spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းရန်ကုန် -မော်လမြိုင်ရထားလမ်းအဆင့်မြှင့်တင်ရန် နိုင်ငံတော်ဘတ်ဂျက် ၉ ဘီလီယံ သုံးစွဲ

    ရန်ကုန် -မော်လမြိုင်ရထားလမ်းအဆင့်မြှင့်တင်ရန် နိုင်ငံတော်ဘတ်ဂျက် ၉ ဘီလီယံ သုံးစွဲ

    -

    ရန်ကုန်နှင့် မော်လမြိုင် ရထားလမ်းအဆင့်မြှင့်တင်ရန် နိုင်ငံတော်ဘတ်ဂျက် ၉ ဘီလီယံ အကုန်ကျခံသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးကမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “အဆင့်မြှင့်တင်တယ်ဆိုလည်း အခုလက်ရှိရထားလမ်းပိုင်းထက်ကိုပိုပြီးတော့ ညက်ညောအောင်၊ လူးတာတွေ ခုန်တာတွေ သက်သာအောင်၊ လမ်းကောင်းသွားရင်၊ ရန်ကုန်နဲ့ မော်လမြိုင်ဆို ၇ နာရီလောက်ပဲမောင်းရမယ်၊ ခရီးသည်တွေအတွက်လည်းပိုပြီးအဆင်ပြေသွားမယ်” ဟု ၄င်းကဆိုသည်။

    ယခုလိုရထားလမ်းပိုင်း အဆင့်မြှင့်တင်နေခြင်းသည်၊ ဘီးလင်းမြို့နယ် တောင်စွန်းဘူတာကိုကျော်လာပြီဖြစ်ကာ ၂၀၁၉ ဘတ်ဂျက်နှစ်ကုန်တွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

    မော်လမြိုင်-မုတ္တမ သံလွင်တံတားပေါ်ရှိရထားလမ်းပိုင်း (MNA)

    အဆင့်မြှင့်တင်မည့် ရထားသံလမ်းသည် ကိုးချောင်းဆက် သံလမ်းဂဟေဆက် သည့်စနစ်ကိုအသုံးပြု၍ ရထားသံလမ်းကို ၈ လက်မအမြင့်ထိ မြှင့်တင်ပြီး အောက်ခံကျောက်များဖြင့် ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

    ထို့အပြင် ရထားအရှိန်နှုန်းလည်းမြင့်လာမည်ဖြစ်သည့်အတွက် ရထားလမ်းဖြတ်ကူးသည့် တရားမဝင်ဂိတ်များကိုအသုံးပြု သွားလာနေသည့် ပြည်သူများ အတွက် အန္တရာယ်ကင်းရှင်းရန်၊ ပညာပေးသည့်အပိုင်းလည်း မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ရထားပို့ဆောင်ရေး လက်ထောက်မန်နေဂျာ ဦးမောင်ဇော်က ပြောသည်။

    “အခုလည်းကျွန်တော်တို့ ပညာပေးလက်ကမ်းစာစောင်တွေထပ်ရိုက်နေတယ်၊ ဒီပတ်လောက်မှာဆိုရင် ကျေးရွာတွေမှာရှိတဲ့ ရုံပိုင်တွေကတစ်ဆင့် လိုက်ဖြန့်တော့မယ်” ဟု ဦးမောင်ဇော်က ပြောသည်။

    မြန်မာနိုင်ငံအတွင်း ရထားလမ်းဖြတ်ကူး၍ ရထားနှင့်ကားတိုက်သည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်လျက်ရှိ သည့်အတွက် ရထားလမ်းပိုင်းအဆင့်မြင့်လာသည်နှင့်အမျှ၊ ပညာပေးသည့်အပိုင်းလည်းပိုမိုဆောင်ရွာက် သွားရမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

    လက်ရှိ ၉ နာရီခန့်စီးနင်းနေရသည့် ရန်ကုန်နှင့်မော်လမြိုင်ခရီး ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ပြီးစီးသွားပါက ၇ နာရီလောက်သာ ကြာမြင့်မည်ဖြစ်သည့်အတွက် ခရီးသွားပြည်သူများအတွက် ပိိုမိုအဆင်ပြေလာနိုင်သလို၊ ရထားအသုံးပြုမှုလည်းများလာမည်ဖြစ်ကြောင်း ဦးထွန်းဌေးက ထောက်ပြသည်။

    အရှည်မိုင် ၁၈၈ ရှိသည့် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းကို ၃ ပိုင်းခွဲပြီးဆောင်ရွက်လျက်ရှိရာ မော်လမြိုင်-တောင်စွန်း ၇၈ မိုင်ခွဲဆောင်ရွက်ဆဲဖြစ်ပြီး တောင်စွန်း-ပဲခူး ၆၃ မိုင်၊ ပဲခူး-ရန်ကုန် ၄၆ မိုင်ခွဲတို့ကို အပြီးသပ်မြှင့်တင်ခဲ့ပြီးဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks