spot_img
Sunday, April 21, 2024
More
    spot_img
    Homeသတင်းမိုးစက်ကြားက လေညင်းကြွေသံ

    မိုးစက်ကြားက လေညင်းကြွေသံ

    -

    လေညင်းကြွေသံကဗျာ သရုပ်ဖော်ပန်းချီ(Copy)

    မိုးစက်တွေကြား အမှတ်တမဲ့တိုက်ခတ်သွားတဲ့ လေညင်းရဲ့ကာရန်ကို ကျွန်တော် လိုက်ရှာနေမိတယ်။ စည်းချက်ညီညီ လည်ပတ်နေတဲ့ နာရီလက်တံများလား။ အလင်းတစ်စလို မြန်နှုန်းမြင့်ထိုးဖောက်နေတဲ့ ကစင့်ကလျားသီအိုရီများလား။ ဒါမှမဟုတ် နိမိတ်ပုံထပ်နေတဲ့ မိုးသက်မုန်တိုင်းများလား။ တစ်ခုမှဟုတ်မယ်မထင်။ ဒါဆို ငြိမ်သက်နေတဲ့ ကန်ရေပြင်ပေါ် ဖြတ်တိုက်သွားတဲ့ လေညင်းတွေပေ့ါ။ ဖြည်းဖြည်းလေး နဲ့ ငြိမ့်ငြိမ့်လေး ကြက်ခွပ်သွားတဲ့ တံလျှပ်တွေပေါ့။ ဟုတ်ပါတယ်။ နူးညံ့ပျော့ပြောင်း ညီညာတဲ့တေးသွားနဲ့ လေညင်းကြွေသံတွေ။ မိုးစက်မိုးငွေ့ကြားက “လေညင်းကြွေသံ” တွေ ကျွန်တော် ဖမ်းဆုပ်နားထောင်မိခဲ့ပေါ့။

    ဒီလိုနဲ့ ကျွန်တော့်စိတ်တွေ လွန်ခဲ့တဲ့သုံးနှစ်ကျော် အချိန်ကာလတစ်ခုဆီသို့ ပျံ့လွင့်သွားတော့တယ်။ ကဗျာဆရာ လင်းခ(မော်လမြိုင်) နဲ့ ကျွန်တော် ဆိုရှယ်မီဒီယာပေါ်မှာ ကနဦး စတင်ကျွမ်းခဲ့ပါတယ်။ အပတ်စဉ်ထုတ်ဝေနေတဲ့ ဂျာနယ်တစ်ခုမှာ ကဗျာတစ်ပုဒ်ဖော်ပြခံရပြီးနောက် စာပေပိုးတွေ ကျွန်တော့်ကိုယ်ထဲ ကိန်းအောင်းဝင်စချိန်ပေါ့။ ကိုယ်ရေးသားထားတဲ့ ကဗျာတစ်ပုဒ် ပထမဦးဆုံးပုံနှိပ်စာလုံးနဲ့ မြင်ရချိန်မှာ အရာခပ်သိမ်း အနုပညာဆန်နေသလားပဲ။ စာပေအပေါ် မြတ်နိုးစုံမက်မှု၊ ရူးသွပ်မှုရေချိန် တရစ်ရစ် မြင့်တက်နေချိန်ဖြစ်ပါတယ်။ စိတ်ကူးယဉ်အိပ်မက်ထဲ ကမ္ဘာကြီးကို အနုပညာနဲ့ဆောက်ဖို့ ကြိုးစားနေချိန်ပေါ့။

    ကဗျာဆရာ လင်းခ(မော်လမြိုင်) ကတော့ စာမျက်နှာပေါ် အတော်များများဖော်ပြခံနေရပြီ။ နောက်တဆင့်ကို ထပ်မံခြေဆန့်ဖို့အတွက် ခြေကုပ်အားယူ ကြိုးစားနေချိန်လည်း ဖြစ်တယ်။ ကျွန်တော် ကျောင်းနားထားရာမှ မော်လမြိုင်တွင် အဝေးသင်တက္ကသိုလ်ပြန်တက်ချိန်။ ရန်ကုန်မြို့မှာ အိမ်ထောင်ရက်သားကျပြီ ဟိုမှာပဲအခြေချနေထိုင်သည့် ကိုလင်းခမှ မော်လမြိုင်အမေ့အိမ်ဆီ ခေတ္တပြန်လာချိန်မှာ တွေ့ဆုံရင်းနှီးခဲ့ကြပါတယ်။ ထိုမှတဆင့် ဝါသနာတူ၊ ပြည်နယ်တူတဲ့ စာပေညီအစ်ကိုနှစ်ယောက် ဆက်စပ်ဖို့ အကြောင်းဖန်လာပါတော့တယ်။

    “ခင်ရာဆွေမျိုး” ဆိုသလို မွန်ပြည်နယ်သားခြင်းလည်း တူညီတာကြောင့် ရင်ဘတ်ခြင်း ပိုမိုနီးကပ်သွားပါတယ်။ ဒီလိုတစ်ဦးနဲ့တစ်ဦး ညီအစ်ကိုရင်းချာပမာ ခင်မင်ရင်းနှီးနေတာကြောင့် သူရဲ့ ပထမဦးဆုံးတစ်ကိုယ်တော် ထုတ်ဝေထားတဲ့ “လေညင်းကြွေသံ” ကဗျာစုစည်းမှုစာအုပ် ကျွန်တော့်အား လက်ဆောင်ပေးပို့ခဲ့ပါတယ်။ ကဗျာဆရာ လင်းခ(မော်လမြိုင်) ရဲ့ “လေညင်းကြွေသံ” ကဗျာစုစည်းမှုစာအုပ်ကို ဖွင့်ဖတ်မိရင်း ယခု သုံးသပ်ချက်ဆောင်းပါးကို ရေးသားဖြစ်ခဲ့ပါတယ်။

    ကဗျာဆရာ လင်းခ(မော်လမြိုင်)ရဲ့ “လေညင်းကြွေသံ” ကဗျာစုစည်းမှုစာအုပ်ထဲ ပါဝင်တဲ့ကဗျာအများစုဟာ မဂ္ဂဇင်း၊ ဂျာနယ် အမယ်စုံကြား ဖော်ပြခံထားရပြီးတဲ့ ကဗျာများဖြစ်တာကြောင့် အရသာစုံလင်လှပါတယ်။ ကဗျာပုဒ်ရေ စုစုပေါင်း(၅၁)ပုဒ် ပါဝင်ပါတယ်။ အမှာစာကို ဆိပ်ကမ်းသာသူကြီးလို့ ကဗျာသမား၊ စာသမားများ ချစ်စနိုးခေါ်ကြတဲ့ ကဗျာဆရာခိုင်မျိုးက ရေးသားပေးထားပါတယ်။ အမှတ်တရစကားအနေနဲ့ ကဗျာဆရာ ဒီမိုစိုးသူ(ကောလင်း)က ရေးသားပေးထားပါတယ်။

    ကဗျာဆရာ လင်းခ(မော်လမြိုင်)ရဲ့ “လေညင်းကြွေသံ” ကဗျာစာအုပ်ထဲ ကျွန်တော် စီးမျောသွားမိပါတယ်။ သူ့အမြင်၊ သူ့ခံစားချက်တွေ သူ့ကဗျာထဲ လာရောက်ထင်ဟပ်နေပါတယ်။ ကဗျာဆရာဟာ စစ်ကိုရွံမုန်းသူတစ်ယောက်၊ ငြိမ်းချမ်းရေးကို ငတ်မွတ်တောင့်တနေသူတစ်ယောက် ဖြစ်ပါတယ်။ သူ့ကဗျာအများစုတွင် ငြိမ်းချမ်းရေး ငတ်မွတ်တောင့်တမှုပုံရိပ်တွေ အတော်များများ တွေ့နေရပါတယ်။ ကဗျာဆရာဟာ ပကာသနမဖက်၊ အရောင်မခြယ်တဲ့ အဖြူထည်သူငယ်ချင်းဘဝကို ပြန်တမ်းတနေပုံမှာ ကရုဏာသက်ဖွယ်။ သူငယ်ချင်းအပေါ် သံယောဇဉ်ကြီးသူ၊ တန်ဖိုးထားလေးစားချစ်မြတ်နိုးသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

    အစာအိမ်အော်သံကြောင့် အရွယ်မတိုင်ခင် ကလေးငယ်တစ်ယောက်ရဲ့ ထုတ်ဖော်ခွင့်မရတဲ့ဆန္ဒများ။ လူ့လောကမှာ ရှင်သန်နေတဲ့လူသားတစ်ယောက် နေ့စဉ်ကြုံတွေ့နေရတဲ့ မွန်းကြပ်တဲ့အသက်ရှူသံများကိုလည်း သူ့ကဗျာအတော်တော်များမှာ တွေ့မြင်နိုင်ပါတယ်။

    သူငယ်ချင်းအပေါ် ခံစားမှုကြီးတဲ့ ကဗျာဆရာရဲ့ကာရန်ကို ကျွန်တော် ကရုဏာသက်မိပါတယ်။ ဒါကြောင့် ကဗျာဆရာ လင်းခ(မော်လမြိုင်) ရဲ့ “လေညင်းကြွေသံ” ကဗျာစုစည်းမှုထဲမှ ပထမဦးဆုံးအမြည်းအနေနဲ့ “သူငယ်ချင်း” ဆိုတဲ့ကဗျာကို ဗွေဆော်ဆွဲထုတ် မိတ်ဆက်ပေးလိုပါတယ်။

    “သူငယ်ချင်း”
    ဟိုတုန်းက
    မင်းလည်း အဖြူအစိမ်း
    ငါလည်း အဖြူအစိမ်း
    လွယ်အိတ်ကိုစလွယ်သိုင်း
    တစ်ယောက်ပခုံးတစ်ယောက်ဖက်
    ကမ္ဘာမကြေသီချင်းနဲ့
    ကျောင်းတက်ခဲ့ကြတယ်။
    ခု မင်းနဲ့ငါ ပြန်တွေ့ကြတော့
    မင်းက ကားအကောင်းစားကြီးစီးလို့
    ငါက ကတ္တီပါဖိနပ်အစုတ်ကိုစီးလို့
    ငါက နံနက်ခင်းနေခြည်လိုပြံုးပြ
    မင်းက အောက်ဆီဂျင်မပါပဲပြံုးပြ
    ငါ့ရဲ့ အားပါးတရ နှုတ်ဆက်ခြင်းမှာ
    မင်းစကားလုံးတွေက ရေခဲတောင်
    ပြီးတော့—-
    မင်းအိတ်ထဲက
    ခြင်္သေ့ တစ်ကောင်နှစ်ကောင်နဲ့
    ငါ့ဂုဏ်သိက္ခာကို
    နင်းအုပ်ဖို့ကြိုးစားတာ
    သိပ်ဝမ်းနည်းစရာပဲ သူငယ်ချင်း။
    ဒီမှာ——
    သူငယ်ချင်း
    တကယ်ဆို မင်းငါ့ရင်ဘတ်ကို
    ဆောင့်တွန်းပြီး
    “ဟေ့ကောင် သားကြီး သူတောင်းစား
    မတွေ့တာအတော်ကြာပြီ
    မင်းမသေသေးပါလား” လို့
    အားရပါးရ နှုတ်ဆက်လိုက်ပါလား
    အားရပါးရ နှုတ်ဆက်လိုက်ပါလား ။ ။
    (စံတော်ချိန်နေ့စဉ်သတင်းစာ)

    သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပကာသနဖက်စရာမလို။ အဆင့်အတန်း၊ ရာထူးဂုဏ်ရှိန်မရှိ။ အားလုံးဟာအဖြူထည်။ ဘယ်အချိန်၊ ဘယ်အခြေအနေပဲရောက်ရောက် အားလုံးတစ်သားတည်းပင်။ သံယောဇဉ်ကလွဲပြီး ဘာမှမလိုပါ။ သူငယ်ချင်းကြား အရောင်ဆိုးတဲ့သူဟာ လောကနိယာမအရ လူ့ကျင့်ဝတ်၊ လူ့စည်း၊ စတင်ဖောက်သူပင်။ အင်မတန်အောက်တန်းကျသူ။ ဘယ်တော့မှလည်း ကောင်းကျိုးကိုယ် တည်နိုင်မည်မဟုတ်ပါ။

    သူငယ်ချင်းအချင်းချင်းကြား သာမက တစ်အူတုံဆင်းတဲ့ မောင်နှစ်မသားချင်းတွေတောင် အခန့်မသင့်ရင် စိတ်ဆိုးတတ်ကြပါတယ်။ အမုန်း၊ အဃာတတွေတော့ မထားတတ်ကြပါ။ ပဒေသရာဇ်ခေတ်ကစပြီး ပိုင်ဆိုင်မှုအတွက် ဖြစ်ပွားခဲ့တဲ့စစ်မက်တွေ။ တိုင်းတစ်ပါး ကျူးကျော်မှုကြောင့် တော်လှန်ခဲ့တဲ့စစ်ပွဲတွေ။ ရာစုနှစ်ပေါင်းများစွာ ရှည်ကြာခဲ့တဲ့ ညီအစ်ကိုခြင်းတိုက်ရတဲ့ စစ်ပွဲတွေ။ စစ်ပွဲတွေကြောင့် ဉာဏ်ပညာနဲ့ ချစ်ခြင်းတရားတွေ ဆိတ်သုဉ်းခဲ့ပေါ့။ မေတ္တာတရားတွေဆိတ်သုဉ်းခဲ့ပေါ့။ ဆိတ်သုဉ်းခြင်းနဲ့အတူ မိသားစုပေါင်းများစွာ လောင်မြိုက်ခြင်းဒီဂရီတွေ တရိပ်ရိပ်တိုးလာခဲ့ပေါ့။ ဒီလို ဆိတ်သုဉ်းသွားပုံကို ကဗျာဆရာရဲ့ ” စစ်(၃) ” ဆိုတဲ့ကဗျာမှာတွေ့မြင်နိုင်ပါတယ်။

    ” စစ် (၃)

    အာဏာအတွက်ဖြစ်သော စစ်
    နယ်မြေအတွက်ဖြစ်သော စစ်
    ကျောက်ခေတ်ကနေ ယနေ့ခေတ်အထိ
    ဒဏ်ရာတွေအထပ်ထပ်ဖြစ်ရင်း
    ကိုယ်ချင်းစာတရား အားနည်းတဲ့ကမ႓ာမှာ
    ကင်ဆာလိုအမြစ်တွယ်နေ။
    လူမျိုးရေးကြောင့်ဖြစ်သော စစ်
    ဘာသာရေးကြောင့်ဖြစ်သော စစ်
    တဆစ်ဆစ်နာကျင်ကိုက်ခဲ
    ယမ်းဆိပ်သင့်စိတ်တွေထဲ
    မျက်ရည်တွေဓါတ်ခွဲကြည့်တော့
    ကျ ကျကွဲသွား အသက်တွေနဲ့အတူ
    လောင်မြိုက်ဆဲ ဘဝတွေ။ ။
    (ဒီလှိုင်းဂျာနယ်)

    နှစ်ပေါင်းခြောက်ဆယ်ကျော် ရှည်ကြာနေဆဲ စစ်အနိဌာရုံများကြောင့် အရာရာဆိတ်သုဉ်းခဲ့ရပါတယ်။ စစ်ပွဲနဲ့အတူ မွဲတေမှုတွေ သယ်ဆောင်လာတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရှားပါးလာပါတယ်။ စားရမဲ့၊ သောက်ရမဲ့ဘဝတွေ တိုးလာတယ်။ အရွယ်မတိုင်ခင် ဝမ်းတစ်ထွာအတွက် လမ်းတွေပေါ် ပြန့်ကျဲရုန်းကန်ကြရတယ်။ မွန်းကျပ်တဲ့အသက်ရှူသံကြား အဖြူအစိမ်းဝတ် ရွယ်တူကျောင်းသားလေးတွေတွေ့ရင် ငေးမောနေရ။ အရွယ်မတိုင်ခင် ကလေးတစ်ယောက်ရဲ့ ရင်ဘတ်ထဲကဒဏ်ရာ။

    အစာအိမ် အော်သံအောက် ကျောင်းနေခွင့်ဆိုတာ အိပ်မက်ထဲတောင် ထည့်မမက်ရဲတော့တဲ့ အိပ်မက်တွေပေါ့။ မစိုပြည်တော့တဲ့ မိသားစုထမင်းဝိုင်းလေးအောက် အရွယ်မတိုင်ခင် ကလေးတစ်ယောက်ရဲ့ ရင်ထဲကဒဏ်ရာကို ကဗျာဆရာရဲ့ ” ဒီကဗျာအပြင်ဘက်မှာ ကျွန်တော်တို့ဘဝတွေရှိတယ် ” ဆိုတဲ့ကဗျာကို ထပ်မံမိတ်ဆက်ပေးလိုက်ပါတယ်။

    ” ဒီကဗျာအပြင်ဘက်မှာ ကျွန်တော်တို့ဘဝတွေရှိတယ် “
    ကျွန်တော်ကတော့
    မြန်မာပြည်မှာမွေး မြန်မာပြည်ကြီးမှာ
    သန်းခေါင်စာရင်းမရှိတဲ့ နိုင်ငံသားတစ်ယောက်
    ကျွန်တော့်အဖေကတော့
    ထမင်းစားကျောက်ဆိုလား ရှာရင်းနဲ့
    မြေစာပုံအောက်မှာ ပျောက်သွားသလို
    ပေါ်တာပါသွားလို့ မိုင်းနင်းမိပြီး ပြန်မလာသလိုလို
    အမေပြောပြတာက မရေရာမသေချာ။
    ကျွန်တော့်အမေကတော့
    ကျွန်တော့်အဖေမရှိကတည်းက
    ဝမ်းရေးအတွက် တစ်အိမ်တက်တစ်အိမ်ဆင်း
    သူတစ်ပါးအဝတ်တွေ ကူလျှော်တယ်
    ကျွန်တော်ကတော့ တစ်လမ်းဝင်တစ်လမ်းထွက်
    ပလပ်စတစ်ကောက်ရင်း ဗိုက်အဆာပြေအောင်
    ကော်ရှူတယ်လေ။
    ကျွန်တော်တို့နေတဲ့ရပ်ကွက်ကကျူးကျော်
    ကျွန်တော်သေသေချာချာကြည့်ကြည့်တော့
    ယိုးဒယားဘက်ကိုလည်းမကျူး
    ဘင်္ဂလားဘက်ကိုလည်းမကျော်
    မြန်မာပြည်မြေပုံထဲမှာသာ။
    ကျွန်တော့်မှာသူငယ်ချင်းတွေအများကြီးရှိတယ်
    တချို့က ကျွန်တော့်လိုပလပ်စတစ်ကောက်တယ်
    တချို့က လမ်းဘေးလက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးတယ်
    တချို့က မီးပွိုင့်လမ်းဆုံတွေမှာ စံပယ်ပန်းရောင်းတယ်
    တချို့က အမှိုက်လှည်းတွေနဲ့ အမှိုက်လိုက်သိမ်းတယ်။
    ကျွန်တော်တို့ သူငယ်ချင်းအားလုံးမှာ
    တူညီတဲ့အချက် နှစ်ချက်ရှိတယ်
    အဲဒါကတော့
    ကမ္ဘာမကြေသီချင်းကို အတူတူဆိုတတ်တာရယ်
    အဖြူအစိမ်းဝတ်ထားတဲ့
    ရွယ်တူကောင်လေး ကောင်မလေးတွေမြင်ရင်
    ငေးပြီးကြည့်နေတတ်တာရယ် ။ ။
    (ခေတ်ရနံ့မဂ္ဂဇင်း)

    ခိုကိုးရာမဲ့ ကလေးတစ်ယောက်ရဲ့ ရင်တွင်းဒဏ်ရာကို ဘယ်လိုခေတ်မီဆေးဝါးများနဲ့ ကုသရမှာလဲ။ မသိကိန်းတွေရဲ့နောက်မှာ တိတ်တဆိတ်ရုန်းကန်ရင်း နစ်မြှုပ်သွားတဲ့အကြွင်းတွေ ဘယ်လောက်များ ကျန်ရှိနေသေးလဲ။ ကတုံးပေါ်ထိပ်ကွက် ချိုမြိန်ခြင်းအရသာကို အချောင်စားသုံးခွင့်ရနေသူများလည်း ပူလောင်ခြင်း ဒဏ်ခတ်ခံရဦးမှာပဲ။ ဘယ်အရာမှ မမြဲခြင်းနောက် ကလေးငယ်တွေရဲ့ ရင်ဘတ်ထဲကဝေဒနာကို ဘယ်သူများအရေးတယူ ပြောကြမှာလဲ။ ရှင်သန်မှုအတွက် နောက်ဆုံးထွက်သက်အထိ တိုက်ပွဲဝင်ရဦးမှာပင်။ တိုက်ပွဲခေါ်သံရဲ့အဆုံးမှာ လေညင်းကြွေသံ သဲ့သဲ့နဲ့ လွတ်မြောက်ခြင်းနိမိတ်ပုံတွေနဲ့ ကဗျာစာအုပ်ခေါင်းစီးဖြစ်တဲ့ ” လေညင်းကြွေသံ ” ကဗျာကိုနောက်ဆုံး မိတ်ဆက်လိုက်ရပါတယ်။

    “လေညင်းကြွေသံ”
    မနက်ဖြန်ရဲ့မသိကိန်းတွေ
    ဒီနေ့ရသမျှအကြွင်းတွေနဲ့
    ဘယ်လိုမြှောက်မြှောက်
    ဘယ်တော့မှသုညမရခဲ့ဘူး။
    ခဏလောက် အသက်ရှူခွင့်ရကမ္ဘာ
    ဆယ့်နှစ်ရာသီ ဝတ်မှုန်
    ဆယ့်နှစ်ရာသီ ငရဲ
    သုံးဆယ့်တစ်ဘုံမှာ
    ဘယ်အရာမြဲသလဲ။
    လွတ်လပ်တဲ့လေတွေထဲ
    မလွတ်မြောက်သေး ငါ
    စိတ်ကိုအသာလေး အိပ်မွေ့ချချိန်
    ခန္ဓာကိုယ်ပေါ်ဖွဖွလေးကြွေတယ်
    လေညင်းတွေတဖွဲဖွဲ ။ ။

    ကျွန်တော့်စိတ်တွေ ချုပ်နှောင်ထားရာမှ ပိုမိုလွတ်လပ်သွားသလို ခံစားလိုက်ရပါတယ်။ တစ်ပြိုင်နက် ပိုပြီးလေးလံထိုင်းမှိုင်းသွားသလို ခံစားလိုက်ရပြန်တယ်။ စစ်ပွဲအနိဌာရုံကြောင့် နေ့စဉ်ဘဝတွေ နားဝင်မချိုသေးဘူး။ အဆင့်အတန်းယိုဖိတ်မှုက ပြည်တည်နာလို လှိုက်စားနေဆဲ။ အရွယ်မရောက်သေးတဲ့ ကလေးငယ်ရဲ့ ရင်ဘတ်ထဲကရှိုက်သံကို ဘယ်သူများအရေးတယူ အသိအမှတ်ပြုကြမလဲ။ “လေညင်းကြွေသံ”တွေ ကျွန်တော်ဖမ်းဆုပ်မိခဲ့တယ်။ သိမ့်မွေလွန်းတဲ့ လေညင်းကြွေသံတွေပေါ့။ ချစ်ခြင်းမေတ္တာနဲ့ ကိုယ်ချင်းစာတရား ရောစပ်ထားတဲ့ “လေညင်းကြွေသံ” တွေပေါ့။
    ရာမညမင်းငြိမ်းချမ်း
    26-7-2018(Fri)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,500SubscribersSubscribe
    spot_img

    Latest posts