မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News

မွန်ပြည်သူ့ညီလာခံသို့ မွန်နိုင်ရေးပါတီများ တက်ရောက်မည့်အလားအလာနည်းပါးဟုဆို

မွန်နိုင်ငံရေးပါတီများ တစ်စုတစ်စည်းတည်းဖြစ်ရေး ရည်ရွယ်ချက်ဖြင့် လာမည့်ဇန်နဝါရီလ ၁၃-၁၄ ရက်နေ့များတွင် မော်လမြိုင်မြို့ သာသနာ ၂၅၀ဝ ဓမ္မာရုံ၌ ကျင်းပမည့်မွန်ပြည်သူ့ညီလာခံသို့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP တက်ရောက်မည့်အလားအလာ နည်းပါးကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

AMDP ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးက “ဒီညီလာခံကိုဦးဆောင်ကျင်းပတဲ့ မွန်ညီညွတ်ရေးအဖွဲ့ကို ကျနော်တို့အသိအမှတ်မပြုဘူးဆိုတာကို ရာမညဟိုတယ်မှာသူတို့ကိုပြောထားပြီးသားပါ၊ မွန်တစ်မျိုးသားလုံးကိုယ်စားပြုပြီးကျင်းပတာမဟုတ်ဘူး၊ သူတို့ဖြစ်စေချင်သလို သူတို့လုပ်ဆောင်နေတာဖြစ်တယ်၊ ဒါပေမယ့် အခုညီလာခံကိစ္စကို ပါတီဗဟိုကိုတင်ပြပါဦးမယ်” ဟု ပြောသည်။

မွန်ညီညွတ်ရေးအဖွဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ထုတ်ပြန်ချက်(Copy)
မိမိတို့ဖြစ်စေချင်သည့်အရာကို အများတကာခေါ်ယူပြီး ယခင်မဆလခေတ်ကဲ့သို့ပင် လက်ခုတ်တီးထောက်ခံခိုင်းသလိုဖြစ်နေသည်ဟု သူကဆိုသည်။

အလားတူ မွန်အမျိုးသားပါတီ MNP အထွေထွေအတွင်းရေးမှူး နိုင်လယီတမက “ဒီညီလာခံကို ကျနော်တို့ပါတီတက်ရောက်ဖို့ အလားအလာအလွန်နည်းပါတယ်၊ ဒါပေမယ့်ပါတီလုပ်ငန်းစဉ်အရ ဗဟိုကော်မတီအစည်းအဝေးခေါ်ပြီးတော့ ဒီကိစ္စအဆုံးအဖြတ်ရယူပါမယ်၊ လောလောဆယ် ဒီညီလာခံကျင်းပရေးကော်မတီမှာ ကျနော်တို့မပါဝင်နိုင်ဘူးဆိုတာကိုတော့ ဆုံးဖြတ်ထားပြီးသားပါ” ဟု ပြောသည်။

အဆိုပါညီလာခံတွင် ပါတီသစ်ဖွဲ့မဖွဲ့နှင့်ပတ်သက်၍ ဆွေးနွေးခြင်းမပြုရန် မွန်အမျိုးသားပါတီအနေဖြင့် မွန်ညီညွတ်ရေးအဖွဲ့သို့ ကြိုတင်ကတိတောင်းဆိုခဲ့ရာတွင် အကြောင်းပြန်ကြားခြင်းမရှိကြောင်း နိုင်လယီတမက ဆိုသည်။

သို့ရာတွင် ပါတီသစ်ဖွဲ့မဖွဲ့ဆိုသည်မှာ တက်ရောက်သူကိုယ်စားလှယ်များ၏အဆုံးအဖြတ်ပေါ်တွင် မူတည်နေကြောင်း မွန်ညီညွတ်ရေးအဖွဲ့ဝင် ဘီလူးကျွန်းမှ ဘိုးနက်ဆရာတော် အသျှင်ဝါရဝံသက မွန်သတင်းအေဂျင်စီသို့ မိန့်ဆိုသည်။

“ပြည်သူတွေရဲ့ဆန္ဒအပေါ်မူတည်နေတယ်၊ ပြည်သူတွေကဖြစ်စေချင်ရင် ဖြစ်သင့်ရင် ဖြစ်မယ်၊ ဒါပေမယ့် ပြည်သူတွေက ပါတီသစ်ဖြစ်ပေါ်လာမှာ သဘောမတူဘူးဆိုရင် ဖြစ်လို့မရဘူး” ဟု ဘိုးနက်ဆရာတော်က မိန့်သည်။

မွန်ညီညွတ်ရေးစတင်ဖွဲ့စည်းစဉ်ကာလတွင် ဂိုဏ်းပေါင်းစုံမွန်သံဃာတော်များ ၅ ပါးနှင့် အရန် ၂ ပါး၊ မွန်ပြည်သစ်ပါတီမှ ၅ ဦးနှင့် တတ်သိပညာရှင် ၅ ဦးတို့ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် မွန်ပြည်သစ်ပါတီနုတ်ထွက်လိုက်သည်ဟု သိရသည်။

ထို့အတူ မွန်ပြည်သစ်ပါတီအနေဖြင့် အဆိုပါ မွန်ပြည်သူ့ညီလာခံသို့ ပါဝင်တက်ရောက်ခြင်းပြုမပြု အကြောင်းမပြန်ရသေးပေ။

အဆိုပါ မွန်ပြည်သူ့ညီလာခံတွင် ဂိုဏ်းပေါင်းစုံမွန်ရဟန်းသံဃာတော် ၁၀ဝ ပါး၊ မွန်ပြည်သစ်ပါတီအပါအဝင် မွန်ပါတီများကိုယ်စားလှယ် ၁၀ဝ ဦး၊ မြို့နယ်အသီးသီးမှ မွန်စာပေယဉ်ကျေးမှုအဖွဲ့ဝင်များ၊ အရပ်ဖက်မွန်လူမှုအဖွဲ့အစည်း CSO များနှင့် ဖိတ်ကြားသင့်ဖိတ်ကြားထိုက်သောပုဂ္ဂိုလ်များ စုစုပေါင်း ၇၀ဝ ခန့် ပါဝင်တက်ရောက်ရန် လျာထားသည်ဟု သိရသည်။

မွန်ပြည်သူများအကျိုးသယ်ပိုးနိုင်မည့် အင်အားကောင်း၍ ကိုယ်စားပြုမှုရှိသော မွန်နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွက်လာစေရေး ဆွေးနွေးအဖြေရှာရန်ရည်ရွယ်ကာ ရှိရင်းမွန်နိုင်ငံရေးပါတီအပါအဝင် မွန်လူထုအလွှာအသီးသီးမှစုံညီစွာပါဝင်မည့် မွန်ပြည်သူ့ညီလာခံတစ်ရပ်ကျင်းပသင့်ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်၍ ဒေသ ၁၂ နေရာတို့မှ ဆန္ဒပြုစစ်တမ်းကောက်ယူခဲ့ကြောင်း ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်ညီညွတ်ရေးအဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

About မွန်သတင်းအေဂျင်စီ

Check Also

ကိုဗစ်အကာအကွယ်ပစ္စည်းများ ဈေးနှုန်းပြန်လည်မြင့်တက်နေ

မွန်သတင်းအေဂျင်စီ (၅ ဇူလိုင် ၂၀၂၁) တတိယလှိုင်းအသွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံန့ှံမှု များပြားလာချိန်တွင် ရောဂါ အကာအကွယ်ပစ္စည်းများဖြစ်သည့် Mask, Face shield နှင့် Hand-gel …

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.