Homeသတင်းပျားတောင်ဒေသရှိ ကျေးရွာများအား လျှပ်စစ်မီးပေးရန် MCL စီစဉ်နေ

ပျားတောင်ဒေသရှိ ကျေးရွာများအား လျှပ်စစ်မီးပေးရန် MCL စီစဉ်နေ

-

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသရှိ ကျေးရွာများ ဖွံ့ဖြိုးရေးအတွက် MCL ဘိလပ်မြေစက်ရုံမှ လျှပ်စစ်မီးပေးရန် စီစဉ်နေသည်ဟုMCL ဘိလပ်မြေစက်ရုံထံမှ သိရသည်။

အဆိုပါ လျှပ်စစ်မီးသည် စက်ရုံလည်ပတ်ရာတွင် အသုံးပြုထားသော လျှပ်စစ်မီးအားစွန့်ပစ်ပစ္စည်းများမှတစ်ဆင့် ၉ မဂ္ဂါဝပ်နှင့် ကျောက်မီးသွေးမှ ၄၀ မဂ္ဂါဝပ်ကို လျှပ်စစ်မီးအတွက် ၁ မဂ္ဂါဝပ် အသုံးပြုသွားမည်ဟု ဆိုသည်။

MCL ဘိလပ်မြေစက်ရုံ(Internet)
“အတ္တရံအနောက်ဘက်ခြမ်း ကျိုက်မရောမြို့အထိ မီးက OK တယ်၊ အတ္တရံအရှေ့ခြမ်း စက်ရုံရှိဒေသကို ဒီဒေသမှာ လျှပ်စစ်မီးလုံးဝမရှိဘူး၊ ဖွံ့ဖြိုးမှုနည်းနောက်ကျတယ်၊ MCL Develop ရင် ဒေသလည် Develop ရမည်” ဟု MCL ဘိလပ်မြေကုမ္ပဏီ အမှုဆောင်အရာရှိ ဦးဇော်လွင်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းလျှပ်စစ်မီးကို ပြည်ထောင်စုလျှပ်စစ်ဌာနမှ ခွင့်ပြုချက်ရရှိပါက အတ္တရံမြစ်အရှေ့ခြမ်းရှိကျေးရွာများကို နိုင်ငံတော်လျှပ်စစ်ဓာတ်အားပေးစနစ်ဖြင့် သုံးနှစ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ပေးနိုင်ရန် လျာထားသည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိအချိန်တွင် အတ္တရံမြစ်အရှေ့ခြမ်းရှိ ကော့ဒွန်း-ကော့ပနော့၊ ဝါငဲ့၊ ကတုံးစိ၊ ကွမ်ငန်၊ ပေါက်တော၊ မယ်ဂရိုးနှင့် ရွှေဝါချောင်း စသည့်ကျေးရွာများအတွင်း လျှပ်စစ်မီးယူမည့်အိမ်များကို စာရင်းကောက်နေသည်ဟုလည်း သိရသည်။

MCL ဘိလပ်မြေစက်ရုံ လျှပ်စစ်ဓာတ်အားပေးလာခြင်းသည် ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားကို ဆန့်ကျင်နေသော လူထုများအပေါ် စည်းလုံးမှုပျက်ပြားအောင် လုပ်ဆောင်နေသည်ဟု ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဆန့်ကျင်သူ ဦးနိုင်ရဲဇော်က ပြောသည်။

“ဆန့်ကျင်တဲ့လူထုအပေါ်မှာ စည်းရုံးမှုပျက်ပြားသွားအောင် ထိုးနှက်တဲ့ လုပ်ဆောင်ချက်တွေ၊ မီးပေးမယ်ဆိုတာက မီးယူတဲ့လူပေါ်လာမယ် မယူတဲ့လူပေါ်လာမယ်၊ ဒီစက်ရုံမီးကို ယူစရာအကြောင်းမရှိဘူး နိုင်ငံတော်က ပေးတဲ့မီးကို မရ ရအောင် တောင်းဆိုရမယ်”ဟု ဦးနိုင်ရဲဇော်က ပြောသည်။

MCL ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေးအစား အခြားလောင်စာဖြင့် လည်ပတ်ရန် ဒေသခံတို့က အကြိမ်ကြိမ် ဆန့်ကျင် ကန့်ကွက် တောင်းဆိုခဲ့သော် လည်း ကျောက်မီးသွေးသုံး လောင်စာဖြင့် စက်ရုံကို ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့က စတင်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။

ကျောက်မီးသွေးသုံး မော်လမြိုင်ဘိလပ်မြေစက်ရုံသည် အမေရိကန်ဒေါ်လာ သန်း ၄၀ဝ ရင်းနှီးမြှပ်နှံထားပြီး မြန်မာနိုင်ငံသားပိုင် Pacific Link Cement Industries Ltd. မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ SCG (Siam Cement Group) မှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းဖြင့် ပုဂ္ဂလိကအကျိုးတူ ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts