spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းရေးမြောက်ပိုင်းဒေသရှိ SMD လျှပ်စစ်အသုံးပြုသည့်နေအိမ်တိုင်း လမ်းမီးခလစဉ်ငွေ ၄၂၅၀ ကျပ် ကောက်ခံမည့်ကိစ္စ ဒေသခံများလက်မခံ

    ရေးမြောက်ပိုင်းဒေသရှိ SMD လျှပ်စစ်အသုံးပြုသည့်နေအိမ်တိုင်း လမ်းမီးခလစဉ်ငွေ ၄၂၅၀ ကျပ် ကောက်ခံမည့်ကိစ္စ ဒေသခံများလက်မခံ

    -

    မွန်ပြည်နယ်၊ ရေးမြောက်ပိုင်းဒေသရှိ လမိုင်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာအုပ်စု ၅ ခုတို့အား လျှပ်စစ်မီးစတင်ဖြန့်ဖြူးရောင်းချလျက်ရှိသော Southern Myanmar Development-SMD ကုမ္ပဏီလီမီတက်၏ လျှပ်စစ်မီတာအသုံးပြုတပ်ဆင်သည့်နေအိမ်တိုင်းကို ကျေးရွာလမ်းမီးအသုံးပြုခအတွက် လစဉ်ငွေ ၄၂၅၀ ကျပ် ကောက်ခံမည့်ကိစ္စအား ဒေသခံများလက်မခံနိုင်ဟု ဆိုသည်။

    လမိုင်းမြို့မနှင့် မော့ကနင်၊ နှစ်ကရင်၊ ကော့ဒွတ်၊ သောင်ပြင်၊ တောင်ပုံကျေးရွာအုပ်စု ၅ ခုတို့တွင် စုစုပေါင်းအိမ်ခြေ ၁၃,၅၀၀ ခန့် SMD လျှပ်စစ်မီတာတပ်ဆင်ထားသဖြင့် လမ်းမီးခအတွက် လစဉ်ငွေကျပ် ၅၇ သန်းကျော်ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံလျှပ်စစ်ညှိနှိုင်ရေးကော်မတီစာရင်းအရသိရှိရသော်လည်း ကုမ္ပဏီဘက်မှ သီးခြားအတည်မပြုနိုင်သေးပေ။

    လမိုင်းမြို့မ(၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး နိုင်ဝေက “လမ်းမီးအတွက် အိမ်တစ်အိမ်ကို ၁၀ ယူနစ်စာယူထားတာက စျေးကြီးလွန်းတယ်၊ သူတို့တောင်းတဲ့အတိုင်း ဒေသခံတွေကလည်း မပေးနိုင်၊ ကုမ္ပဏီဘက်ကလည်း စျေးမလျော့ဘူးဆိုတော့ လမ်းမီးမယူကြဖို့ ဒေသခံအားလုံးက တစ်သဘောထားပဲရှိကြပါတယ်၊ အိမ်မီးပဲ ယူကြမယ်” ဟု ပြောသည်။
    [/caption]

    SMD လျှပ်စစ်ဓါတ်အား တစ်ယူနစ်သာအသုံးပြုသူ၏ မီတာခဖြတ်ပိုင်း (Copy)

    ထို့ပြင် အဆိုပါ SMD ကုမ္ပဏီနှင့် လျှပ်စစ်မီးအသုံးပြုသည့်နေအိမ်တိုင်း သဘောတူညီစာချုပ် ချုပ်ဆိုခဲ့ရာတွင် လမ်းမီးခနှင့် ဝန်ဆောင်ခပေးဆောင်ရန်မပါရှိဟု ၄င်းက ဆက်ပြောသည်။

    “စာချုပ်သဘောမှာက မိမိတို့နေအိမ်မှာ သုံးစွဲတဲ့မီတာခယူနစ်အတွက်ပဲ စာချုပ်ခဲ့ကြတယ်၊ စက်သုံးလောင်စာဆီစျေးနှုန်းအတက်အကျအပေါ် မီတာခအတိုးအလျော့ရှိမယ်၊ ဒါပေမယ့် လမ်းမီးခတို့ ဝန်ဆောင်ခ ၅၀၀ ကျပ်တို့ဆိုတာ လုံးဝမပါရှိဘူး၊ အခု မီတာခစာရွက်ဖြတ်ပိုင်းပေးလာတော့မှ ဒါတွေကို ထည့်ရေးလာတာ တွေ့ရတယ်” ဟု နိုင်ဝေက ဆိုသည်။

    သို့ရာတွင် အဆိုပါလမ်းမီးအသုံးပြုခအတွက် တစ်အိမ်လျှင် လစဉ်ငွေကျပ် ၁၀၀၀ ကောက်ခံမည်ဆိုပါက ဒေသခံအများစု သဘောတူလက်ခံနိုင်သည်ဟု ၄င်းကယူဆသည်။

    မွန်ပြည်နယ်လွှတ်တော်မှ ပြဌာန်းထားသောလျှပ်စစ်ဥပဒေအရ လျှပ်စစ်စွမ်းအင်ဝန်ကြီးက ဥက္ကဌအဖြစ်ဦးဆောင်သော လျှပ်စစ်ဓာတ်အားဖြန့်ဖြူးကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းထားရှိခဲ့သော်လည်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးသူနှင့် သုံးစွဲသူများအကြား ခေတ်ကာလဒေသနှင့်လျှော်ညီသည့် မီတာနှုန်းထားခသတ်မှတ်ပေးရေးကို ဥပဒေလုပ်ပိုင်ခွင့်အရ အဆိုပါကော်မတီမှဆောင်ရွက်ပေးခဲ့ခြင်း မရှိသေးကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဒေါက်တာအောင်နိုင်ဦးက “ရေးမြို့နယ်မှာ လက်ရှိလျှပ်စစ်မီးထုတ်လုပ်ဖြန့်ဖြူးနေတဲ့ ကုမ္ပဏီ ၃ ခု ရှိပါတယ်၊ ဥပဒေကြောင်းအရ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း ခွင့်ပြုချက်တောင်းထားတာ၊ လိုင်စင်လျှောက်ထားတာနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာကျတော့ ဘယ်ကုမ္ပဏီမှ လျှောက်ထားခြင်း ခွင့်ပြုဆောင်ရွက်ထားခြင်း မရှိဘူးဆိုတာ တွေ့ရတယ်၊ လျှပ်စစ်ကုမ္ပဏီတွေဘက်ကလည်း ဥပဒေကြောင်းအရ လိုက်နာကျင့်သုံးမှု အားနည်းတယ်၊ ဒီလိုလိုက်နာကျင့်သုံးဖို့အတွက်ကိုလည်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ကြီးကြပ်ရေးကော်မတီကနေ ဂိုက်လိုင်းပေးတာ၊ ညွှန်ကြားတာ၊ ထိန်းကျောင်းပေးတာ လျော့ရဲနေတယ်” ဟု ဆိုသည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်အနက် ရေးမြို့နယ်တစ်ခုတည်းသာ အစိုးရမဟာဓါတ်အားလိုင်း မသွယ်တန်းနိုင်သေးသည့်အတွက် SMD ကုမ္ပဏီ၊ မြတ်သူရထွန်းကုမ္ပဏီနှင့် SEGEP ကုမ္ပဏီတို့မှ လျှပ်စစ်ဓါတ်အားများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts