spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းကုလားဂုတ်ကျွန်းတွင် တပ်မတော်ဗိုလ်ကြီးတစ်ဦးက ရွာသားတစ်ဦးအားမှတ်ပုံတင်စစ်ဆေးရန်ခေါ်ဆောင်သွားပြီး လူသတ်မှုဖြစ်

    ကုလားဂုတ်ကျွန်းတွင် တပ်မတော်ဗိုလ်ကြီးတစ်ဦးက ရွာသားတစ်ဦးအားမှတ်ပုံတင်စစ်ဆေးရန်ခေါ်ဆောင်သွားပြီး လူသတ်မှုဖြစ်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားဂုတ်ကျွန်း၌ တာဝန်ကျတပ်မတော်အရာရှိဗိုလ်ကြီးတစ်ဦးက မေလ ၁၆ ရက်နေ့ညနေပိုင်းတွင် ရွာသားတစ်ဦးအား မှတ်ပုံတင်စစ်ဆေးရန်ခေါ်ဆောင်သွားပြီးနောက် လူသတ်မှုဖြစ်ပေါ်ခဲ့ကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

    မွန်ပြည်နယ်ရဲတပ်ဖွဲ့မှုး (ဦးစီး) ရဲမှုးမြင့်ဝင်းက “ပြစ်မှုကျူးလွန်သူက ဗိုလ်ကြီး အောင်ကိုကိုမင်းလို့ သိရပါတယ်၊ သေဆုံးသူ(တင်စိုးမြင့်)ရဲ့ဇနီး မခင်ဆွေတင့် အသက် ၃၆ နှစ် (ဘ) ဦးချမ်းအေးက ၁၈ ရက် ၅ လ ၂၀၁၈ ရက်နေ့မှာ လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ လမိုင်းမြို့ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ရေးမြို့နယ် အခြေစိုက် ခမရ ၅၈၇ ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးအောင်ကိုကိုမင်းက အခင်းဖြစ်ပွားသည့်ညနေပိုင်းတွင် ကုလားကုတ်ကျွန်းအလယ်ဆိပ်နေ သစ်ဝါးလုပ်ငန်းလုပ်ကိုင်သူ ကိုတင်စိုးမြင့် (အသက် ၃၉ လူမျိုးဗမာ၊ ရေတာရှည်မြို့နယ်၊ ပဲခူးတိုင်းဇာတိ)အား တပ်စခန်းသို့ ခေါ်ဆောင်သွား၍ လူသတ်မှုကျူးလွန်ခဲ့ ခြင်းဖြစ်သည်။

    သတ်ဖြတ်ခံရသူ ကိုတင်စိုးမြင့် ရုပ်အလောင်း(Facebook)

    ရဲမှုးမြင့်ဝင်းက “ပြစ်မှုကျူးလွန်သူက တပ်မတော်သားဖြစ်တဲ့အတွက် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာတပ်ကို အကြောင်းကြားတယ်၊ ဒီဖြစ်စဉ်ကို စစ်စည်းကမ်းဥပဒေအရပဲ အရေးယူမယ်လို့ ပြန်လည်အကြောင်းကြားလာပါတယ်၊ စစ်ဘက်ဥပဒေနဲ့အရေးယူမှာဖြစ်တဲ့အတွက် ပြစ်မှုကျူးလွန်သူကို တပ်မတော််သို့ လွှဲပေးဖို့စီစဉ်နေပါတယ်” ဟု ဆိုသည်။

    မွန်သတင်းအေဂျင်စီမှ စုံစမ်းမေးမြန်းချက်အရ မေလ ၁၉ ရက်နေ့တွင် ပြစ်မှုကျူးလွန်သူ ဗိုလ်ကြီးအား သက်ဆိုင်ရာတပ်ရင်းသို့ လွဲပြောင်းပေးအပ်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

    မှတ်ပုံတင်ကိစ္စနှင့်ပတ်သက်၍ အရက်သေစာသောက်စားထားသူ အထက်ပါဗိုလ်ကြီးထံ သွားရောက်သတင်းပို့ရာမှ သားမက်ဖြစ်သူ(တင်စိုးမြင့်) အသတ်ခံရသည်ဟု ယောက္ခမဖြစ်သူ နိုင်ချမ်းအေးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    နိုင်ချမ်းအေးက “ ၁၆ ရက်နေ့ ညနေပိုင်းမှာ ကျနော်နဲ့ တင်စိုးမြင့်တို့ ၂ယောက် ရာအိမ်မှူးသိန်းထူး အိမ်ကိုသွားတယ်၊ သိန်းထူးနဲ့ ဗိုလ်ကြီးကို အိမ်ပေါ်ထပ်မှာတွေ့တယ်၊ ဗိုလ်ကြီးက တင်စိုးမြင့်ကိုမေးတယ် မှတ်ပုံတင်ရောတဲ့၊ တင်စိုးမြင့်က မှတ်ပုံတင်ပျောက်သွားတယ် မနက်ဖန်ကျရင် ထောက်ခံစာလာပို့ပေးမယ် ပြောလို့ဆုံးတာနဲ့ သူထပြီး တင်စိုးမြင့်ကို ၁ ချက်ကန်တယ်၊ လက်သီးနဲ့ ၅ ချက်ထိုးတယ်၊ အိမ်ပေါ်ကနေ လှေကားအဆင်းမှာ ကျောဘက်ကိုသူကန်တယ်၊ အောက်မှာရှိတဲ့အရပ်ဝတ်(စစ်သား) ၃ ယောက်က လက်သီးနဲ့ ဝိုင်းထိုးတယ်၊ ထိုးပြီးတော့ သူတို့ဆွဲသွားတယ် ည ၇ နာရီခွဲလောက်မှာ” ဟု ဆိုသည်။

    ထိုနောက် ကုလားဂုတ်ကျွန်း အောက်ဆိပ်နှင့် အလယ်ဆိပ်ကြားရှိ တပ်ကုန်းသို့ သားမက်ဖြစ်သူအားခေါ်ဆောင်သွားပြီး မိမိအား နေအိမ်သို့ပြန်ခိုင်းကြောင်း ၄င်းက ဆက်ပြောသည်။

    “မိုးလင်းလှေရောက်တဲ့အချိန် ထောက်ခံစာအစုံ ပုံစံ(၁၀) လည်း ပါလာတာပေါ့၊ ရာအိမ်မှူးသိန်းထူးကို သတင်းပို့ပြီး လာလို့ရပြီဆိုလို့ မွန်းလွဲတစ်နာရီခွဲလောက်မှာ ကျနော်တို့မိသားစု တပ်ကုန်းစခန်းကို တက်သွားတယ်၊ ကျနော်ရောက်သွားတာနဲ့ ရုံးခန်းနေရာထောင့်မှာ တင်စိုးမြင့်က ပက်လက်လန် သွေးလူးပြီး သေနေတာတွေ့ရတယ်၊ ပစ်သတ်တဲ့ဗိုလ်ကြီးကတော့ လက်ထိပ်ခတ်နဲ့ ခုံတန်းရှည်ရှေ့မှာ ထိုင်နေတယ်” နိုင်ချမ်းအေးက ပြောသည်။

    သေဆုံးသူ ကိုတင်စိုးမြင့်၏ရုပ်အလောင်းတွင် ရင်ဘတ်နှင့်ပေါင်တွင် သေနတ်မှန် ထုတ်ချင်းပေါက်ဒဏ်ရာ၊ ရင်ဘတ် ၄ ချက် ပေါင် ၁ ချက်၊ လက်ဖျံရိုးကျိုး၊ နှာခေါင်းရိုးကျိုး ဒဏ်ရာ၊ သွေးလူးပြီးပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု နိုင်ချမ်းအေးက ဆက်ပြောသည်။

    ထိုအချိန်တွင် တပ်ရင်းမှူးအဆင့်ရှိ တပ်မတော်အရာရှိ ၂ ဦးမှ နိုင်ချမ်းအေးကို တောင်းပန်စကား ပြောဆိုခဲ့ကြောင်း၊ အလောင်းအား အလယ်ဆိပ်သင်းချိုင်းတွင် သဂြိုလ်ရန် စီစဉ်သည်ကို ၄င်းကကန့်ကွက်ခဲ့သဖြင့် အထမမြောက်ခဲ့ကြောင်း၊ ထိုနောက် မြို့နယ်မှူးအပါအဝင် လမိုင်းစခန်းမှ ရဲများရောက်ရှိလာ၍ တရားခံအား လွဲပြောင်းပေးအပ်ခဲ့ပြီး အလောင်းကို လမိုင်းဆေးရုံသို့ပို့ဆောင်ကာ ဆေးစစ်ချက်များ ရယူခဲ့ပြီးနောက် မီးသဂြိုလ်လိုက်ကြောင်း ၄င်းပြောပြချက်အရ သိရသည်။

    သေဆုံးသူ ကိုတင်စိုးမြင့်သည် ဒေသခံမွန်အမျိုးသမီး မခင်ဆွေတင့်နှင့် ၁၅ နှစ်ခန့်အိမ်ထောင်ကျခဲ့ပြီး ၁၁ နှစ်နှင့် ၄ နှစ်အရွယ် သားယောက်ျားလေး ၂ ဦးကျန်ရစ်ခဲ့သည်ကို တွေ့ရှိရသည်။

    အလားတူ ၂၀၁၆ ခုနှစ် မတ်လအတွင်းက ရေးမြို့နယ်တောင်ပိုင်း၊ မကျီးချောင်းဝရွာသား (၂) ဦးအား လူသတ်မှုကျူးလွန်ခဲ့သူ ခမရ(၂၈၀) မှ ဗိုလ်ကြီးဇော်မျိုးထက်အား မှားယွင်းပစ်ခတ်မှုဆို၍ ရေးမြို့မ ရဲစခန်းမှ စစ်စည်းကမ်းဥပဒေဖြင့်အရေးယူရန် တပ်မတော်သို့ လွှဲပြောင်းပေးအပ်ခဲ့ရကြောင်း သတင်းမှတ်တမ်းများတွင် တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks