မွန်ပြည်နယ်အတွင်း မတ်လ (၂၁)ရက်နေ့မှ ဧပြီလ (၁၃) ရက်နေ့အထိ စည်းကမ်းမဲ့ မော်တော်ဆိုင်ကယ် စုစုပေါင်း (၂၁၈၁) စီး ဖမ်းဆီးအရေးယူခဲ့ကြောင်း မွန်ပြည်နယ် ယာဉ်ထိန်းရဲမှူး စာရင်းဇယားများအရ သိရသည်။
“စည်းကမ်းချက်တွေကို သင်္ကြန်မတိုင်ခင်က လော်စပီကာတွေနဲ့ လှုံ့ဆော်ပညာပေးတာရှိသလို၊ မွန်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ စီမံချက်အရ ဦးထုပ်မဆောင်းတာတွေ၊ နောက်ကြည့်မှန်မတပ်တာ၊ နံပါတ်ကပ်ပြားမတပ်တာတွေ ဖမ်းဆီးအရေးယူခဲ့တယ်” ဟု မွန်ပြည်နယ် ဒု-ယာဉ်ထိန်းရဲမှူး ဦးကျော်သူက ပြောသည်။
သို့ရာတွင် စည်းကမ်းမဲ့မော်တော်ဆိုင်ကယ်များကို သင်္ကြန်ကာလအတွင်းတွင် ဖမ်းဆီးအရေးယူခြင်း မရှိခဲ့သော်လည်း ဧပြီလ (၁၉) ရက်နေ့မှ စပြီး စည်းကမ်းမဲ့မော်တော်ဆိုင်ကယ်များအား တင်းကျပ်စွာ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
“ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို နားမလည်လို့၊ ကိုယ့်ဘက်က အန္တရာယ်ကို ကာကွယ်ရမှန်းမသိလို့ ဦးထုပ်မဆောင်းမိလို့ ဖမ်းခံထိတာ ဒဏ်ဆောင်ပီးရင် ဆိုင်ကယ်ပြန်ပေးတယ်၊ ကျန်တဲ့အပိုင်းတော့ ဘာမှမရှိဘူး” ဟု မော်တော်ဆိုင်ကယ် ဖမ်းဆီးအရေးယူခံခဲ့ရသူ ကိုအောင်စိုးမိုးကြည်က ပြောသည်။
မော်တော်ဆိုင်ကယ်စီးသူများ အရည်အသွေးပြည့်မီသောဆိုင်ကယ်ဦးထုပ်ကို မေးသိုင်းကြိုးတပ်၍ ဝတ်ဆင်မောင်းနှင်ရေး၊ မော်တော်ယာဉ်မောင်းနှင်သူများ လက်ကိုင်ဖုန်းအသုံးမပြုရေး၊ မော်တော်ဆိုင်ကယ်မောင်းနှင်စဉ် နားကြပ်အသုံးပြု၍ သီချင်းနားထောင်ခြင်းမပြုရေးနှင့် မော်တော်ဆိုင်ကယ်နောက်ကြည့်မှန်များ တယ်ဆင်မောင်းနှင်ရေးစသည့် စည်းကမ်းချက်များကို ချိုးဖောက်လာပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲမှူးထံမှ သိရသည်။
ယင်းကဲ့သို့ စည်းကမ်းချက်အတိုင်း လုပ်ငန်းဖော်ဆောင်ရာတွင် ပြည်သူလူထုများ ပူးပေါင်းပါဝင်ပေးသောကြောင့် ၂၁၀၈ ခုနှစ်၊ သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှုသည် ယမန်နှစ်က သင်္ကြန်ကာလယာဉ်တိုက်မှုထက် ပိုလျော့နည်းလာသည်ဟု ယာဉ်ထိန်းရဲမှူးထံမှ သိရသည်။
၂၀၁၈ ခုနှစ်၊ သင်္ကြန်ကာလအတွင်း၌ ယာဉ်တိုက်မှု (၉) မှု၊ မော်တော်ဆိုင်ကယ်တိုက်မှု (၅) မှု၊ ဒဏ်ရာရသူ (၂၀) ဦးနှင့်၊ သေဆုံးသူ (၆) ဦးရှိခဲ့ကြောင်း မွန်ပြည်နယ် ယာဉ်ထိန်းရဲမှူး ဇရင်းဇယားများအရ သိရသည်။