Homeသတင်းမွန်နှစ်ပါတီပထမအကြိမ် ထိပ်သီးအစည်းအဝေးက ပေါင်းစည်းရေးမူ ၅ ချက်ကို ဆုံးဖြတ်ခဲ့

မွန်နှစ်ပါတီပထမအကြိမ် ထိပ်သီးအစည်းအဝေးက ပေါင်းစည်းရေးမူ ၅ ချက်ကို ဆုံးဖြတ်ခဲ့

-

AMDP+MNP ပထမအကြိမ်ထပ်သီးအစည်းအဝေး(Facebook)

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP နှစ်ပါတီပေါင်းစည်းရေးအတွက် ယမန်နေ့က မော်လမြိုင်မြို့၌ ပါတီထိပ်သီးခေါင်းဆောင်များ ပထမအကြိမ် အစည်းအဝေးကျင်းပခဲ့ရာ အဓိကအချက် ၅ ချက်ကို သဘောတူညီဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ကြောင်း ပါတီခေါင်းဆောင်များထံမှ သိရသည်။

MNP အထွေထွေအတွင်းရေးမှူး နိုင်လယီတမက “ပေါင်းစည်းရေးမှာ အဓိကကျတဲ့အချက် ၅ ချက်ကို ဆွေးနွေးဖို့ သဘောတူကြတယ်၊ ဒီသဘောတူညီချက် ၅ ရပ်ကို ဒီတစ်ပတ်အတွင်း တွေ့ဆုံပြီး ပြန်လည်ဆွေးနွေးကြမယ်” ဟု ပြောသည်။

MNP ပါတီ ဒုဥက္ကဌ(၁) နိုင်တင်အောင် နှင့် AMDP ဒုဥက္ကဌ(၂) နိုင်ချမ်းတွဲ့တို့ ခေါင်းဆောင်၍ တဖက် ၅ ဦးစီပါဝင်သော ပါတီထိပ်ပိုင်းခေါင်းဆောင်များ AMDP ဗဟိုဌာနချုပ်ရုံး၌ ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် အဆိုပါသဘောတူညီချက် ၅ ချက်ကို နှစ်ပါတီစလုံး အသေးစိတ်ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း တစ်ပတ်အတွင်း ဆက်လက်ကျင်းပမည့် နှစ်ပါတီထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲအတွက် ယနေ့ဇွန်လ ၁၉ ရက်နေ့တွင် AMDP ဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့သည်ဟု နိုင်ချမ်းတွဲ့က ဆိုသည်။

နိုင်ချမ်းတွဲ့က “သူတို့(MNP) အမြင် ခင်းထားတယ်ဆိုတော့ ကိုယ့်ဘက်ကတုန့်ပြန်ဖို့က ကျနော်တို့ သဘောထားပေးရမှာကိုး၊ အဲဒါဟာ ပေါင်းစည်းရေးပုံစံပါပဲ၊ သူများတွေပြောသလို အချိန်အကန့်အသတ်မရှိတာမဟုတ်ဘူး၊ ဒီကြားထဲမှာ အဖြေတစ်ခုခု ရှင်းရှင်းလင်းလင်းဖြစ်အောင်် ကြိုးစားနေတယ်” ဟု ပြောသည်။

နှစ်ပါတီ ထိပ်သီးခေါင်းဆောင်များ၏ ယခုဆွေးနွေးပွဲတွင် ၁။ မဟာမိတ် သတ်မှတ်ရေးကိစ္စ ၂။ အောက်ခြေနှစ်ဖက်ပါတီဝင်များအား သဘောထားရှင်းလင်းရေးကိစ္စ ၃။ အားလုံး ပါဝင်ရေးကိစ္စ ၄။ ရွှေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ သတ်မှတ်ရေး ၅။ နှစ်ဖက်ပါတီပူးပေါင်း နေရာချထားရေးကိစ္စရပ်များအား ဆုံးဖြတ်ခဲ့သည်ကို သိရှိရသဖြင့် အပြုသဘောဆောင်ကြောင်း မွန်နိုင်ငံရေးပါတီများစောင့်ကြည့်အကဲခတ်သူ သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာ မင်းမင်းနွယ်က ပြောသည်။

“သူတို့ဆုံးဖြတ်ချက်တွေကို အပြုသဘောဆောင်တယ်လို့ ပြောချင်တယ်၊ လက်တွေ့ကျတဲ့လုပ်ဆောင်ချက်တွေလို့ ကျနော်တို့မြင်တယ်၊ ရလဒ်ကောင်းတယ်လို့ ကျနော်တို့သုံးသပ်ရပါတယ်” ဟု မင်းမင်းနွယ်က ဆိုသည်။

သို့ရာတွင် ၂ ပါတီအနေဖြင့် ပေါင်းစည်းရေးကို နေ့ရွှေ့ညရွှေ့ပြုလုပ်နေသည့်အပေါ် ပြည်သူလူထုက အားမလိုမရဖြစ်နေကြောင်း၊ ရာမညအင်အားစု(ဝါ) မွန်ကိုယ်စားပြုပါတီတည်ထောင်လိုသူများကလည်း ပါတီမှတ်ပုံတင်ရန် ပြင်ဆင်နေသည့်ကာလတွင် AMDP နှင့် MNP ပေါင်းစည်းရေးအမှန်တကယ်ဖြစ်မဖြစ်၊ ပေါင်းစည်းရေးဖြစ်လာသည့်အခါ အားလုံးပါဝင်နိုင်ရေးမူ ပီပြင်မှုရှိမရှိ စောင့်ကြည့်လျက်ရှိသည်ဟု ၄င်းက ဆက်ပြောသည်။

မွန် ၂ ပါတီပေါင်းစည်းရေးကို ၂၀၁၂ ခုနှစ်ကတည်းက ကြိုးပမ်းခဲ့ကြသော်လည်း လက်ရှိအချိန်ထိ တစ်ဆို့မှုဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts