spot_img
Saturday, May 4, 2024
More
    spot_img
    Homeသတင်းပွဲတော်များ

    ပွဲတော်များ

    -

    ရှေးနှစ်ပေါင်းများစွာကပင် လူသားတို့ ဘဝအမောများပြေပျောက်ရန်နှင့် စိတ်အဆာဖျော်ဖြေရန်အတွက် ပွဲတော်များကို
    ဖန်တီးထားကြသည်။ နေ့စဉ်ဖြတ်သန်းနေရသည့် မွန်းကြပ်သော လူနေမှုဘဝတွင် စိတ်ထွက်ပေါက်ရရန် ပွဲတော်များလိုအပ်ပါသည်။ ဓလေ့ရိုးရာနှင့် သက်ဆိုင်သော ပွဲတော်များရှိသကဲ့သို့ လူသားတို့ဖန်တီးထားသော ဒရမ်မာဆန်လွန်းသည့် ရာသီစာပွဲတော်များလည်း (၂၁)ရာစုတွင် ပိုမိုကျယ်ပြန့်လာသည်။

    လူသားတို့သည် သဘာဝအလျှောက် အသစ် အသစ်များကို ငတ်မွတ်တောင့်တနေတတ်သည်။ ပျင်းရိဖွယ်ဖြတ်ညှပ်ကပ်များ၊ ဒိုင်ကြောင်များ၊ ဖန်တရာတေပုံစံခွက်ထဲမှ ဟောင်းနွမ်းနေသည့် အယူအဆများကို စုံမက်ခြင်းမရှိတော့။ အနှစ်သာရမရှိသော အစဉ်အလာများလည်း နှစ်လိုဖွယ်မရှိတော့။ ဆန်းသစ်ဖို့အတွက်သာ အသစ်များကို စူးစမ်းရှာဖွေနေကြသည်။

    ပွဲတော်တစ်ခု(Internet)

    လူမျိုးစုတို့သည် ကတိသစ္စာကို တန်ဖိုးထားလေးစားသူများ ဖြစ်ကြသည်။ ” ကတိကိုလွယ်လွယ်မပေးနဲ့ ” ရှေးလူကြီးများ၏ မှတ်သားဖွယ်ရာ မှာတမ်းစကားရှိပါသည်။ လူမျိုးစုများသည် မိမိတို့အပေါ် တင်နေသောကတိကို ပွဲတော်ပမာဖန်တီးနေခြင်းကို လိုလားမှုမရှိ။ အဆင့်အတန်းရှိရှိ လက်ဆင့်ကမ်းပြုမှုကိုသာ လိုလားကြသည်။ နှစ်ဦးနှစ်ဖက်ကတိပြုခဲ့သည့် ပွဲတော်၏အနှစ်သာရများသည် နှစ်လိုဖွယ်ရာဖြင့် ပြီးပြည့်စုံမှုများ ပြည့်နှက်နေပါသည်။ မော်ဒန်ရေစီးနှင့်အတူ ထိုပွဲတော်သည် ပြယုဂ်မျှသာကျန်ရှိနေတော့သည်။ (၂၁)ရာစု မော်ဒန်ပွဲတော်များသည် အလွန်အန္တရာယ်များသောအခြေအနေတွင် တည်ရှိနေဆဲ။ အချိန်မရွေးကျိုးပျက်နိုင်သည်။ ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေသောကြောင့် လက်ဆင့်ကမ်းရန် သင့်လျော်ခြင်းမရှိပါ။ ထိုသို့သော ဓလေ့များကို ပြတ်သားစွာ စွန့်လွှတ်ရန်လိုအပ်သည်။

    ရင်ဘတ်မှညှစ်ထုတ်လိုက်သော အနုပညာသွေးသားများသည် စစ်မှန်ခြင်းသရုပ် ရာနှုန်းပြည့်ပေးစွမ်းနိုင်မည်လား။ သိပ်တော့မသေချာပါ။ ခေတ်ကပဥ္စလက်ဆန်ဆန် လှည့်ကွက်များဖြင့် အိပ်မက်ဆန်လွန်းသည်။ ဖူးသစ်လာမည့် အိပ်မက်အသစ်ကိုစောင့်မျှော်ရင်း အဟောင်းသံသရာထဲ အိပ်မောကျနေတတ်သည်။ စည်းတားပိတ်ပင်ခံရသည့် အခိုက်အတန့်များ ဆက်တိုက်ကြုံလာသောအခါ အလိုလို အားငယ်စိုးထိတ်လာသည်။ တန်းမဝင်တော့သည့်အိပ်မက်များ တံလျှပ်ပမာ တလက်လက်ထလျှက်။

    မော်ဒန်ရေစီးကိုလိုက်၍ ပတ်ဝန်းကျင်၊ နေရာဒေသ၊ ကိုးကွယ်ယုံကြည်မှု စသည့်အမျိုးမျိုးသောပွဲတော်များ ကွဲပြားခြားနားလျှက်ရှိသည်။ ဓလေ့ရိုးရာနှင့် သက်ဆိုင်မှုမရှိသော ပွဲတော်များလည်း ဖန်တီးထားကြသည်။ ယနေ့ပွဲတော်များသည် လူ့ပတ်ဝန်းကျင်ကြား ရင်ဆိုင်ကြုံတွေ့နေရသည့် ဖိအားများ၊ မွန်းကြပ်မှုများ ထွက်ပေါက်ရစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု မြင်မိသည်။ ရာစုသစ်တွင် ပွဲတော်များသည် ဒရမ်မာဆန်ဆန် ဂယက်ထလျှက်ရှိသည်။

    အထူးသဖြင့် ယနေ့ပွဲတော်များသည် ကတိသစ္စာထိန်းသိမ်းခြင်းထက် ပရိယာယ်များစွာဖြင့် အပျက်ဘက် ဦးတည်နေသလိုပင်။ ခံစားချက်ကို ရှေ့တန်းတင်လာကြသည်။ ပွဲတော်များကို အကြောင်းပြု၍ ကတုံးပေါ်ထိပ်ကွက် စီးပွားရှာလာကြသည်။ “အလှူအစိတ်၊ ငရဲတပိဿာ” သရော်ဟန်စွက် ဝေဖန်ပြောဆိုမှုများလည်း ရှိလာသည်။ လက်ဝါးကြီးအုပ် စိုးမိုးသူများ ပိုမိုများပြားလာသည်။ သူရဲကောင်းဝါဒကို ဘုရားလိုကိုးကွယ် လာကြသည်။ ငါတကော ကောလျက် ရောမအင်ပါယာ ထူထောင်လိုသူချည်းပင်။

    ပွဲတော်များသည် ခွန်အားအလဟသဖြုန်းတီးပစ်နေသည်ဟု ဝေဖန်ထောက်ပြများလည်း အရှိန်အဟုန် မြင့်တက်လျှက်ရှိသည်။ စျေးကွက်စီးပွားရေးတစ်ခုပမာ ပွဲတော်များကို တင်သွင်းလာကြသည်။ (၂၁)ရာစုထဲ ဆက်လက်စီးမျောရင်း ဆန်းသစ်တီထွင်မှုနောက် ရုပ်ဝတ္ထုများ တိုးတက်လာသည်။ စိတ်ဓါတ်ရေးရာများ ပိုမိုသိမ်ဖျင်းလာကြသည်။ အချောင်သမားများ ပိုမိုနေရာရလာသည်။ ငွေနောက်လိုက်ရင်း အမှန်တရားကို မျက်ကွယ်ပြုလာကြသည်။ လွှသွားပမာ နှစ်ဖက်တိုက်စားသည့်အဖြစ်များ ဆက်တိုက်ကြုံတွေ့နေရသည်။ အိပ်ကပ်အဖောင်းသားနှင့် အိမ်ပြန်ရန်သာ ကြိုးစားလာကြသည်။ လိုဘမပြည့်မှုကြောင့် တဖြည်းဖြည်း အရိုင်းဆန်လာသည်။

    ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်များသည် စက္ကန့်တိုင်းလိုလို ရွေ့လျားစီးဆင်းနေသည်။ သို့သော် အသိတရားဒီဂရီများလည်း မြင့်တင်ထားရန်လိုသည်။ ကောင်းမွန်သောပြောင်းလဲခြင်း ရှိသကဲ့သို့ ဆိုးလှတဲ့အလိုတော်အတိုင်း ပြောင်းလဲခြင်းများရှိသည်ကို သတိချပ်သင့်သည်။ ပြုပြင်ပြောင်းလဲမှုတိုင်း အကြွင်းများဖြာထွက် ပါလာတတ်ကြသည်။ ပြောင်းလဲခြင်းများ ဆင့်ကဲဖြစ်ပေါ်နေသော်လည်း အဟောင်းသံသရာထဲ အိပ်စက်နေသူများအဖို့ နှိုးရခက်နေတတ်သည်။ တချို့သော စာအုပ်ကြီးများမှာ တယူသန်အစွဲ ကပ်ငြိနေဆဲ။ ဖြစ်တည်မှုသဘော သိမှုများရပ်တန့်သွားသည်ဟု အပြုသဘောဆောင် ကောက်ချက်ချမိသည်။

    ပွဲတော်များကို အကြောင်းပြုပြီး ဝေဒနာကိုထမ်းပိုးထားသယောင် ကရုဏာရှင်များပမာ ပြုမူထားသည်။ ကြီးကျယ်မြင့်မြတ်သူများ၊ သဘောထားကြီးမြတ်သူများ၊ ခွင့်လွှတ်နိုင်စွမ်းရှိသူများပုံစံလည်း ဖမ်းတတ်ကြသည်။ ရိရွဲနေသည့် အတွင်းကောက်များကို အားလုံးမြင်နေပြီးဖြစ်သည်။ သို့သော် ရေတွင်းထဲပြုတ်ကျသူအတွက် နောက်ဆုံးလက်ကျန် မျှော်လင့်ချက်ဖြင့် မြက်တစ်မျှင်မျှသာ။ ရှင်သန်ဖို့မရေရာသော်လည်း အဆိုးဆုံးအခြေအနေထက် ပိုမိုသာလွန်မည်ကို ယုံကြည်မှုအနည်းငယ်ဖြင့် ပုံအပ်နေခြင်းလည်း ဖြစ်သည်။

    ပွဲတော်များသည် တဖြည်းဖြည်း ရုပ်လုံးကြွလာနေပါပြီ။ ပွဲတော်များသည် အစစ်အမှန်များ ပျောက်ဆုံးနေဆဲ။ ပွဲတော်များသည် ဦးတည်ချက်များ ကျပျောက်နေဆဲ။ ခေါင်မိုးပြာတန်းလျားများ ပိုမိုများပြားလာဆဲ။ ချိုးဖြူငှက်ဆီ အလည်တစ်ခေါက်မျှ မရောက်နိုင်တော့။ ကြ့ံကြံ့ခိုင်ခုခံထားရင်း မှောင်နေဆဲညအောက် ပိုမိုဆွဲသွင်းသွားသည်။ ပွဲတော်များသည် အားလုံးကို တစ်စက်မှကိုယ်စားမပြုပါ။ အနိုင်အထက်ပြု ဝိတ်အားဖြင့်အပေါ်ကဖိနှိပ်ရင်း ပွဲလှန့်ထားဆဲ။ ကျားမြီးဆွဲရင်း ကျားရဲ့ခေါ်ဆောင်ရာနောက် တဖြည်းဖြည်းမျောပါခဲ့သည်။

    ပွဲတော်များသည် လိုသလိုအသုံးတော်ခံရင်း နာမအမျိုးမျိုးဖြင့် အောင်မြင်မှုဆီချီတက်နိုင်ခြင်း မရှိသေးပါ။ ပွဲတော်များကိုအကြောင်းပြရင်း တိမ်သီချင်းဆိုသူများ ကြယ်လွမ်းသူများ ပိုမိုများပြားလာသည်။ ပွဲတော်များကိုပုံသွင်းရင်း စျေးကွက်စီးပွားရေးစနစ်ကို ချဲ့ထွင်လာသည်။ ပွဲတော်များကို ခုတုံးလုပ်ရင်း ငြိမ်းချမ်းခြင်းများ ပျောက်ဆုံးသွားသည်။ ပွဲတော်များကိုအကြောင်းပြုရင်း မိမိတို့အမှတ်အသားများ တဖြည်းဖြည်းဝါးမြိုသွားသည်။ ၂၁ရာစုတွင် ပွဲတော်များကို ဒရမ်မာပြဇာတ်ဆန်ဆန် တင်ဆက်နေကြသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,100SubscribersSubscribe
    spot_img

    Latest posts