ်မှ သတိပေးအော်ပြောသံ ကြားလိုက်ရသည်။ ။
    မှတ်ချက်-ဖြစ်ရပ်မှန် အကြောင်းအရာတစ်ခုကို ခံစားရေးဖွဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,500SubscribersSubscribe
    spot_img

    Latest posts