Homeသတင်းမွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ရက်မသတ်မှတ်နိုင်သေး

မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ရက်မသတ်မှတ်နိုင်သေး

-

မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီဖွဲ့စည်းပြီးသော်လည်း မွန်လူမျိုးအလိုက် အမျိုးသားအဆင်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် ရက်မသတ်မှတ်နိုင်သေးကြောင်းမွန်ပြည်သစ်ပါတီမှ သိရသည်။

၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့စွဲဖြင့်ဖွဲ့စည်းလိုက်သည့် အဆိုပါ ကြီးကြပ်မှုကော်မတီတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အမည်ဖြင့်ထုတ်ပြန်သော ကြေညာချက်အမှတ် ၁/၂၀၁၈ အရ မွန်ပြည်နယ်မှ အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦး၊ တပ်မတော်ကိုယ်စားလှယ်တစ်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ မွန်ပြည်သစ်ပါတီ ၂ ဦး၊ KNU အဖွဲ့ဝင်တစ်ဦး၊ NLD, MNP, AMDP တို့မှ ၃ ဦး စုစုပေါင်း ၉ ပါဝင်ကြောင်း တွေ့ရှိရသည်။

မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီ(Copy)

မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီဝင် နိုင်အောင်မငေးက “မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပမယ့်ရက် ဘယ်နေ့ဘယ်နေ့လုပ်မယ့်ဟာကို တိတိကျကျစဉ်းစားထားတာမရှိသေးဘူး ၊ အဆင်သင့်ဖြစ်ပြီး ပြေလည်တဲ့အချိန် လုပ်မှာပေါ့” ဟု မွန်သတင်းအေဂျင်စီသို့ ယနေ့တွင် ပြောကြားသည်။

မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပမည့်ရက်ကို ဧပြီ ၆ ရက်နေ့မှ ၄ ရက်ကြာ ရေးမြို့တွင် ကျင်းပသွားရန် မူလကလျာထားသော်လည်း ယင်းသို့မကျင်းပမီ လူထုတွေ့ဆုံရှင်းလင်းပွဲများ မွန်ပြည်နယ်အတွင်းမှာသာ ကျင်းပခွင့်ရှိကြောင်း၊ မွန်ပြည်နယ်ပြင်ပတွင်ကျင်းပမည်ဆိုပါက လူဦးရေ ၃၀ ထက်မပိုရန် တပ်မတော်မှ ကန့်သတ် လာသဖြင့် UPDJC သို့ ပြန်လည်တင်ပြကာ အစီအစဉ်များရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။

အလားတူ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်စောမြရာဇာလင်းက “ကျမတို့ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ အနေအထားကိုကြည့်ပြီးတော့မှ ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကြီးကြီးကျယ်ကျယ်လုပ်ရင် စိုးရိမ်လို့ အစိုးရလုပ်ခွင့်မပြုဘူးဆိုရင် လူထုတွေ့ဆုံဆွေးနွေးပွဲတွေကို ကောင်းကောင်းမွန်မွန်လုပ်ပြီးတော့မှ လာမယ့်ပြည်ထောင်စုညီလာခံမှာ တင်ဖို့အတွက် Working Group မှာ တင်ဖို့ စာတမ်းတွေပြုစုရအောင် လူထုတွေ့ဆုံပွဲတွေဖြစ်အောင် ကြိုးစားတယ်၊ ဒါပေမယ့် ရခိုင်ပြည်ရဲ့ကိစ္စကို အကြောင်းအမျိုးမျိုးပြပြီး လူထုတွေ့ဆုံပွဲကိုလည်း ခွင့်မပြုဘူး” ဟု မွန်သတင်းအေဂျင်စီသို့ ယနေ့တွင် ပြောသည်။

အစိုးရနှင့် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း လူထုတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခွင့်မရသဖြင့် NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ ALP နှင့် ရခိုင်အမျိုးသားပါတီ ANP အပြင် CSO များဖြင့် ပူးပေါင်းဖွဲ့စည်းထားသော ရခိုင်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီနှင့် လူထုတွေ့ဆုံပွဲကျင်းပရေးကော်မတီကို ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က ဖျက်သိမ်းလိုက်ကြောင်း ဒေါ်စောမြရာဇာလင်းက ဆိုသည်။

အလားတူ NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အနေဖြင့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမကျင်းပမီ အကြိုလူထုတွေ့ဆုံပွဲများ နေရာကန့်သတ်ခံထားသည့်ကိစ္စအား အစိုးရနှင့်ပြန်လည်ညှိနှိုင်းခဲ့သော်လည်း ထူးခြားမှုမရှိကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် EAO’s များ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပနိုင်ပါက လာမည့်မေလတွင် လျာထားသည့် ပြည်ထောင်စုညီလာခံ- ၂၁ ရာစုပင်လုံ(တတိယအစည်းအဝေး) ကျင်းပနိုင်မည့်အလားအလာ အလွန်နည်းပါးကြောင်း စိုင်းကျော်ညွန့်က သုံးသပ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts