Homeသတင်းMYF အစည်းအဝေးတက်ရောက်သူနည်းပါး၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် အခက်အခဲဖြစ်

MYF အစည်းအဝေးတက်ရောက်သူနည်းပါး၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် အခက်အခဲဖြစ်

-

မွန်လူငယ်ဆုံရပ်(MYF) ရှေ့လုပ်ငန်းစဉ်အစည်းဝေး(MNA)

ကျင်းပပြီးစီးခဲ့သည့် မွန်လူငယ်ဆုံရပ်(MYF) ရှေ့လုပ်ငန်းစဉ်အစည်းဝေး၌ မြို့နယ်ကိုယ်စားပြုလူငယ်အဖွဲ့များ တက်ရောက်သူနည်းပါးသဖြင့် ဆုံးဖြတ်ချက်ချမှတ်ရာတွင် အခက်အခဲဖြစ်ပေါ်စေခဲ့ကြောင်း ဆုံရပ်အကြံပေးအဖွဲ့ဝင် နိုင် ဉာဏ်စိုက်ရာမာန်က ပြောသည်။

နိုင်ဉာဏ်စိုက်ရာမာန်က “အစည်းအဝေးတက်ရောက်သူ အားနည်းတာဟာ MYF အတွက် ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ မြို့နယ်အဆင့် မွန်လူငယ်အဖွဲ့တွေအားလုံးက MYF မှာ ကိုယ်စားသွားပြုဖို့ပဲ။ လူငယ်တစ်မျိုးသားလုံး ကို ကိုယ်စားပြုဖို့ပါ။ ဒါကြောင့် MYF ဟာ မွန်လူမျိုးမှာ အရေးကြီးတဲ့လူငယ်အဖွဲ့တစ်ဖွဲ့ဖြစ်နေတဲ့အတွက် အားလုံးဝိုင်းဝန်း အားဖြည့်ပေးဖို့လိုတယ်”ဟု ဆိုသည်။

မွန်လူငယ်ဆုံရပ် (MYF) ရှေ့လုပ်ငန်းစဉ်အစည်းအဝေးကို ဇွန်လ ၁၀ ရက်နေ့က မော်လမြိုင်မြို့၊ ဓာတုမာလာပရိယတ္တိစာသင်တိုက်ကျောင်း၌ ကျင်းပခဲ့ရာ တိုးတက်သောမွန်လူငယ်အဖွဲ့အစည်း (MYPO)၊ မွန်လူငယ်ပညာပေးရေးအဖွဲ့(MYEO)၊ ကရင်ပြည်နယ်၊ ဘာအံမြို့နယ်လူငယ်အဖွဲ့၊ လှိုင်ဘွဲ့မြို့နယ်လူငယ်အဖွဲ့နှင့် တက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့က MYF ကို ကိုယ်စားပြုထားတဲ့အဖွဲ့တွေအားလုံးကို ဖိတ်ကြားထားတယ်။ သူတို့မတက်ရောက်နိုင်တာက သူ့မြို့နယ်မှာ သူ့အလုပ်နဲ့သူ လုပ်စရာတွေ ရှိနေမယ်ထင်တယ်။ အချို့မြို့နယ်တွေက မွန်စာပေဆုပေးပွဲအခမ်းအနားတွေ ကျင်းပနေတာတွေရှိတယ်”ဟု မွန်လူငယ်ဆုံရပ် အထွေထွေအတွင်းရေးမှူး မင်းဇာနည်းဦးက ပြောသည်။

ယင်းအစည်းအဝေးတွင် ကိုယ်စားပြုထားသည့်အဖွဲ့အစည်းများ တက်ရောက်နိုင်မှုအားနည်းခဲ့သည့်အတွက် ရှေ့လုပ်ငန်းစဉ်အတွက် အကြံပြုချက်များ အားနည်းခဲ့ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့မွန်လူငယ်တွေက ဒီခေတ်က Online ခေတ် internet ခေတ်ဖြစ်နေတော့ လိုင်းပေါ်ကနေပဲ ပြောဆိုနေကြတယ်။ MYF ပျက်စီးသွားမှာကို စိုးရိမ်နေမယ်ဆိုရင် တကယ့်လက်တွေ့ကျကျတော့ ရှေ့လုပ်ငန်းစဉ်အစည်းအဝေးမှာ တက်ရောက်နိုင်ဖို့ နှိုးဆော်ချင်တယ်။ မတက်ရောက်နိုင်ရင်တော့ လိုင်းပေါ်မှာပဲ ပြောဆိုနေမယ်ဆိုရင် ဘာမှ အနှစ်သာရမရှိဘူး။ အမှန်တကယ်ပြုပြင်ပြောင်းလဲချင်ရင် အစည်းဝေးတက်ရောက်ပြီး ဝိုင်းအလယ်မှာ ချပြပေးဖို့ လိုတယ်”ဟု မွန်လူငယ်ဆုံရပ်မှ နိုင်မွန်ထောက ပြောသည်။

ပထမအကြိမ် မွန်လူငယ်ညီလာခံကို ၂၀၁၄ ခုနှစ် မေလအတွင်းက မော်လမြိုင်မြို့၊ သာသနာ ၂၅၀၀ တွင် ကျင်းပခဲ့ပြီး မွန်လူငယ်ဆုံရပ် MYF ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts