Homeသတင်းမိန်ဗလာတောင် ကနဦးစူးစမ်းလေ့လာခွင့် ၃ လ အချိန်ပေးထားဟု ဝန်ကြီးချုပ်ပြော

မိန်ဗလာတောင် ကနဦးစူးစမ်းလေ့လာခွင့် ၃ လ အချိန်ပေးထားဟု ဝန်ကြီးချုပ်ပြော

-

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ကုမ္ပဏီတာဝန်ရှိသူတို့ မိန်ဗလာတောင်တူးဖော်ရေးစခန်း၌ မေလ ၂၆ ရက်နေ့က တွေ့ဆုံခဲ့စဉ်(Facebook)

သံဖြူဇရပ်မြို့အနီး မိန်ဗလာတောင်ရှိ ဂျပန်စစ်ကျန်ပစ္စည်းများကို ရန်ကုန်အခြေစိုက်ကုမ္ပဏီတစ်ခုအား ကနဦးစူးစမ်းလေ့လာခွင့် ၃ လအချိန်ပြည့်ပါက ရပ်ဆိုင်းရမည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

ဝန်ကြီးချုပ်က “Feasibility Study (ကနဦးစူးစမ်းလေ့လာခွင့်)ကို အလွန်ဆုံး ၃ လပဲ၊ ၃ လပြည့်တာနဲ့ သူတို့ရပ်ရမယ်၊ ဒီပစ္စည်းတွေအကုန်လုံးကို သူတို့စမ်းသပ်တာ ဘာမှမတွေ့ဘူးဆိုရင် နဂိုအတိုင်းပြန်လုပ်၊ သစ်ပင်တွေ ပြန်စိုက်ရမယ်” ဟု ဆိုသည်။

ထိုသို့ ကနဦးစူးစမ်းလေ့လာခွင့်တွင် တန်ဖိုးရှိပစ္စည်းများ မတွေ့ရှိပါက လက်ရှိတူးဖော်သည့်နေရာကို မူလအနေအထားအတိုင်း ပြုလုပ်ပေးရမည် ဖြစ်ကြောင်း၊ တားမြစ်နေရာသတ်မှတ်ထားပြီး စက်ယန္တရားများဖြင့် တူးဖော်နေမှုအပေါ် ဒေသခံများအနေဖြင့် မိုင်းပေါက်ကွဲမည်ကို စိုးရိမ်စရာအခြေအနေမရှိကြောင်း၊ ပြည်သူများ စိုးရိမ်ရသည့်အလုပ်ကိုလည်း ပြုလုပ်မည်မဟုတ်ကြောင်း ၄င်းက ဆက်ပြောသည်။

ထို့အပြင် ကနဦးစူးစမ်းလေ့လာခွင့်ကုန်ကျစရိတ်များကို ကုမ္ပဏီမှ ကုန်ကျခံရမည်ဖြစ်ကြောင်း၊ လုံခြုံရေးကင်းစခန်းတစ်ခု၊ ကင်းစောင့်တစ်ဦးကို ထပ်မံတိုးထားကြောင်းနှင့် တန်ဖိုးရှိ ပစ္စည်းများတွေ့ရှိပါက အစိုးရ ၇၀%၊ ကုမ္ပဏီ ၃၀% ခံစားခွင့်ရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ်ထံမှ သိရသည်။

သို့ရာတွင် မိန်ဗလာတောင် တူးဖော်နေမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ရှိသူကို မွန်သတင်းအေဂျင်စီမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

Royal Eagle Development Group Co,Ltd ကုမ္ပဏီမှ စတင်တူးဖော်ခဲ့သည့် ဧပြီလ ၂၂ ရက်နေ့တွင် “မိန်ဗလာတောင်၌ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်ဌာနချုပ်အဆောက်အဦနေရာများအား စစ်သမိုင်းပြတိုက်ဖော်ဆောင်မည့် ရှေ့ပြေးစီမံကိန်း-စီမံကိန်းတာဝန်ရှိသူများမှအပ အခွင့်မရှိမဝင်ရ” အနီရောင်အောက်ခံ ဆိုင်းဘုတ်ဖြင့် တားမြစ်နေရာသတ်မှတ်ခဲ့ပြီး ယခုအခါ “မွန်ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုချက်ဖြင့် ဒုတိယကမ္ဘာစစ် လက်ကျန်ပစ္စည်း ပဏာမလေ့လာစူးစမ်းရေးအဖွဲ့” ဟူသည့် ဆိုင်းဘုတ်အသစ်တဖန် ပြောင်းလဲထားကြောင်း တွေ့ရှိရသည်။

သို့ရာတွင် အဆိုပါမိန်ဗလာတောင်တွင် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်လက်နက်များ၊ ရွှေချောင်းနှင့် အဖိုးတန် ပတ္တမြား၊ စိန်၊ ရွှေရတနာပစ္စည်းများ ဂျပန်တို့မြှပ်နှံထားခြင်း ရှိ၊ မရှိအထောက်အထားရရှိရန် ကနဦးစူးစမ်းလေ့လာခွင့်ကို ဧပြီလ ၂၄ ရက်နေ့က ခွင့်ပြုခဲ့သည့်မွန်ပြည်နယ်အစိုးရရုံးစာ၌ အချိန် ၃ လကန့်သတ်ထားသည်ကို မတွေ့ရှိရပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts