Homeသတင်းမွန်ကိုယ်စားပြုပါတီတွင် မွန်နှစ်ပါတီပါဝင်လာရေး ၂၁ ဦးအဖွဲ့ ဆက်လက်ကြိုးပမ်းမည်ဟုဆို

မွန်ကိုယ်စားပြုပါတီတွင် မွန်နှစ်ပါတီပါဝင်လာရေး ၂၁ ဦးအဖွဲ့ ဆက်လက်ကြိုးပမ်းမည်ဟုဆို

-

မွန်ကိုယ်စားပြုပါတီတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP ပါတီတို့ ပါဝင်လာရေး ဆက်လက်ကြိုးပမ်းသွားမည်ဟု မွန်ကိုယ်စားပြုပါတီအကောင်အထည်ဖော်ရေး၂၁ ဦးအဖွဲ့ ဥက္ကဌ နိုင်ကောင်းရွတ်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

နိုင်ကောင်းရွတ်က “ နှစ်ပါတီက ကျနော်တို့အဖွဲ့နဲ့ လောလောဆယ်မှာ မတွေ့ဆုံနိုင်သေးဘူးလို့ ဆိုတယ်၊ စာနဲ့ပေနဲ့ အကြောင်းကြားလာတာမဟုတ်ပေမယ့် နောက်မှတွေ့ဖို့စဉ်းစားမယ်ဆိုတာကို မီဒီယာကတဆင့် ပြောတာရှိတယ်” ဟု ဆိုသည်။

မွန်ကိုယ်စားပြုပါတီအကောင်အထည်ဖော်သည့်နေရာတွင် AMDP, MNP နှစ်ပါတီ မပါဝင်နိုင်ပါက ပြည့်စုံလိမ့်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် နှစ်ပါတီပါဝင်လာရေးအတွက် မိမိတို့အဖွဲ့အစည်း သက်တမ်းကုန်ဆုံးသည်အထိ ကြိုးပမ်းသွားမည်ဟု နိုင်ကောင်းရွတ်က ဆက်ပြောသည်။

သို့ရာတွင် မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက “သူတို့ရဲ့ မွန်နိုင်ငံရေးညီလာခံကို ကျနော်တို့ပါတီရော AMDP ပါတီပါ အသိအမှတ်မပြုပါဘူး၊ ဒါကြောင့်ပဲ အဲဒီညီလာခံကို ကျနော်တို့ပါတီကိုယ်စားလှယ်မလွှတ်ခဲ့ဘူး၊ တက်ရောက်ခြင်းမရှိခဲ့ဘူး” ဟု ဆိုသည်။

ထို့ကြောင့် အဆိုပါ မွန်နိုင်ငံရေးညီလာခံ၏ ဆုံးဖြတ်ချက်များသည် မိမိတို့ပါတီနှင့် မသက်ဆိုင်ကြောင်း၊ အဆိုပါညီလာခံနှင့်ပတ်သက်၍ ၄င်းတို့အကောင်အထည်ဖော်နေသောကိစ္စအပေါ် မိမိတို့မဝေဖန်လိုကြောင်း နိုင်လယီတမက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

NMSP နှင့် ၂၁ ဦးအဖွဲ့့ တွေ့ဆုံဆွေးနွေးခဲ့စဉ်(Facebook)

မွန်ကိုယ်စားပြုပါတီအကောင်အထည်ဖော်ရေး၂၁ ဦးအဖွဲ့အနေဖြင့် ညီလာခံပြီး ၃ လအတွင်း မွန်ပါတီများနှင့်တွေ့ဆုံဆွေးနွေးမှုပြီးမြောက်စေရန် မွန်နိုင်ငံရေးညီလာခံက ဆုံးဖြတ်ထားရာ လက်ရှိတွင် မွန်ပြည်သစ်ပါတီတစ်ဖွဲ့သာ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃-၁၄ ရက်နေ့များတွင်ကျင်းပခဲ့သော မွန်နိုင်ငံရေးညီလာခံ Mon Political Conference ဆုံးဖြတ်ချက်အရ မွန်ကိုယ်စားပြုပါတီအကောင်အထည်ဖော်ရေး၂၁ ဦးအဖွဲ့ကို ရွေးချယ်ဖွဲ့စည်းခဲ့ပြီး အဖွဲ့၏သက်တမ်းကို ၆ လ သတ်မှတ်ပေးထားသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts