spot_img
Monday, April 15, 2024
More
    spot_img
    Homeဆောင်းပါးသေဝံ့သည် သို့သော် သစ္စာတရားကမသေ

    သေဝံ့သည် သို့သော် သစ္စာတရားကမသေ

    -

    လဂွန်းအိန် ပန်ချီကား(Internet)

    အနောက်ဘက်ဂေါ်ယာကျွန်းပေါ်တွင် နေမင်းကြီး မေးတင်နေလေသည်။ မကြာခင် နေဝင်တော့မည်။ နေမင်းသူရိန်သည် သူအလုပ်သူလုပ်ကာ သြကာသလောကသားတွေကို အလုပ်အကျွေးပြုနေသည်။ နေဝင်သည် နေထွက်သည် နေမင်းကြီး၏ ကမ္ဘာပေါ်ထားသော သစ္စာတရားဖြစ်သည်။ ကမ္ဘာပေါ်တွင် သစ္စာအရှိဆုံးအရာပြပါဆိုလျှင် နေမင်းကြီးကို အကျွနုပ် ပြလိုသည်။ ရူပဗေဒကတော့ ကမ္ဘာကနေမင်းကြီးကို လည်ပတ်နေသည်ဟု ဆိုသည်။ အကျွနုပ်အတွက်တော့ နေမင်းကြီးသည် ကမ္ဘာပေါ်သစ္စာအရှိဆုံး မိတ်ဆွေကောင်းတစ်ယောက်ဟု မှတ်ယူသည်။

    သူရဲကောင်းမည်သည် အဘယ်နည်း။ ထို့နည်းတူ စစ်သူရဲကောင်းဆိုသည်ကား အဘယ်နည်း။ အကျွနုပ် အကြိမ်ကြိမ်မေးမိသော စကားစုတစ်ရပ်ပင် ဖြစ်သည်။ သူရဲကောင်းဆိုသည်ကား သူတစ်ပါးအပေါ် သို့မဟုတ် လူအများအပေါ် သို့မဟုတ် ပြည်သူတရပ်လုံးပေါ် မိမိတတ်ကျွမ်းသော ပညာရပ်ဖြင့် ကျေးဇူးပြုသူကို ခေါ်ဆိုခြင်းဖြစ်သည်ဟု အကျွနုပ်မှတ်ယူသည်။ ထို့နည်းတူ စစ်သူရဲကောင်းဆိုသည်ကား စစ်တိုက်ရင်းဖြင့် ပြည်သူတို့အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်နေသူဟု ယူဆသည်။

    တကယ်တော့ အကျွနုပ်လည်း ပညာသိပ်မတတ်။ ခုကျွနုပ်တွေးနေသည့်အကြောင်းကို မင်းကန်စီ သို့မဟုတ် အမတ်ဒိန်မဏိ တစ်ဦးဦးကိုမေးကြည့်လျင် ပိုသိနိုင်လောက်သည်။ သို့သော် အကျွနုပ်မေးဖို့အချိန်မရတော့ပါ။ အကျွနုပ်ကို သုရှင်က သူရဲကောင်းဘွဲ့ချီးမြှင့်သည်။ လက်ဝဲတော်ရံ ဘယ်လက်ရုံးအဆင့်ထိကို မြှောက်စားသည်။ တကယ်တော့ အကျွနု်ပ်သည် စစ်သူရဲကောင်း တပါးကဲ့သို့ ဆက်ဆံခံရသည်။ သို့သော် အဘယ်ကြောင့် အကျွနုပ် စစ်သူရဲကောင်းပြုခံရတာလဲဆိုတာ ခုထိမသိရှိနိုင်သေးပေ။

    စစ်သူရဲကောင်းမည်သည် ညှာတာမှုမရှိ။ စာနာစိတ်မရှိရ။ နှလုံးသားမရှိရဘူး။ ဦးနှောက်ထဲမှာ သခင့်ကို သစ္စာရှိပါ့မည်ဆိုသည့် စိတ်ဓါတ်သာ လိုအပ်သည်ဟု ကြားမိခဲ့ဖူးသည်။ ဤသို့ဆိုလျင် စစ်သူရဲကောင်းများသည် တိရစ္ဆာန်သာသာဖြစ်တော့မှာပေါ့လို့ ခပ်ညစ်ညစ်လေး တွေးမိပြန်သည်။ တကယ်တော့ ကျွနုပ်မှာ နှလုံးသားရှိသည်။ စာနာစိတ်ရှိသည်။ သစ္စာတရားရှိသည်။ ဒါတွေအားလုံးရှိသည်။ ဒါဆို ကျနော်ကို မည်သို့ခေါ်မည်နည်း။ သုရှင်ကတော့ ကျွနုပ်လိုကျေးတောသားကို အိမ်ဆောင်နန်းဆောင်တွေအကျအနပေးကာ မြှောက်စားသည်။ စစ်ပွဲအလီလီနွှဲခဲ့သည်။ အမိမြေကို ကာကွယ်လိုစိတ်အပြည့်နှင့်။

    နှောင်းလူတွေ အကျွနုပ်အကြောင်းဖတ်ကြလျင် ကျေးတောသားတစ်ယောက်၏မာန၊ သူရဲကောင်းတစ်ယောက်၏ သစ္စာရှိမှု၊ လူမျိုးစုတစ်စု၏ဇာတိမာန်၊ ဇနီးသည်အတွက် ခင်ပွန်းကောင်းတစ်ယောက်၊ လုပ်ဖော်ကိုင်ဖက်တွေအတွက် သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် မြင်ကြရလိမ့်မည်။ တကယ်တော့ ကျွနုပ်ကိုယ်တိုင်ကတော့ အကျွနုပ်ကိုယ်ကျွနုပ် သူရဲကောင်းတစ်ယောက်အဖြစ် မသတ်မှတ်ထား ပြည်သူတွေထဲက ပြည်သူ၊ သုရှင်၏ ကျေးတော်ခံတစ်ယောက်အဖြစ်သာ……

    နှောင်းလူတို့က ကျွနုပ်ကိုသိမှတ်ကြမည့်နာမတော်က သုရှင်ပေးထားသည့် ဗညားလဂွန်းအိမ်။ တိုက်ကုလားမြို့စား။ ငယ်နာမည်က မဲ့သံလုံ “သေရမည်အသတ်ခံရမည်ကိုမကြောက်၊ အလိမ်ခံရမည်ကိုသာ ကြောက်သောသူ” တည်း။……

    စစ်ရေးစစ်ရာ စစ်သံတိုက်သံတွေကြား သုရှင်တစ်ယောက် ဗျာများနေလိမ့်မည်။ လက်ယာရံညာ လက်ရုံးကြီးသမိန်ဗြဇ္ဇကြီး ကျဆုံးသွားတာ မကြာလှသေး။ ခုတော့ ကျနော်အလှည့်ရောက်နေချေသည်။ ခရီးလမ်းဆုံးမရောက်ခင် လက်ပြနှုတ်ဆက်ရတော့မည်။ မြစ်အောက်ဘက်တွင် စခန်းချနေသော သုရှင်၏ ရင်ထဲဝမ်းနည်းနေလိမ့်မည်။ အနောက်ဘက်တွင် နေသည်ဝင်လုနီးနီး ရှိနေချေသည်။ ပါးပြင်ပေါ်တွင် မျက်ရည်စက်တို့က တလိမ့်လိမ့်ကျဆင်းနေသည်။ သူရဲကောင်းတို့မည်သည် မျက်ရည်မကျရ ဆိုရိုးစကားရှိသည်။ ခုတော့ ကိစ္စမပြီးခင် လက်ပြရတော့မည်ဖြစ်သောကြောင့် မျက်ရည်ကျမိသည်။ သုရှင်ပေးသော သူရဲကောင်းဘွဲ့က ထိုက်တန်၏လောဟု တွေးမိသည်။ တိုက်ကုလားမြို့နှင့် စွယ်စုံဆင်ကရော ထိုက်တန်ပါ၏လောဟု မေးသင့်သည်။ နှမတော်နှင်းကေသရာနဲ့ မိတလထောတို့ကော ထိုက်တန်ပါ၏လောဟု တွေးမိသည်။ ရန်သူ၏မြှုပ်ကွက်ထဲတိုးဝင်မိသော ထောင်ချောက်ထဲတိုးဝင်မိသော မဲ့သံလုံ ကျွနုပ်သည် သူရဲကောင်းဖြစ်ထိုက်ပါ၏လောဟု တွေးနေမိသည်။

    နေမင်းကြီး၏ ဝင်လုဝင်ဆဲအရောင်ဝါကြောင့် တိမ်သားတို့တွင် ပုဇွန်ဆီရောင် သမ်းနေသည်။ လှပနေသည်။ ထိုမြင်ကွင်းမျိုးကို မကြည့်ရသည်မှာ အတော်ကြာပြီဖြစ်သည်။ သူရဲကောင်းဖြစ်သည်နေ့မှစ၍ သူရဲကောင်းဘွဲ့နှင့်အညီ တိုင်းရေးပြည်ရာတွေ ဆောင်ရွက်နေသောအခါ ထိုမြင်ကွင်းမျိုးကြည့်ရန် အချိန်မရှိတော့ပေ။ ယခုတော့ဘဝ၏နောက်ဆုံးအချိန်တွင် ထိုမြင်ကွင်းသည် ဘဝကူးကောင်းစေသည်။ ကြည်နူးမိသည်။ ထိုမြင်ကွင်းကိုနောက်ဆုံးမြင်ခဲ့ရသော တိုက်ပွဲအကြောင်းကို တွေးနေမိသည်။

    သုရှင်ကို အကျွနုပ်အစွမ်းပြနိုင်သော တိုက်ပွဲတစ်ခုဖြစ်သည်။ မဲ့သံလုံ ဆိုသောနာမည်ကို သုရှင်နှင့်တကွ မွန်ပြည်သူတွေအပေါင်းတို့ ကြားသိစေသောတိုက်ပွဲဖြစ်သည်။ မဲ့ဂြိုင်းဦးခေါင်းကို ညဉ့်ညီလာခံတွင် ခပ်တည်တည်နှင့် သုရှင် ရှေ့တွင်လှိမ့်ပြဖူးသည်။ သုရှင်၏အံ့သြသော မျက်နှာကိုမြင်တွေ့ရသည်အခါ စိတ်ထဲဝမ်းသာမိသည်။ မဲ့ဂြိုင်းဆိုသည်ကား မော်လမြိုင်တဖက်ကမ်း ဘီလူးကျွန်း-လဂွန်းဗျဉ်းမြို့စား သစ္စာဖောက်ဖြစ်သည်။ ထီးနန်းတက်စ မင်းပျိုမင်းနု ရာဇာဓိရာဇ် သို့မဟုတ် သုရှင်ကို သွေးထိုးစမ်းလိုကြသည်။ ဦးရီးတော် လောက်ဖြားစားရသော ပြည်မြို့မှစ၍ မော်လမြိုင်၊ ဘီလူးကျွန်း၊ မုတ္တမ၊ တိုက်ကုလား၊ ဒုံဝန်းတို့ ပုန်ကုန်ကြလေသည်။ သုရှင်ခမျာ ဟံသာဝတီပဲခူးတစ်ခုတည်း အုပ်ချုပ်နေရသော အဖြစ်ကိုရောက်ရလေသည်။

    သို့သော် လက်ရုံးရည်မှာပြိုင်ဘက်ကင်းသော နှလုံးရည်ပြည့်ဝသောသုရှင်သည် ရှေးဦးစွာပြည်မြို့ကို ချီလေသည်။ ထိုအချိန်တွင် မဲ့သံလုံသည်ကား သာမန်ရဲမက်ငယ်ပင် ဖြစ်သည်။ ထို့နောက် တခြားမြို့တွေကို ဆက်ချီသည်။ သို့သော် ရေဝိုင်းသော အင်အားကောင်းသော လဂွန်ဗျဉ်းမြို့သည်ကား သိမ်းရခက်သည်။ မဲ့ဂြိုင်းသည် သုရှင်လာသော် သစ္စာခံ၍ သုရှင်ခွာ၍ အခြားမြို့သို့ချီသောအခါ ပုန်ကန်ပြန်သည်။ ထိုအခါ လွန်စွာဒေါသထွက်သော သုရှင်သည် မဲ့ဂြိုင်းဦးခေါင်းကို အလွန်လိုချင်နေသည်။ ထို့ကြောင့် မဲ့သံလုံ အစွမ်းပြရတော့သည်။

    ခုလိုနေဝင်ခါနီး တိမ်ရောင်စုံရှုခင်းတွေ ဝဲဖြာကျနေချိန်တွင် မြင်းညိုစီး၍ မြေအိုးတစ်လုံးခြင်းထဲထည့်ကာ မဲ့သံလုံ လဂွန်းဗျဉ်းမြို့ကို ဝင်လေသည်။ ဗညားနွဲ့ ဦးခေါင်းရလာကြောင်းလျှောက်တင်၍ မြေအိုးထိုးပေးသော် မဲ့ဂြိုင်းမှ ခေါင်းထိုးကြည့်သည်။ ထိုအခါ မြနေအောင်သွေးထားသောဓားရှည်သည် မဲ့ဂြိုင်းဦးခေါင်းထက်ဝဲက လည်ပင်းထက်မှ တိကန ပြတ်လေသည်။ မြေအိုးကိုထုတ် သစ္စာဖောက်ခေါင်းထည့်ကာ သုရှင်ထံ ပြန်လေသည်။ ညဉ့်ညီလာခံတွင် ရှေ့တော်မှောက်ဝင်၍ ဦးခေါင်းကို လှိမ့်ပြသည်။

    ထိုတိုက်ပွဲအကြောင်းတွေးတိုင်း ပါးပြင်ပေါ် မျက်ရည်ကျမိသည်။ နေ၏ ဝင်လုဝင်ဆဲအချိန်သည်ကား လှပဆဲပင်ဖြစ်သည်။ သေခါနီး ကျွနု်ပ်၏ အတွေးများက ခရီးသွားနေဆဲဖြစ်သည်။ သုရှင်ကို ဖူးလိုလှသည်။ နောက်ဆုံးအချိန်ထိ သစ္စာခံနေကြောင်း ပြသလိုသည်။ သုရှင်သည် သူရဲကောင်းတို့ကို တန်ဖိုးထားသည်။ တိုက်ကုလားမြို့မှ နန်းတော်သို့ အခစားဖူးမြော်လာတိုင်း ကိုယ်တိုင်ဆင်းကြိုသည်။ ဘုရားဆုပန်သော သုရှင်သည် သူရဲကောင်းကို ပါရမီဖြည့်ဖက်တစ်ယောက်ကဲ့သို့ သဘောထားသည်။ နိဗ္ဗာန်သို့သွားရာ လက်ရမ်းကဲ့သို့ အမှီသဟဲပြုသည်။ တိုင်းပြည်တည်ဆောက်ရေးအတွက် မိတ်ဆွေကောင်းတစ်ယောက်လို သဘောထားသည်။ မိဖုရားတွေထက် သူရဲကောင်းကိုပိုချစ်သည်။ ထိုအကြောင်းကို အကျွနုပ်ပိုသိသည်။

    တခါက ပုသိမ်စားပုန်ကန်တော့ သုရှင်က အကျွနုပ်နှင့် အမတ်ဒိန်ကို စစ်ချီစေသည်။ အကျွနုပ်သည် သုရှင်၏ကျွန်၊ သုရှင် ကျနော်ကိုချစ်သည်။ တန်ဖိုးထားမှန်းသိသည်။ သို့သော် အကျွနု်ပ်၏ဉာဉ်ကိုက ဂျစ်ကန်ကန်နိုင်လှသည်။ စစ်မတိုက်မီ စစ်သည်တော်တွေကို သုရှင်က အောင်မိန့်ခွန်းခြွေရင်း စားတော်ပွဲကြီး ကျင်းပပေးသည်။ မှုးကြီးမတ်ရာ သူရဲကောင်းအသီးသီးတို့ ကြင်ယာစုံဖက် လက်တွဲယှက်၍ ပွဲတက်ကြသည်။ တိုက်ကုလားတွင်ကျန်ခဲ့သော ကြင်ယာတော် နှင်းကေသရာကို သတိရမိသည်။ တစ်ကိုယ်တည်းဖြစ်နေသော အကျွနု်ပ်ကို သုရှင်က သနားစာနာသောကြောင့် မိဖုရားငယ် မိဒလသုဒ္ဓမာယာ(တလသုဒ္ဓမာယာ)ကို မဲ့သံလုံ အကျွနု်ပ်ထံပါး အနားထိုင်စေကာ ပြုစုစေအမိန့် ချသည်။ သွေးနားထင်ရောက်ကာ တဒိန်းဒိန်းဆောင့်တက်နေသည်။ သူရဲကောင်းတွေကို ချစ်သည့်ဘုရင်။ အကျင့်မကောင်းတာက ကျွနုပ်ကိုယ်တိုင်ပင် ဖြစ်သည်။ သုရှင်၏ အချစ်ခံရသော သူရဲကောင်းတစ်ယောက်အနေဖြင့် အချစ်စမ်းလိုသည်။

    ဒီအချိန်ပြန်တွေးကြည့်တော့ တကယ့်ကိုသေမင်းနှုတ်ခမ်းဝကို လျှောက်လှမ်းနေသည့် လုပ်ရပ်တစ်ခုဖြစ်သည်။ နောင်တရပေစွ။ စစ်ချီခါနီးမနက်ပိုင်း ကျနော်စစ်ထွက်မပြင်ချေ။ သလွန်တော်ထက် လှိမ့်ပိတ်အိပ်နေသည်။ ဤသလွန်ကလဲ သုရှင်ကိုယ်တိုင်ချီးမြှင့်ထားသည့် သလွန်တော်။ နှမတော်နှင်းကေသရာနှင့် တိုက်ကုလားမြို့ကို ချီးမြောက်တော်မူသည့် သလွန်တော်။ ဒီသလွန်ပေါ်မှာသာ လှိမ့်နေသည်။ အချိန်တန် စစ်ချီမောင်းတီးသောအခါ ရဲမက်တစ်ယောက်လွှတ်ကာ သုရှင်ရွှေနားတော်ကြားစေသည်။ အကျွနု်ပ် မဲ့သံလုံစစ်တိုက်မထွက်နိုင်ချေဟု နားတော်ပေါက်စေသည်။

    ထိုသံတော်ဦးစကားကြားကြားချင်း သုရှင်က အမတ်ဒိန်မဏိနှင့် သမိန်ဗြဇ္ဇတို့ကို ကျွနုပ် ဖျားနေလား ကိုယ်လက်မမာလို့ စစ်ချီမထွက်နိုင်တာလား ချက်ချင်းစေကြည့်ခိုင်းသည်။ ထိုချစ်စရာကောင်းသည့် အဘိုးကြီးနှစ်ယောက်ကလည်း ချက်ချင်း အကျွနုပ်တဲနန်းဆီကို ဆင်းလာသည်။ နဖူးလေးစမ်း သွေးခုန်နှုန်းလေးစမ်းကာ စိုးရိမ်တကြီး အကြင်နာတွေက အကျွနုပ်အတွက် တိုက်ဖော်တိုက်ဖက် စစ်ချီဖော်စစ်ချီဖက်တစ်ဦးထက်ပိုသည့် မိတ်ဆွေစစ် မိတ်ဆွေကောင်းတွေ ရထားသည်ဟူသောခံစားချက်မျိုး ရင်ထဲဖြစ်မိသည်။ နွေးထွေးခဲ့ပါသည်။ ကြည်နူးခဲ့ရပါသည်။ သူတို့၏ ရင်တွင်းမှဖြစ်လာသော ဂရုဏာဒေါသော စကားသံလေးတွေသည် အကျွနုပ်ရင်ထဲ ထိမိသည်။

    ရာဇပစ္စည်းမို့ မင်းပြစ်မင်းဒဏ်ထိုက်မည် မကြံစည်သင့်ပေ။ မှန်ပေသည်။ ကျနော်ကိုယ်တိုင်လည်းသိခဲ့သည်။ ကျနော်ကိုယ်တိုင်ကိုက သုရှင်ရဲ့ ထားရာနေစေရာသွားရတဲ့ ကျွန်တစ်ယောက်ပါ။ ထိုသို့သော မိုက်မဲမှုမျိုး တော်ရုံအသိဉာဏ်နှင့် လုပ်မရသည်ကို အကျွနုပ်သိသည်။ ကလေးတစ်ယောက်လို သူရဲကောင်းကြီးနှစ်ယောက်ကို ပူဆာမိသည်။ နားပူနားဆာ လုပ်မိသည်။ သုရှင်ကိုသာ လျှောက်တင်ပါလေ။ ငမိုက်သား မဲ့သံလုံတစ်ယောက် အရှင့်ဘဏ္ဍာ မိဖုရားတလစောငယ်ကို တောင်းသည်ဟုသာ လျှောက်ပါဟု ပြောမိသည်။

    မြစ်ရေထက်စည်တော်သံတညံညံနဲ့ လှေကလေးများအကျွနုပ်၏ ယာယီတဲစခန်းဆီ ပြေးလာနေသည်။ လှေဦးထက်တွင် ထီးဖြူနှစ်လက်ကို ထောင်ထားသည်။ သမိန်ဗြဇ္ဇနှင့် အမတ်ဒိန်မဏိတို့၏ အားရဟန်က အတိုင်းသား တွေ့နေရသည်။ လှေအိမ်ထက်တွင် မိဖုရားငယ်တလစော ပါလာသည်။ ကျနော်က ပန်းနံ့သာများပြင်ဆင်ကာ လှေတော်ကို ကန့်တော့သည်။ သုရှင်ရဲ့ထီးနန်းကိုမှန်းကာ ကန်တော့မိသည်။ သုရင်ရဲ့ကျေးတော်ခံ သူရဲကောင်းဖြစ်ရတာ တန်ပါပေ။ ကြည်နူးရပါပေ။ ဘုရားဆုထူးပန် မင်းယောကျာ်းအတွက် မိဖုရားဆိုတာ တခဏ အပျော်သာ။ သူရဲကောင်းဆိုသည်ကား သံသရာရဲ့မိတ်ဆွေ နိဗ္ဗာန်ရဲ့လက်ကိုင်တန်းဟုမိန့်ကာ မိဖုရားအားပေးသနားလိုက်သည်ဖြစ်ခြင်း။ မိဖုရားနှင့် သူရဲကောင်းအမတ်ကြီးတွေကို ခွင့်လွှတ်စေကြောင်းပြောမိသည်။ ဝန်ချကန်တော့မိသည်။ တချိန်တည်း စစ်ထွက်ဖို့ ပြင်လေသည်။ အတွင်းစိတ်ကိုအောင်နိုင်သောသူအတွက် အပြင်ရန်သည်ကာ အသေးအဖွဲပင် ဖြစ်သည်။
    ……………..
    နေမင်းကြီးသည် ကွယ်လုလုဖြစ်နေသည်။ အင်းဝထီးနန်း၏အိမ်ရှေ့စံက “လဂွန်းအိမ်ကို အရှင်ရချင်တယ်။ မသေစေနဲ့” ဟု နောက်ဆုံးအော်သံကြားရပြီးနောက်ပိုင်း အရာရာသည်သဲကွဲမှုမရှိတော့ချေ။ စိတ်အစဉ်သည် ရာမညပြည်ဆီရောက်လိုက် တိုက်ကုလားဆီရောက်လိုက် ပျံ့လွင့်နေသည်။ ရာမညမွန်တို့၏သစ္စာရှိမှု သတ္တိသွေးတွေကို ထုတ်ဖော်ပြသရသည့်အတွက် ဒီအချိန်သေဆိုလည်း သေရကျိုးနပ်မည်။ “သူရဲကောင်းလဂွန်းအိမ် သင်ဘာအလိုရှိသည်နည်း။ ရေလိုသလော။ ထမင်းဟင်းလိုသလော”ဟု စကားသံနှင့်အတူ အိမ်ရှေ့စံမင်းရဲကျော်စွာ၏ ယောကျ်ားပီသဟန်အပြည့် သြဇာတိက္ကမ အပြည့်ရှိသည့် ရုပ်ပုံလွှာကိုမြင်ရသည်။

    “သေခါနီးကျွနုပ်အတွက် အရှင်နှစ်ပါး၏ ထမင်းဝမ်းထဲမဝင်လိုတော့။ ရေတစ်ခွက်နှင့်ကွမ်းတစ်ယာသာ သနားတော်မူပါ အရှင့်သား” ဟုသာ လျှောက်တင်ခဲ့သည်။
    ………..
    ညဉ့်ညီလာခံတွင် သုရှင်၏ မျက်နှာတော်မှ အားလိုအားမရဟန်၊ ခံရခက်ဟန်အထင်သားပေါ်လွင်စေသည်။ သုရှင်၏ ဇာတာတော်အညံ့ဘက်ရောက်နေကြောင်း ဟူးရားတို့ ဟောပြောနိမိတ်ဖတ်ခဲ့သည်မှာ မှန်နေသည်။ စစ်ချီတက်ရာလမ်းခုလတ်တွင် အဖျားရောဂါဖြင့် သမိန်ဗြိဇ္ဇ သုရှင်ကို နှုတ်ဆက်ခဲ့လေသည်။ လက်ယာတော်လက်မောင်း ပြုတ်လုလုရှိနေသည်။ ယခုလည်း အင်းဝမင်းဆီက စာချွန်တော်ပါးလိုက်ချေသည်။ စစ်ရေးစစ်ရာမှာ တဘက်သူမသာ ကိုယ်မသာနဲ့ ခြေကုန်လက်ပန်းကျနေပြီ။ ရဲမက်တွေလည်း အားအင်ဆုတ်ယုတ်နေပြီ။ နေခင်းသာ၍ ဥတုရာသီကောင်းမွန်တော့ နေ့တစ်နေ့တွင် သူရဲကောင်းချင်း လှေချင်းထိုးစေမည်။ အပျော်အင်အားစမ်းမည့်သဘောမို့ သူရဲကောင်းတစ်ယောက်ကို စိတ်ကြိုက်တိုက်လှေပေး၍ မြစ်ကျယ်ဘက်တွင် စီးချင်းပွဲ ကြည့်လိုသည်ဟု စာချွန်တော်ပါးလိုက်သည်။

    သုရှင်တွင်လက်ရုံးတော် မဲ့နေသည်။ သူရဲကောင်းတွေ မဆုံးရှုံးချင်။ သို့သော် ဧကရာဇ်တစ်ယောက်၏ ဂုဏ်သိက္ခာကို ထိပါးလာနေသလိုပေ။ ယခုလည်း ညဉ့်ညီလာခံသည် တိတ်ဆိတ်နေချေသည်။ သုရှင်၏ကျေးဇူးသည် များပြားလှသည်။ သူရဲကောင်းမဲ့သံလုံ မိကျောင်းလှေ သူရဲတစ်ရာဖြင့် ထွက်မည်ဟု လျှောက်တင်သည်။ အင်းဝမင်းထံ ထို့နည်းလည်းကောင်း စာချွန်ပြန်စေသည်။

    စစ်ပွဲတို့မည်သည် တရားသည်မရှိ။ မိတ်ဆွေမရှိ။ သစ္စာမရှိဟု ပြောခဲ့သော အကျွနုပ်အညံ့ခံ အရှိုက်ထိမိသည်။ သူအရင်ရက သူသတ်မည်။ ကိုယ်အရင်ရက ကိုယ်သတ်မည်ဆိုသောစကားသည် သတိုးကို အကျွနုပ်ကိုယ်တိုင် ရွှေမြင်တင်ဘုရားသို့ သွားရာလမ်းတွင် ပြောခဲ့ဖူးသည်။ ထိုစကားကြောင့် သစ္စာပြုပွဲပျက်ခဲ့ရသည်။ အကျွနုပ်သည် ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းခဲ့သည်။ ထိုအပြင် သစ္စာတရားကိုယုံကြည်မိသည်။ သူရဲကောင်းတို့၏ စကားကို အတည်ယူမိသည်။

    မိကျောင်းရဲလှေတော်အတွင်းက သူရဲကောင်းတစ်ရာသည် အင်းဝမင်း၏အိမ်ရှေ့စံကိုယ်တော် စီးသောလှော်ကားနှင့်ယှဉ်သော် သေးငယ်လွန်းလှသည်။ ဆင်နှင့် ဆိတ်ပမာဖြစ်သည်။ သူရဲခြောက်ရာကျော်ဆန့်သော လှော်ကားကြီးသည်ပန်းပွား ကနုတ်တို့ဖြင့် လှပလွန်းသည်။ မြစ်ကျယ်တွင်ဆုံမိသော လှေချင်းကပ်၍ စီးချင်းထိုးသည်။ ရေထဲတွင် ကျွမ်းကျင်သော ဟံသာဝတီ မွန်သူရဲတစ်ရာဆန့်သော မိကျောင်းရဲသည် လှော်ကားကြီးကို ယှဉ်နိုင်ခဲ့သည်။ ပန်းပွားကနုတ်အတော်များများ ရလိုက်သည်။

    အကျွနုပ်တို့အောင်ပွဲသည် မြစ်လက်တက်မှ ထွက်လာသောနောက်ထပ်လှော်ကားတစ်စီးကို မတွေ့မြင်ခင်အထိ ချိုမြိန်နေသည်။ သို့သော် မြစ်လက်တက်တစ်ခုစီမှ လှော်ကားနှစ်စီးထွက်လာသောအခါ စစ်ပွဲသည် တရားသည်ဟူသည်ကားမရှိ။ စစ်အတွင်းသစ္စာသည်ကား ရေပေါ်အရုပ်ရေးမှန်းသိခဲ့သည်။

    သူရဲကောင်းတို့သည် တည်သောစကားကိုဆိုသည်။ မှန်သောစကားကို ဆိုသည်။ ယခုတော့သစ္စာတရားသည်ကား မရှိ။ အပျော်စီးချင်းမှသည် နှာခေါင်းသွေးထွက်ကုန်သည်။ မြစ်ဘက်အောက်ဘက်မှနေသော ရှုစားနေသော သုရှင်အတွက် ရင်ထုမနာပေ။ လှော်ကားသုံးစီး၏ ညှပ်တိုက်ဒဏ်ကို မိကျောင်းရဲခင်ဗျာ အံကြိတ်ခံသည်။ အကျွနုပ်သည်ပင် လဂွန်းအိမ်က ိုအရှင်လိုချင်သည်ဟူသော စကားသံသည်နောက်ဆုံးကြားခဲ့ရသည်။ ထိုနောက် အရာရာသည် မှောင်မိုက်လွန်းခဲ့သည်။
    ………..
    ဘဝ၏နောက်ဆုံးအချိန်တွင် နေဝင်ချိန်ကို တငေးတမောကြည့်ဖူးပါသလား။ မိမိကြိုက်နှစ်သက်သောအရာတစ်ခုဖြင့် ဘဝ၏နောက်ဆုံးချိန်တွင် နေဝင်ဆည်းဆာအလှကို ကြည့်ရှုကြည့်ပါ။ အလွန်တရာလှပလွန်းသည်။ ကွမ်းတမြုံ့မြုံ့ဖြင့် နေဝင်ဆည်းဆာအလှသည် ကဗျာဆန်လွန်းသည်။ မျက်ဝန်းထဲမှ မျက်ရည်တို့ စီးကျလာသည်။
    သူရဲကောင်း။
    မာန။
    မခံချင်စိတ်။
    သစ္စာတရား။

    ထိုအရာတို့သည် ရင်ထဲတွင်တဆတ်ဆတ်တုန်နေသည်။ သူရဲကောင်းမည်သည် သေရမည်ကိုမကြောက်ချေ။ သူရဲကောင်းဘွဲ့မခံယူခင်ကပင် အသက်ကို သုရှင်ထံ အပ်နှင်းထားသည်။ ထို့ကြောင့် သေခြင်းတရားသည် ထူးဆန်းမှုမရှိတော့ပေ။ ထို့အတူ သူရဲကောင်း၏မာနတရားနှင့် မခံချင်စိတ်တို့သည် ယခုလိုအချိန်မျိုးတွင် ပိုမိုနိုးထလာသည်။ သို့သော် စိတ်သွားတိုင်း ကိုယ်ပါမှုမဲ့နေသည်။ အသည်းနှလုံးဆီမှ သွေးတွေထွက်နေသည်။

    ထိုသွေးစက်တို့တွင် သတ္တိ၊ သစ္စာတရားတို့က အလေးသာမည်ထင်သည်။ မျက်ဝန်းထဲမှ မျက်ရည်တို့ တလိမ့်လိမ့်စီးဆင်းလာသည်။ ယုံမိလေခြင်း။ သုရှင်၏ အမြှော်အမြင်ကို မယူခဲ့မိလေခြင်း။ နောက်မှစစ်ကူပေးရန် လှော်ကားတစ်စီးဖြင့် ကိုယ်တော်တိုင်စစ်ကူမည်ဟုဆိုသော်လည်း မနာခံမိလေခြင်း။ ထိုအတွက် နောင်တမရချေ။ သို့သော် လမ်းခုလတ်တွင် ကိုယ်လွတ်ရုန်းသကဲ့သို့ ဖြစ်သွားသည်ကတော့ သုရှင်အတွက်ရော ရဲဖော်ရဲမက်တွေအတွက်ပါ ဝမ်းနည်းမိသည်။ သုရှင်အတွက် လက်မောင်းတစ်ဖက် ပြုတ်ပြန်ချေပြီ။ အံသွားတစ်ချောင်း ကျိုးပြန်ချေပြီ။

    စကြာဝဠာတစ်ခုလုံးတွင် ဟံသာဝတီမွန်တို့၏ သစ္စာတရားကြီးမားကြောင်း သက်သေပြနေသည်။ ကျေးဇူးသိတတ်ကြောင်း သက်သေပြနေသည်။ သုရှင်၏ကျေးဇူးတော်တို့ ရင်ထဲအပြည့် ခန္ဓာကိုယ်အနှံ့ ပျံ့ဝင်ချိန်တွင် သူတပါး၏ ထမင်းတော့အဝင်မခံပေ။ ဤသည်ကား သစ္စာတရားပင်တည်း။

    ကွမ်းတစ်ယာ ကျေးဇူးတော်ကိုဆပ်ရဦးမည်။ အားယူကာ လျှောက်တင်လိုက်သည်။ သို့သော် ဦးမတင်မိ။ “သုရှင်ရာဇာဓိရာဇ်နှင့် စီးချင်းမတိုက်ကြကုန်နှင့် သုရှင်သည် စီးချင်းတို့တွင် ဘုရင်ဖြစ်သည်။ ဤဇဗ္မူတစ်ခွင်တွင် ယှဉ်နိုင်မည့်သူမရှိ။ “နတ်ဘီလူးကဲ့သို့ ရဲရင့်သူ”ဟု လျှောက်တင်ခဲ့သည်။ လဂွန်းအိမ်သည် သေခါနီးအထိ အဆိပ်မပြယ်သော သူရဲကောင်းဖြစ်သည်ဟု မင်းရဲကျော်စွာ၏ စကားသံကို ကြားလိုက်ရသည်။

    သေခြင်းနှင့်ရှင်ခြင်းတွင် မည်သည်အရာက ခြားနားထားသနည်း။ ရှင်ခြင်းတွင် ရှုပ်ထွေးလှသည်ဆိုသော် သေခြင်းတွင် မည်သို့ရှိမည်နည်း။ တိုက်ကုလားမြို့မှာ ကျန်ရစ်နေသော မိနှင်းကေသရာအဆင်ပြေပါ့မလား စိုးရိမ်မိသည်။ မိတွေဖတွေ အဆင်ပြေပါ့မလား စိုးမိသည်။ သုရှင်တပါး ဗျာများနေမှာ စိုးမိသည်။ မကြာမီ နေဝင်တော့မည်။ ရှင်သန်ခြင်း၏ အခြားတစ်ဖက်ကို ကူးပြောင်းရတော့မည်။ နံရံပါးပါးလေးသာခြားသော အခြားတစ်ဖက်ကိုကူးပြောင်းလိုက်သော် ပညတ်သဘောအရ ကျန်ရစ်ခဲ့သောမဲ့သံလုံ (သို့မဟုတ်) ဗညားလဂွန်းအိမ်၏ ရုပ်ခန္ဓာသည် သိမှုမရှိတော့ချေ။ ထိုရုပ်အလောင်းကို မကြာမီ ငှက်ပျော်ဖောင်ထက် သုရှင်ရှိရာ မြစ်ခြေရပ်သို့ မျှောလိမ့်မည်။ သုရှင်ဆီရောက်လျှင် သူရဲကောင်းအခမ်းအနားဖြင့် သူ့ရုပ်အလောင်းကို သင်္ဂြိုလ်ကြမည်။
    …………….
    လဂွန်းအိမ် (သို့မဟုတ်) မဲ့သံလုံသည် သစ္စာရှိကြောင်း ကမ္ဘာတည်သရွေ့ပြောစမှတ်ပြုရမည်။ သို့သော် အယုံလွယ်သော မာနကြီးသော သူရဲကောင်းတစ်ယောက်အဖြစ်လည်း သိမှတ်ကြမည်။ မဲ့ဂြိုင်း၏ဦးခေါင်းဖြတ်နေဟန်၊ သုရှင်နဲ့တွဲပြီးတိုက်ပွဲဝင်နေဟန်သည် ဂုဏ်ယူဝံ့ကြွားလှသည်။ ဟံသာဝတီမွန်တို့၏ သစ္စာတရားနှင့် ကျေးဇူးသိတတ်ပုံ ပြယုဂ်တစ်ခုအဖြစ် ရှိနေမည်။

    သုရှင်၏စစ်သည်တော် များ တေးသံ၏အဆုံးတွင် မီးခိုးမှိုင်းတို့သည် ကောင်းကင်ပေါ်သို့ ပျံသန်းတက်သွားသည်။ လူတစ်ယောက်မွေးဖွားခြင်း သေဆုံးခြင်းသည်ထူးမခြားလှပေ။ လွယ်ကူလွန်းသည်။ သို့သော် နာမည်မသေစေရန် သူရဲကောင်းတစ်ဦးအဖြစ် သေဆုံးရန်ခက်ခဲလှသည်။ သူရဲကောင်းတစ်ဦး၏ သေဆုံးခြင်းသည်လည်း မီးခိုးငွေ့တွေ အရိုးပြာတွေနှင့် ဖြစ်သည်။ သို့သော် သူ၏သစ္စာရှိမှု ကျေးဇူးသိတတ်မှု သတ္တိတရားတို့က သမိုင်းတွင်ကျန်ရစ်နေမည်။ ။

    မောင်နောင်မွန်
    ၂၈/၆/၂၀၁၇
    (ဝန်ခံချက်။ ။ သမိုင်းဆိုင်ရာအချက်အလက်များ လွဲမှားမှုရှိပါက တောင်းပန်အပ်ပါသည်။ သမိုင်းဆရာတစ်ဦးမဟုတ်ဘဲ ဝတ္ထုရေးသမားတစ်ယောက်ဖြစ်သည့်အတွက် ရသအမြင်ဖြင့်သာ ဖတ်ရှုကြပါကုန်)
    ကိုးကားချက်။ ။ -ဒေါက်တာနိုင်ပန်းလှ၏ ရာဇာဓိရာဇ် အရေးတော်ပုံ
    -ဒေါက်တာနိုင်ပန်းလှ၏ မွန်စာပေနှင့်မွန်သမိုင်း
    -မှော်ဘီဆရာသိန်း၏ မြန်မာ့သူရဲကောင်းများ

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,200SubscribersSubscribe
    spot_img

    Latest posts