spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းမွန်တော်လှန်ရေးနေ့ဆိုင်းဘုတ်ကိစ္စ ပြည်နယ်အစိုးရက မွန်ပြည်သစ်ကိုခေါ်ယူတွေ့ဆုံ

    မွန်တော်လှန်ရေးနေ့ဆိုင်းဘုတ်ကိစ္စ ပြည်နယ်အစိုးရက မွန်ပြည်သစ်ကိုခေါ်ယူတွေ့ဆုံ

    -

    မွန်သတင်းအေဂျင်စီ-သြဂုတ်(၂၂)။ ။ မွန်လူထုလူတန်းစားအလွှာအသီးသီးက ပေါင်းစည်းပြုလုပ်မည့် ၇၁ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ဆိုင်းဘုတ်ပါ “တော်လှန်ဝံ့မှ လွတ်လပ်မည်” အဓိပ္ပါယ်ရှိ မွန်စာသားနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီအား သြဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်အစိုးရ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

    မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦး၊ မွန်ပြည်သစ်ပါတီမှ ပြည်တွင်းရေးရာဌာန ဒုတိယတာဝန်ခံ နိုင်ဟံသာဗိန်ခိုင်နှင့် ရုံးအဖွဲ့ဝင်တို့ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

    နိုင်ဟံသာဗိန်ခိုင်က “ကျနော်တို့ မွန်ပြည်သစ်ကလုပ်တဲ့ တော်လှန်ရေးနေ့အခမ်းအနားကိစ္စကို ပြောဆိုကြတာ မဟုတ်ပါဘူး၊ အထူးသဖြင့် မြို့ပေါ်မှာ လူထုတွေလုပ်မယ့် အခမ်းအနားတွေပါ၊ ပိုစတာမှာပါတဲ့ စာသားဟာ လက်ရှိကာလနဲ့မကိုက်ညီဘူးလို့ ဝန်ကြီးချုပ်က ထောက်ပြတယ်၊ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုကို တည်ဆောက်နေတဲ့ ခုလိုကာလမှာ ဒီလိုစာသားမျိုး မရှိသင့်ဘူးလို့ ပြောတယ်” ဟု ဆိုသည်။

    (၇၁) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ဆိုင်းဘုတ်(Copy)

    မိမိတို့မွန်ပြည်သစ်ပါတီအနေဖြင့် လူထုများဦးဆောင်ကျင်းပသည့်အခမ်းအနားများကို ဂိုက်လိုင်းပေး၍ ဝင်ရောက်စွက်ဖက်မရကြောင်း၊ သို့သော်လည်း ဝန်ကြီးချုပ်၏မှာကြားချက်များကို သက်ဆိုင်သည့်ကျင်းပရေး ဦးဆောင်သူများအား နားလည်သဘောပေါက်စေရန် ရှင်းလင်းပြောကြားပေးမည်ဟု အသိပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

    ၇၁ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားကျင်းပရေး ဦးဆောင်ကော်မတီဝင် နိုင်တောပနအောင်က ယခုနှစ်အခမ်းအနားကျင်းပပုံကို နှစ်စဉ်ကျင်းပလာသည့်ပုံစံအတိုင်း သက်ဆိုင်ရာအာဏာပိုင်များထံ အသိပေးတင်ပြခဲ့ပြီး ဖြစ်ကြောင်း၊ မြူနီစပယ်ဧရိယာအတွင်း ဥပဒေနှင့်ညိစွန်းနိုင်သော ပိုစတာစိုက်ထူမှုကို မိမိတို့ရှောင်ရှားသွားမည် ဖြစ်ကြောင်း မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “အာဏာပိုင်တွေဘက်ကတော့ အဓိကမြို့ပေါ်မှာ အခမ်းအနားမလုပ်စေချင်ဘူး၊ ဒါကြောင့် ရေးမြို့ပြည်သူ့ရင်ပြင်မှာလုပ်မယ့်အစီအစဉ်ကို လောလောဆယ် ဖျက်သိမ်းလိုက်ရတယ်၊ မြို့ပေါ်က ဗီနိုင်းပိုစတာတွေ ပြန်ချလိုက်တယ်၊ ရွာတွေမှာ စိုက်ထူတဲ့ဗီနိုင်းပိုစတာတွေကတော့ ပြဿနာတက်စရာ မရှိပါဘူး” ဟု ဆိုသည်။

    သြဂုတ်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် မွန်တော်လှန်ရေးနေ့ အခမ်းအနားကျင်းပသည့်နံနက်ပိုင်း၌ မွန်ပြည်နယ်တောင်ပိုင်းမှ၎င်း၊ မြောက်ပိုင်းဒေသတို့မှ၎င်း ကွယ်လူသူ မွန်ခေါင်းဆောင်အသီးသီးတို့၏ မွေးရပ်မြေရှိ အုတ်ဂူအသီးသီးသို့ သွားရောက်ကာ လွမ်းသူ့ပန်းခွေချဂါဝရပြုခြင်း၊ ထိုနောက် မွန်းလွဲပိုင်းတွင် ဆုံရပ်အဖြစ် မုဒုံမြို့နယ်၊ ကျောက်တစ်လုံးဆရာတော်ကြီး၏ ကျောင်းဝင်းရှိ မွန်တော်လှန်ရေးခေါင်းဆောင်ကြီး နိုင်ရွှေကျင် အုတ်ဂူရှိရာသို့ လူငယ်အင်အား ၄ ထောင်ခန့် ဘင်ခရာအဖွဲ့များနှင့်အတူ ချီတက်အလေးပြုကြရန် စီစဉ်ထားသည်ဟု သိရသည်။

    မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစ ၁၉၄၈ ခုနှစ် နှစ်လယ်တွင် အာဏာရ ဖဆပလအစိုးရအား မွန်လူငယ်တစ်စုက လက်နက်ကိုင်ဆန့်ကျင်ပုန်ကန်မှုစတင်ခဲ့သည့် ဝါခေါင်လပြည့်နေ့ကို မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ကျင်းပခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts