spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းတစ်ခုတည်းသောတပ်မတော်ဖြစ်သည့်အတွက် ဖက်ဒရယ်တပ်မတော်မပေါ်လာနိုင်ဟုဆို

    တစ်ခုတည်းသောတပ်မတော်ဖြစ်သည့်အတွက် ဖက်ဒရယ်တပ်မတော်မပေါ်လာနိုင်ဟုဆို

    -

    ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း) အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားစဉ်(MOI)

    ဇူလိုင်လ ဒုတိယပတ်တွင် ကျင်းပရန်လျာထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေး၌ တစ်ခုတည်းသောတပ်မတော်ကို ဆွေးနွေးပြောဆိုမည်ဖြစ်သည့်အတွက် ဖက်ဒရယ်တပ်မတော်မပေါ်လာနိုင်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)က ပြောကြားလိုက်သည်။

    “ကျွန်တော်တို့ တစ်ခုတည်းသော တပ်မတော်ဆိုတာကိုပဲ ပြောမှာဖြစ်တဲ့အတွက်ကြောင့် ဖက်ဒရယ် တပ်မတော်ဆိုတဲ့ ပုံသဏ္ဍာန်မျိုးဟာ ပေါ်လာဖို့ကို နည်းနည်းလေး ဒီတစ်ကြိမ်မှာတော့ မပေါ်လာနိုင်သေးပါဘူး” ဟု ၄င်းက ဆိုသည်။

    ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး အကြိုပြင်ဆင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့များ ဇွန်လ ၁၉ ရက်နေ့က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၌ အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့စဉ် အဖွင့်နှုတ်ခွန်းဆက်စကားတွင် ယင်းသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။

    “ဒီလာမယ့် တတိယအကြိမ်ညီလာခံမှာ ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့မှ နိုင်ငံရေးကဏ္ဍဘက်က ဖက်ဒရယ်ကို ထင်ဟပ်နိုင်တဲ့၊ အနှစ်သာရရှိတဲ့ အနေအထားမျိုးက အားနည်းပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)က ဆက်ပြောသည်။

    အစိုးရလိုလားသည့် ပြည်ထောင်စုမှ ခွဲမထွက်ရကိစ္စကို တိုင်းရင်းသားများဘက်က မလိုက်လျောသေး၍ တိုင်းရင်းသားများလိုလားသည့် ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေးကိစ္စအပါအဝင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ ဖက် ဒရယ်အခြေခံမူများ ကျော်လွှားနိုင်ခြင်းမရှိသေးသဖြင့် ၂၁ ရာစုပင်လုံတတိယအစည်းအဝေးတွင် မဆွေးနွေးဘဲ ချန်ထားမည် ဖြစ်သည်။

    သို့ရာတွင် လုပ်ငန်းကော်မတီအသီးသီးတွင် ဆွေးနွေးရန်လက်ကျန်များရှိကြောင်း၊ မွန်ပြည်သစ်ပါတီ၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် CSO ဖိုရမ် တင်ပြချက်များ အသစ်တိုးလာနိုင်ဖွယ် ရှိကြောင်း၊ လက်ကျန်ဆွေးနွေးချက်များနှင့် အသစ်တိုးလာမည့် တင်ပြချက်များကို စုစည်းလိုက်ပါက တတိယအကြိမ် ညီလာခံတွင် ကောင်းမွန်ပြည့်စုံစွာ ဆောင်ရွက်နိုင်မည့်အနေအထား ရှိသည်ဟု ၄င်းကဆိုသည်။

    အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက “UPDJC အတွင်းရေးမှူးအဖွဲ့ကို လာမယ့် ၂၅ ရက်နေ့မှာ ခေါ်ထားတယ်။ အတွင်းရေးမှူးအစည်းဝေးပြီးရင် UPDJC အစည်းအဝေး ရက်သတ်မှတ်မယ်။ အဲဒါပြီးရင် ညီလာခံရက် သတ်မှတ်မယ်”ဟု ပြောသည်။

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံရက်ကို အစိုးရဘက်က ဇွန်လ ၃၀ ရက်နေ့မှ ၅ ရက်ကြာကျင်းပရန် ရည်မှန်းထားသော်လည်း ဇူလိုင်လ ၁၀ ရက်နေ့တွင် စတင်ကျင်းပရန် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA-S EAOs တို့က အဆိုပြုထားခြင်းဖြစ်သည်။

    သို့ရာတွင် လုံခြုံရေးကဏ္ဍနှင့်ပတ်သက်၍ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားခေါင်းဆောင်များအကြား တစ်ခုတည်းသော တပ်မတော်ဖွဲ့စည်းရေး၊ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေးတွင် အငြင်းပွားလျက်ရှိပြီး တပ်နေရာချထားရေးနှင့် တပ်ဖြုတ်သိမ်းရေးကိစ္စများတွင်လည်း သဘောတူညီမှုမရရှိသေးကြောင်း တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks