spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သူ့ညီလာခံသို့ MNP နှင့် AMDP ပါတီမတက်

    မွန်ပြည်သူ့ညီလာခံသို့ MNP နှင့် AMDP ပါတီမတက်

    -

    မွန်အမျိုးသားကိုယ်စားပြု နိုင်ငံရေးပါတီတစ်ခုပေါ်ပေါက်နိုင်ရေးအတွက် မွန်ပြည်သူ့ညီလာခံတစ်ရပ်ကို လာမည့် ဇန်နဝါရီလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် ကျင်းပမည်ဖြစ်ရာ တရားဝင်နိုင်ငံရေးပါတီ များဖြစ်သည့် မွန်အမျိုးသားပါတီ (MNP) နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) ပါတီတို့ တက်ရောက်မည်မဟုတ်ကြောင်း

    သိရသည်။

    မွန်တစ်မျိုးသားလုံး ညီညွတ်ရေးထက် ပြိုကွဲရေးကိုဦးတည်နေပြီး မွန်အမျိုးသားတစ်ရပ်လုံးအပေါ် ဆိုးကျိုးသာဖြစ်ပေါ်စေမည့် ယင်းညီလာခံကို မွန်အမျိုးသားပါတီအနေဖြင့် အသိအမှတ်မပြုနိုင်ကြောင်း မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ပါတီဝင်များ ညီလာခံမတက်ရောက်ရန် MNP ၏အကြောင်းကြားစာ(Copy)

    “ ပါတီရဲ့ ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ဒီညီလာခံကိုမတက်ဘူး၊ ဘာကြောင့်လဲ ဆိုတော့ ပြည်သူ့ညီလာခံဆိုတာ မွန်တစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့အတွက် အားလုံးပူးပေါင်းပါဝင်သင့်တယ်၊ ဒါမှညီလာခံဆိုတဲ့အဂါင်္ရပ်နဲ့ညီမယ်လေ၊ အခုကညီညွတ်ရေးအဖွဲ့တစ်ဖွဲ့အနေနဲ့ပဲ ညီလာခံကျင်းပသွားမယ် ဆိုတာကတော့ မဖြစ်သင့်ဘူး” ဟု နိုင်လယီတမက ပြောသည်။

    ထို့အပြင် MNP ပါတီဝင်များ မွန်ပြည်သူ့ညီလာခံသို့ တက်ရောက်ခြင်းမပြုရန် ဇန်နဝါရီလ ၈ ရက်နေ့က သတိပေးစာ တစ်စောင်ထုတ်ပြန်ထားသည်။

    အလားတူ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP လည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့ကကျင်းပသည့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အစည်းအဝေး ဆုံးဖြတ်ချက်အရ ၄င်းညီလာခံကိုတက်ရောက်မည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

    “မွန်ဒေသလုံးဆိုရာဒီမိုကရေစီပါတီအနေနဲ့ ညီညွတ်ရေးအဖွဲ့ကိုအသိအမှတ်မပြုတဲ့အတွက် သူတို့အဖွဲ့ ဦးဆောင်ကျင်းပတဲ့ညီလာခံကိုလည်း ကျွန်တော်တို့လက်မခံနိုင်ဘူး” ဟု အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

    ညီညွတ်ရေးအဖွဲ့မှကျင်းပသည့်ညီလာခံသည် မွန်တစ်မျိုးသားလုံးကိုကိိုယ်စားမပြုသည့်အပြင် ဒီမိုကရေစီစံနှုန်း၊ လုပ်နည်းလုပ်ဟန်မှသွေဖည်နေသည့် ညီလာခံဖြစ်သည့်အတွက် မွန်ဒေသလုံးဆိုရာဒီမိုကရေစီ အနေဖြင့် ကိုယ်စားလှယ်စေလွှတ်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

    သို့ရာတွင် မွန်ပြည်သစ်ပါတီမှ ကျင်းပရေးကော်မတီအဖွဲ့ဝင်တစ်ဦးသာအမည်စာရင်းပေးပို့ထားသော်လည်း အဆိုပါပြည်သူ့ညီလာခံသို့ တက်ရောက်မည် သို့မဟုတ် မတက်ရောက်မည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

    “မွန်နိုင်ငံရေးပါတီတွေက သူတို့ပါတီရဲ့ မူဝါဒနဲ့ သူတို့သွားနေတယ်ဆိုတော့ သူတို့ရဲ့ဆုံးဖြတ်ချက်အရ ဒီညီလာခံ မတက်တာက မမှားဘူးလို့ မြင်တယ်ပေါ့လေ” ဟု မွန်အမျိုးသားအရေးလှုပ်ရှားသူ နိုင်ဗညာဂဂျော့က ပြောသည်။

    မွန်ပါတီများပေါင်းစည်းညီညွတ်ရေးအဖွဲ့ကဦးစီး၍ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ သာသနာ ၂၅၀၀ ဓမ္မာရုံ၌ ကိုယ်စားလှယ် ၇၀၀ ခန့် တက်ရောက်ကျင်းပရန် စီစဉ်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks