မြန်မာနိုင်ငံ၏ ၁၀ ယောက်မြောက် နိုင်ငံတော်သမ္မတအဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း ဦးဝင်းမြင့်အား ပြည်ထောင်စုလွှတ်တော်က ယနေ့တွင် ရွေးချယ်တင်မြှောက်လိုက်သည်။
သမ္မတ ဦးထင်ကျော် နုတ်ထွက်ခဲ့ပြီးနောက် လစ်လပ်ခဲ့သည့် နိုင်ငံတော်သမ္မတရာထူးနေရာကို နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲအစီအစဉ် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်၊ သတ္တမပုံမှန်အစည်အဝေး (၂၀)ရက်မြောက်နေ့တွင် မဲပေးရွေးချယ်ခြင်းဖြစ်သည်။
ထိုသို့ရွေးချယ်ရာတွင် ဦးဝင်းမြင့် ၄၀၃ မဲ၊ ဦးမြင့်ဆွေ ၂၁၁ မဲ၊ ဦးဟင်နရီဗန်ထီးယူ ၁၈ မဲ၊ ပယ်မဲ ၄ မဲ ရရှိကြောင်း သတင်းမီဒီယာများ ဖော်ပြချက်အရ သိသည်။
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ကိုယ်ရေးအကျဉ်း
မွေးဖွား- ၁၉၅၁ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် အဖ ဦးထွန်းကြင်၊ အမိ ဒေါ်သန်းတို့မှ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာတွင် မွေးဖွားခဲ့သည်။
ပညာရေးအရည်အချင်း- ညောင်ချောင်းကျေးရွာမူလတန်းကျောင်း၊ ဓနုဖြူအထက်တန်းကျောင်း၊ အမှတ်(၆) ပုသိမ်အထက်တန်းကျောင်း၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ် B.Sc (Geology), H.G.P , R.L
တာဝန်ထမ်းဆောင်- အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ(ဓနုဖြူမြို့နယ်)၊ NLD ဓနုဖြူမြို့နယ်စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်။
နိုင်ငံရေးလှုပ်ရှားမှု- တက္ကသိုလ်ကျောင်းသားဘဝကတည်းက နိုင်ငံရေးနယ်ပယ်ထဲသို့ စတင်ဝင်ရောက်ခဲ့၊ ၁၉၈၈ လူထုအရေးတော်ပုံတွင် တက်ကြွစွာပါဝင်ခဲ့။ အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းမှုကို သုံးကြိမ်တိုင် ခံခဲ့ရ။
- ၁၉၉၀ ရွေးကောက်ပွဲ၊ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်
- ၁၉၉၅ ခုနှစ်၊ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး
- ၂၀၁၀ ခုနှစ်၊ CEC- NLD.
*၂၀၁၂ ကြားဖြတ်၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရ - တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းအရေးမှူး
- ၂၀၁၄ ခုနှစ်၊ NLD ပြောရေးဆိုခွင့်ရှိသူ
*၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မဲဆန္ဒနယ် ထပ်မံရွေးချယ်အနိုင်ရ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ။
*မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ၁၉၉၀၊ ၂၀၁၂ ကြားဖြတ်၊ ၂၀၁၅ ရွေးကောက်ပွဲများ၌ သုံးကြိမ်တိုင် ရွေးကောက်ခံခဲ့ရသည့် ပြည်သူ့ကိုယ်စားလှယ်။
*၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်မှ နုတ်ထွက်ခဲ့။ - ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးခြယ်တင်မြှောက်ခြင်းခံရသည်။