မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ၊ မွန်အမျိုးသားပါတီ MNP နှင့် မွန်အမျိုးသားကိုယ်စားပြုပါတီ တည်ထောင်လိုသူများတို့ တစ်ပါတီတည်းပေါင်းစည်းနိုင်ခြင်း မရှိပါက ချောင်းဆုံမြို့နယ်တွင် လူထုတွေ့ဆုံပွဲ လာရောက်မပြုလုပ်ရန် ဒေသခံများကိုယ်စားပြောဆိုခဲ့ကြောင်း ချောင်းဆုံဒေသခံ AMDP ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း နိုင်ချမ်းအောင်က ဆိုသည်။
“AMDP ကတော့ ချောင်းဆုံမြို့နယ် ပါတီဝင်တွေနဲ့ တွေ့ဆုံချင်တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ တစ်ပါတီတည်း မဖြစ်သေးဘူးဆိုရင် လာရောက်မတွေ့ဆုံဖို့ ပြောခဲ့တယ်။ နောက်ပြီး ကျန်တဲ့ မွန်အမျိုးသားကိုယ်စားပြုပါတီပါ၀င်ပေါင်းစည်းလာနိုင်မှ အားလုံးပေါင်းစည်းနိုင်မယ့် အနေအထားဖြစ်တယ်၊ AMDP နဲ့ MNP နှစ်ပါတီပဲဆိုရင် ပြီးပြည့်စုံတဲ့ပေါင်းစည်းမှုမဟုတ်ဘူး” ဟု နိုင်ချမ်းအောင်က ပြောသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တာဝန်ရှိသူများက ချောင်းဆုံမြို့နယ်ဒေသခံများနှင့်တွေ့ဆုံလိုသောကြောင့် ဒေသခံများကုုိယ်စား နိုင်ချမ်းအောင်အပါအဝင် (၄) ဦးတို့က မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဒုတိယ ဥက္ကဋ္ဌ နိုင်ချမ်းတွဲ့နှင့် တွဲဖက်အတွင်းရေးမှူး (၁) နိုင်စံတင်တို့ကို ဇူလိုင်လ ၃၀ ရက်က မော်လမြိုင်မြို့ရှိ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ရုံးချုပ်တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
“AMDP ပါတီဖြစ်ဖြစ်။ မွန်အမျိုးသားပါတီဖြစ်ဖြစ် နောက်ပြီးတော့ ပါတီအသစ်ကို ထူထောင်ဖို့ လုပ်နေတဲ့ ရာမညအင်အားစုပါတီပဲဖြစ်ဖြစ် မွန်အမျိုးသားကိုယ်စားပြုပါတီပဲပြောပြော ကျနော်တို့ချောင်းဆုံမြို့နယ်မှာ လာပြီးစည်းရုံးရေးတွေလုပ်မယ်ဆိုရင် ဘယ်သူမှ အတွေ့ခံမှာ မဟုတ်ဘူး”ဟု နိုင်ချမ်းအောင်က ပြောသည်။
သို့ရာတွင် MNP နှင့် AMDP နှစ်ပါတီပေါင်းစည်းရေးအပြီးသတ် သဘောတူညီမှုရရှိပြီးဖြစ်သော်လည်း မွန်အမျိုးသားကိုယ်စားပြုပါတီတည်ထောင်လိုသူ ၂၁ ဦးအဖွဲ့နှင့် တစ်ပါတီဖြစ်မြောက်ရေး မည်ကဲ့သို့ပေါင်းစည်းသွားမည်ကို တရားဝင်တွေ့ဆုံဆွေးနွေးခြင်းမရှိသေးကြောင်း ၂၁ ဦးအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။
“ကျနော်တို့ ဇူလိုင် ၆ ရက်နေ့က နှစ်ပါတီကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တယ်၊ ကျနော်တို့ဆန္ဒကို တင်ပြခဲ့ပြီး တစ်လအတွင်းအကြောင်းပြန်ပေးပါလို့ပြောထားတယ်၊ ခုထိ ဘာမှအကြောင်းမပြန်သေးဘူး” ဟု ဒေါက်တာအောင်နိုင်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။
တဖက်တွင်လည်း မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့သည် ၄င်းတို့ပါတီမှ အကြောင်းအမျိုးမျိုးကြောင့် နုတ်ထွက်ခဲ့သူများကို မိခင်ပါတီသို့ပြန်လည်ဝင်ရောက်ရန် ခေါ်ယူစည်းရုံးနေသည့်သတင်းများ ပြန့်နှံ့လျက်ရှိသော်လည်း သီးခြားအတည်မပြုနိုင်ပေ။
MNP နှင့် AMDP နှစ်ပါတီအမှန်တကယ်ပေါင်းစည်းပြီးမှသာ မွန်အမျိုးသားကိုယ်စားပြုပါတီတည်ထောင်လိုသူ ၂၁ ဦးအဖွဲ့နှင့်သော်လည်းကောင်း၊ ပြန့်ကျဲနေသော မွန်နိုင်ငံရေးအင်အားစုအားလုံးနှင့်သော်လည်းကောင်း တစ်ဦးချင်းဖြစ်ဖြစ် အဖွဲ့လိုက်ဖြစ်ဖြစ် အားလုံးပါဝင်နိုင်ရန်လက်ခံဆောင်ရွက်သွားမည်ဟု ဆုံးဖြတ်ထားကြောင်း နှစ်ပါတီပေါင်းစည်းရေးခေါင်းဆောင်များထံမှ သိရသည်။