spot_img
Sunday, April 21, 2024
More
    spot_img
    Homeဆောင်းပါးအပျိုစင်ဘီလူးကျွန်း

    အပျိုစင်ဘီလူးကျွန်း

    -

    ဘီလူးကျွန်းသည် မော်လမြိုင်မြို့၏ အနောက်ဘက်ယွန်းယွန်း သံလွင်မြစ်တစ်ဖက်ကမ်း ရေပတ်လည်ဝန်းရံလျှက်ရှိသော မွန်ပြည်နယ်ထဲတွင်ရှိသော ကျွန်းကြီးတစ်ကျွန်းဖြစ်သည်။ ဘီလူးကျွန်းကို ကျေးရွာပေါင်း(၆၄)ရွာ ၊ ကျေးရွာအုပ်စု(၄၆)အုပ်စုဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပြီး ချောင်းဆုံမြို့နယ် ဟုလည်းခေါ်ဆိုသည်။ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း)နှင့်အတူ အငြင်းပွားဖွယ်ရာများဖြင့် ဘီလူးကျွန်းသည် လှုပ်ခတ်နိုးထဖို့ စိုင်းပြင်နေပါပြီ။

    ယခင်ကာလတွင် လမ်းပန်းဆက်သွယ်ရေးအတွက် ရေလမ်းခရီးတစ်ခုသာ မှီခိုအားထားခဲ့ရသည်။ သံလွင်မြစ်ပြင်ကျယ် အဝေးမှလှမ်းကြည့်လျှင် အပျိုစင်တစ်ဦးကဲ့သို့ အစွမ်းကုန်လှပ ရုန်းကြွတော့မည့်ဟန်ဖြင့် ရှင်းသန့်နေသည်။ ဘီလူးကျွန်း(ခေါ်)ချောင်းဆုံမြို့နယ်သည် ကျောက်သင်ပုန်း ၊ ဆေးတံနှင့် ဂဠုန်ဆရာစံ စသောပုံရိပ်များဖြင့် ရှေးယခင်ကပင် မော်ကြွားနိုင်ခဲ့သည်။ ဘီလူးကျွန်းသည် ယခင်ကတစ်ကျွန်းတည်းမဟုတ်ပါ။ ‘ဘီလူးကျွန်း၊မုဆိုးမကျွန်း၊ခမောင်းပင်ကျွန်း’ စသောကျွန်းခွဲများခွဲထွက်နေပါသည်။ နှစ်ကာလကြာ မြင့်လာသောအခါ သံလွင်မြစ်၏ နုန်းတင်မြေများပို့ချမှုကြောင့် ကျွန်းသုံးခုပေါင်းစပ်သွားပြီး တစ်ကျွန်းတည်းဖြစ်ပေါ်လာကာ ‘ဘီလူးကျွန်း’ ဟု လူအများခေါ်ဆိုလာကြသည်။ ယခုအခါတွင် ချောင်းဆုံမြို့နယ်အဖြစ် သတ်မှတ်ထားသည်။

    ဘီလူးကျွန်း-ချောင်းဆုံမြေပုံ(Google Maps)

    ဘီလူးကျွန်းပေါ်တွင် ကျေးရွာပေါင်း(၆၄)ရွာ (ယခုရ၈ရွာသတ်မှတ်ထား)ရှိပြီး ကျေးရွာအုပ်စု (၄၆)အုပ်စုရှိသည်။ ရေပတ်လည်ဝန်းရံထားပြီး သံလွင်မြစ်ဝတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ တောင်မှမြောက်သို့ အလျား(၁၉)မိုင် နှင့် (၄)ဖာလုံ ၊ အရှေ့မှအနောက်သို့ အကျယ်ဆုံးနေရာတွင် (၁၀)မိုင်နှင့်(၂)ဖာလုံခန့်ရှိပြီး အကျဉ်းဆုံးနေရာတွင် (၄)မိုင်နှင့်(၂)ဖာလုံခန့် ရှိသည်။ ကျွန်းကြီး၏ စုစုပေါင်းအကျယ်အဝန်းမှာ ဧရိယာစတုရန်းမိုင်ပေါင်း (၂၅၉.၀၈၉)မိုင်ရှိသည်။ အင်္ဂလိပ်-မြန်မာ ပထမကျူးကျော်စစ်အပြီး (၁၈၂၆)ခုနှစ်၊ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင်ချုပ်ဆိုသော ရန္တပိုစာချုပ်အရ အောက်မြန်မာပြည်ကို ဗြိတိသျှများသိမ်းပိုက်နိုင်ခဲ့သောကြောင့် ဘီလူးကျွန်းသည် ဗြိတိသျှလက်အောက်ခံအဖြစ် ကျရောက်ခဲ့ဖူးသည်။ (၁၉၀၁)ခုနှစ်မတိုင်မီ ဘီလူးကျွန်းဟုခေါ်ဆိုခဲ့ရာမှ ချောင်းဆုံမြို့နယ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။

    ကျွန်းနေပြည်သူအများစုမှာ မွန်လူမျိုးများ ဖြစ်ကြသည်။ အခြားသော တိုင်းရင်းသားလူမျိုးစုများလည်း စုပေါင်းနေထိုင်လျှက်ရှိသည်။ နှစ်စဉ် တန်ခူးလမဟာသင်္ကြန်ကာလမှစပြီး နှစ်ဆန်း(၁၀)ရက်နေ့ထိတိုင် မွန်ဓလေ့ရိုးရာဘုရားပွဲများကို ကျေးရွာအလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ ဧပြီလ(၁၄)ရက် သင်္ကြန်အကျနေ့ ‘နတ်မှော်ရွာ’ဘုရားပွဲမှစ၍ ၊ ဧပြီလ(၂၆)ရက် နှစ်ဆန်း(၁၀)ရက်နေ့ ‘ကလွီရွာ’ဘုရားပွဲထိ နှစ်စဉ်မပျက်မကွက် ကျင်းပနေဆဲပင်ဖြစ်သည်။

    အခြားသော မဟာသင်္ကြန်ရက်များနှင့် ဆက်စပ်မှုမရှိပဲ သီးခြားကျင်းပသော ဘုရားပွဲများလည်းရှိသည်။ သီတင်းကျွတ်လပြည့်ကျော် (၈)ရက်နေ့တွင်ကျင်းပသော ‘မုနိုင်းရွာ’ဘုရားပွဲ ၊ တပို့တွဲလပြည့်တွင်ကျင်းပသော ‘ကဒါရွာ’ ကျိုက်ထူရုံဘုရားပွဲ ၊ တပေါင်းလဆန်း (၁၃)ရက်နေ့တွင်ကျင်းပသော ‘ဒေါင်းဥရွာ’ဘုရားပွဲ ၊ တပေါင်းလဆန်း(၁၄)ရက်တွင်ကျင်းပသော ‘ဒေါင်းရပ်နောက်’ဘုရားပွဲ ၊ တပေါင်းလပြည့်နေ့တွင်ကျင်းပသော ‘ဒရယ််ရွာ’ ဘုရားပွဲတို့ပင် ဖြစ်ပါသည်။

    ထိုဘုရားပွဲများတွင် မွန်လူမျိိုးတို့၏ ရိုးရာ၊ဓလေ့ထုံးထမ်းအငွေ့အသက်များကို တွေ့မြင်နိုင်ပါသည်။ ဘုရားပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ ရပ်ဝေးရပ်နီးမှ ကွဲကွာနေသောမိသားစုဆွေမျိုးများ ၊ မိတ်ဆွေသူငယ်ချင်းများ တစ်နှစ်တစ်ကြိမ် ပြန်လည်ဆုံတွေ့ကြရန် ဖြစ်သည်။ ဘုရားပွဲသို့ လာရောက်လည်ပတ်သောဧည့်သည်များ မည်သူမဆို ‘သူစိမ်း၊သူကျက်’ မခွဲခြားဘဲ အိမ်တိုင်းမှ လိုလေသေးမရှိ ဧည့်ခံကျွေးမွေးခြင်းသည် ဘီလူးကျွန်း၏ ချစ်စရာ့မွန်ရိုးရာဓလေ့တစ်ခု ဖြစ်သည်။

    ဘုရားပွဲများတွင် ဘီလူးကျွန်း၏ ရိုးရာဓလေ့တစ်ခုဖြစ်သော လှည်းယာဉ်မောင်းပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပလျှက်ရှိသည်။ ချောင်းဆုံမြို့နယ်ရှိ ကရင်ဝင်းစိန်ကြား ဆည်ဧရိယာအတွင်းရှိ ‘မဟာကန်တော်ကြီး’၌ နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော်(၈)ရက်နေ့တွင် ရိုးရာလှေသဘင်ပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။

    ဘီလူးကျွန်း၏ လှည်းယာဉ်အလှ(Facebook)

    ဘီလူးကျွန်းသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် စက်မှုလက်မှုအတတ်ပညာများ အထိုက်အလျောက် ထွန်းကားခဲ့သည်။ ရေပတ်လည်ဝန်းရံထား၍ လျှပ်စစ်မီးမရရှိခဲ့တာကြောင့် တိုးတက်မှုနှေးကွေးခဲ့ရသည်။ ဘီလူးကျွန်းရှိ လက်မှုပညာများထဲတွင် ရွာလွတ်ဆေးတံသည် မြန်မာ၌သာမက ကမ္ဘာထိတိုင်အောင် အထူးထင်ရှားခဲ့သည်။

    ယခုလက်ရှိလုပ်ကိုင်လျှက်ရှိသော စက်မှုလက်မှုအတတ်ပညာများမှာ ‘မုဒွန်းရွာ’ရှိ ကျောက်သင်ပုန်း နှင့် ကျောက်တံလုပ်ငန်းသည်လည်း တစ်ခေတ်တစ်ခါက ကျောင်းပညာရေးတွင် မရှိမဖြစ်အလွန်အသုံးဝင်ခဲ့သော ပစ္စည်းဖြစ်သည်။ ရွာလွတ်ရွာတွင် ကမ္ဘာကျော်ဆေးတံလုပ်ငန်း နှင့် လမ်းလျှောက်ဒုတ်လုပ်ငန်း ၊ ‘ကလော့ရွာ’ နှင့် ‘နှီးမှုတ်ရွာ’တို့တွင် ဝါးခမောက်လုပ်ငန်း ၊ ‘တောင်စွန်းရွာ’တွင် အုန်းဆံကြိုး၊ခြေသုတ်ဖုံ စသောစက်မှုလက်မှုလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေကြသည်။

    ဘီလူးကျွန်းတွင် ပုဂ္ဂိုလ်ထူး၊ပုဂ္ဂိုလ်မြတ်များ၊သမိုင်းဝင်အမွေအနှစ် သာဿနိကအဆောက်အဦးများသာမက ရှေးဟောင်းမြို့များလည်း ရှိပါသေးသည်။ ကောဇာသက္ကရာဇ် (၈၃၈)ခုနှစ်တွင် ဟံသာဝတီပြည့်ရှင် မွန်ဘုရင်ဓမ္မစေတီမင်းသည် ပဲခူးကလျာဏီသိမ်တော်ကြီးနှင့်အပြိုင်တစ်နိုင်ငံလုံးသိမ်ပေါင်း(၅၀၀)တည်ဆောက်ခဲ့ရာမှဘီလူးကျွန်းတွင်သိမ်(၄)သိမ်တည်ခဲ့သည်ဟုသမိုင်းစာအုပ်များတွင် ဆိုထားသည်။ ယခုအခါတွင် သိမ်(၃)သိမ်သာ သိရတော့သည်။ ယင်းသိမ်များမှာ ‘မုနိုင်းသိမ်၊ ဘုရားကြီးကုန်းသိမ်၊ ကမာကေးသိမ်’ တို့ဖြစ်ကြသည်။

    ဗုဒ္ဓသာသနာ အဓွန့်ရှည်ရန်ရည်ရွယ်၍ သာသနာပြုလုပ်ငန်း ပြန့်ပွားရေးအတွက်လည်း ဆရာတော်ကြီးများက ကြိုးစားအားထုတ်ခဲ့သည်။ ဘီလူးကျွန်းရှိ ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများသည် ကောဇာသက္ကရာဇ်(၁၃၁၇)ခုနှစ် ၊ ဝါခေါင်လဆန်း(၈)ရက်နေ့တွင် ‘ပရိယတ္တိဟိတကာရီအဖွဲ့ကြီး’ ကိုတည်ထောင်၍ သာသနာအဓွန့်ရှည်ရေးအတွက် သာသနာ့ဗိမ္မာန်တွင် စာပြန်ပွဲများ ကျင်းပခဲ့သည်။ သာသနာ့ပုဂ္ဂိုလ်ထူးအနေဖြင့် သာသနာရေးတွင် အမြင့်ဆုံးဘွဲ့ ‘အဘိဓဇမဟာရဌဂုရု’ဘွဲ့ခံ သက်တော်(၁၀၄)နှစ်မှ ခန္ဓာဝန်ချသွားသော ‘အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကောသလ္လမဟာထေရ်’ဆရာတော်ဘုရားကြီး ‘မုဒွန်းရွာ’တွင် ပေါ်ထွက်ခဲ့ဖူးသည်။

    လူပုဂ္ဂိုလ်ထူးအနေဖြင့် ဂဠုန်ဆရာစံသည် လယ်သမားအရေးသူပုန်မထခင် ‘ကမာမိုရွာ’တွင် ဆေးဆရာအဖြစ် လာရောက်နေထိုင်ခဲ့ဖူးသည်။ ဂဠုန်ဆရာစံကို ဂုဏ်ပြုသောအားဖြင့် ဆရာစံရုပ်ထုုကိုလည်း ကမာမိုရွာ၌ ထွင်းထုပြသထားသည်။ ဟံသာဝတီခေတ်တွင် ပုသိမ်(၃၂)မြို့၊ ဟံသာဝတီ(၃၂)မြို့၊ မုတ္တမ(၃၂)မြို့ စသောမြို့ပြ(၉၆)မြို့ ရှိခဲ့သည်။ မုတ္တမ(၃၂)မြို့ထဲတွင်ပါဝင်သော ‘ဒရယ်ရွာ၊ကုလားဘီရွာ၊ဝယ်လန်ရွာ၊သက္ကောရွာ’တို့သည် ဟံသာဝတီခေတ် ရှေးဟောင်းမြို့များ ဖြစ်ကြသည်။

    နှစ်ပေါင်းများစွာ သီးခြားကမ္ဘာဆန်ဆန် ရပ်တည်ခဲ့သည့် ဘီလူးကျွန်းသည် ပကတိအပျိုစင်တစ်ယောက်ပမာ အရောင်စွန်းထင်းခြင်းမရှိ ဖြူစင်ဝင်းပစွာ တည်ရှိနေပါသည်။ (၂၀၁၇)ခုနှစ်တွင် သံလွင်ချောင်းခြား လမ်းပန်းဆက်သွယ်ရေး အခက်အခဲနွံမှ လွတ်မြောက်လာသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသောကြောင့် စီးပွားရေးအခွင့်အလမ်းများနှင့် အခြားသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများ လာရောက်အခြေချလုပ်ကိုင်တော့မည် ဖြစ်သည်။ ထိုအခွင့်အလမ်းများကို လက်တဆုပ်စာ လူတစ်စုလက်အောက်သို့ သယံဇာတများ တစ်လွှာခြင်းပိုင်းဖျက်မခံရအောင် ကျွန်းသူကျွန်းသားများ အထူးသတိပြုရမည့် အချက်တစ်ခုဖြစ်သည်။

    ညှို့မှိုင်မှိုင်တောင်တန်းများ၊ လယ်ကွင်းစိမ်းစိမ်းများ၊ စက်မှုလက်မှုအတတ်ပညာများ၊ ပင်လယ်ငါးဖမ်းလုပ်ငန်းများ၊ စိမ်းလန်းသောသဘာဝပတ်ဝန်းကျင်များသည် ယနေ့အချိန်ထိ နုပျိုလတ်ဆတ်လျှက်ရှိသည်။ မြို့ပြဆန်ဆန် မွန်းကြပ်မှုအငွေ့အသက်မရှိ သက်သောင့်သက်သာ တည်ရှိနေပါသေးသည်။ ကောင်းမွန်လာသည့် လမ်းပန်းဆက်သွယ်ရေး၊ ခေတ်စနစ်၏တိုက်စားမှုကို အသွင်သစ်ဖြင့် ဘီလူးကျွန်းသည် (၂၁)ရာစုထဲ ဆက်လက်စီးမျောရပါဦးမည်။

    ဘီလူးကျွန်း(ခေါ်) ချောင်းဆုံမြို့နယ်ဟု လူအတော်များများသိခဲ့သော ယက္ခဒီပမြေသည် (၂၀၁၇)ခုနှစ်တွင် မြန်မာ့စာမျက်နှာထက်မှသာမက ကမ္ဘာထိတိုင်အောင် ကျော်ကြားခဲ့ပါပြီ။ အငြင်းပွားဖွယ်ရာများနှင့် သံလွင်မြစ်ပေါ်ကျောခင်းပြီး မော်လမြိုင်မှဘီလူးကျွန်းကို ဆက်သွယ်ပေးသော တံတားကြီး (ဗိုလ်ချုပ်အောင်ဆန်းတံတား) ဘီလူးကျွန်းသည် လူအများစိတ်ဝင်စားမှုကို ရရှိလာပါသည်။ နှစ်ပေါင်းများစွာ သံလွင်ချောင်းခြား၍ သီးခြားကမ္ဘာဆန်ခဲ့ရာမှ (၂၀၁၇)ခုနှစ်တွင် ကောင်းမွန်လာသည့် လမ်းပန်းဆက်သွယ်ရေးနှင့်အတူ ဘီလူးကျွန်းသည် တိုးတက်ဖို့ နိုးထသက်ဝင် လမ်းထလျှောက်ခဲ့ပြီလို့ ဆိုရပါတော့မည် ဖြစ်ပါသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,500SubscribersSubscribe
    spot_img

    Latest posts