Homeသတင်းUPDJC နိုင်ငံရေးပါတီများအစုအဖွဲ့က တတိယအကြိမ် ၂၁ ရာစုပင်လုံသို့ တင်သွင်းမည့်စာတမ်းများအတွက် အစည်းအဝေးကျင်းပ

UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့က တတိယအကြိမ် ၂၁ ရာစုပင်လုံသို့ တင်သွင်းမည့်စာတမ်းများအတွက် အစည်းအဝေးကျင်းပ

-

UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့အစည်းအဝေး(Chin Chin)

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့က တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံသို့ ကဏ္ဍကြီး ၅ ရပ်တွင် တင်သွင်းမည့်စာတမ်းများအတွက် အစည်းအဝေးတရပ်ကို တနင်္သာရီတိုင်း မြိတ်မြို့၌ ကျင်းပလျက်ရှိကြောင်း သတင်းရရှိသည်။

ရွေးကောက်ပွဲအနိုင်ရပါတီများမှ ကိုယ်စားလှယ် ၂၃ ဦးပါဝင်သော UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့က မြိတ်မြို့၊ Green Eyes Hotel ၌ ဇွန်လ ၁၁-၁၂ ရက်များတွင် အစည်းအဝေး ၂ ရက်တာကျင်းပခြင်းဖြစ်ကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် မွန်အမျိုးသားပါတီ MNP ကိုယ်စားလှယ် မင်းဇေယျာဦးက ပြောသည်။

မင်းဇေယျာဦးက “လာမယ့် တတိယအကြိမ်ညီလာခံမှာ တင်သွင်းမယ့်စာတမ်းတွေအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေတွေကို အသေးစိတ်ဆွေးနွေးကြတာပေါ့၊ ငြိမ်းချမ်းရေးညီလာခံကတစ်ပိုင်းပေါ့၊ နောက်တစ်ပိုင်း နောက်လတွေမှာ ၂၃ ပါတီအနေနဲ့ ဒေသတွေကိုသွားရောက်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ဖက်ဒရယ်အခြေခံအကြောင်းတွေ ဒေသခံတွေနဲ့ Panel Discussion နိုင်ငံရေးစကားဝိုင်းတွေ လုပ်သွားမယ့် အစီအစဉ်တွေလည်း ရေးဆွဲထားတယ်” ဟု ဆိုသည်။

အထက်ပါခရီးစဉ်များအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး ၆ နေရာသို့ လာမည့် ဇူလိုင်လမှ ဒီဇင်ဘာလအထိ UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့ဝင်များသွားရောက်ရန် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ကိုယ်စားလှယ် မင်းမျိုးတင့်လွင်က ပြောသည်။

“တစ်လတစ်ကြိမ် တစ်နေရာလူအင်အား ၃၀၀ လောက်နဲ့ နောက်လဇူလိုင်လကစပြီး ရှမ်းမြောက်ပိုင်း လားရှိုးမှာလုပ်မယ်၊ နောက် ကချင်ပြည်နယ် မြစ်ကြီးနား၊ ကယားပြည်နယ် လွိုင်ကော်မြို့၊ ဧရာဝတီတိုင်း ပုသိမ်၊ ရခိုင်ပြည်နယ်စစ်တွေနဲ့ ဒီဇင်ဘာလကုန်ပိုင်း ချင်းပြည်နယ်မှာ အဆုံးသတ်မယ်” ဟု မင်းမျိုးတင့်လွင်က ဆိုသည်။

UPDJC နိုင်ငံရေးပါတီအစုအဖွဲ့အနေဖြင့် ပုံမှန်တစ်လတစ်ကြိမ်တွေ့ဆုံလေ့ရှိကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြည်သူများပိုမိုသိရှိလာစေရန် နိုင်ငံရေးပါတီအစုအဖွဲ့မှ ဆက်လက်လှုပ်ရှားမည့် အစီအစဉ်များကို ကြိုတင်ဆွေးနွေးခြင်းလည်း ဖြစ်ကြောင်း၊ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကျင်းပမည့်အသံကြားသိလာရသဖြင့် ကြိုတင်ပြင်ဆင်သည့်သဘောလည်း ဖြစ်ကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ကိုယ်စားလှယ် စိုင်းကျော်ညွန့်က ပြောသည်။

စိုင်းကျော်ညွန့်က “ဒီလာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တကယ့်အများကြီးထွက်လာမှာတော့ မထင်ဘူး၊ ပြီးတော့ ဘာအကြောင်းအရာဆွေးနွေးမယ်ဆိုတာတောင်မှ အတည်မဖြစ်သေးဘူးဆိုတော့ ဘာကိုမျှော်လင့်ချက်ထွက်လာမလဲဆိုတာ သိပ်ပြောလို့မရ ဖြစ်နေတယ်” ဟု ဆိုသည်။

လက်ရှိ ကျင်းပလျက်ရှိသည့် UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့ အစည်းအဝေး ဒုတိယနေ့တွင် မြိတ်မြို့အခြေစိုက် နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ CSOs နှင့်တွေ့ဆုံပြီး အပြန်အလှန် အမြင်ခြင်းဖလှယ်သည့် ဆွေးနွေးပွဲစကားဝိုင်းကျင်းပရန် စီစဉ်ထားသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts