spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီ၏ ထားဝယ်ခရိုင်လုံးဆိုင်ရာ မူးယစ်အန္တရာယ် တားဆီးနှိမ်နင်းရေးကော်မတီ ဖွဲ့စည်း

    မွန်ပြည်သစ်ပါတီ၏ ထားဝယ်ခရိုင်လုံးဆိုင်ရာ မူးယစ်အန္တရာယ် တားဆီးနှိမ်နင်းရေးကော်မတီ ဖွဲ့စည်း

    -

    မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်၏ ဦးဆောင်မှုဖြင့် သံဃာတော်များနှင့် အရပ်ဖက်ပြည်သူများ ပါဝင်သည့် ထားဝယ်ခရိုင်လုံးဆိုင်ရာ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေးကော်မတီကို နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

    ထားဝယ်ခရိုင်အတွင်း မူးယစ်ဆေးဝါး ကင်းစင်ရေး၊ လူငယ်များ၏ အနာဂတ် တောက်ပြောင်ပြီး၊ အသိပညာ အရည်အချင်း မြင့်မားရေး၊ လူငယ်များ အမျိုးသားရေးတွင် တာဝန်ယူတတ်သည့်စိတ်များ ပေါ်ထွန်ရေး၊ မူးယစ်ဆေးဝါး၏ လူညွန့်တုံးစေသည့် ဘေးအန္တရာယ်မှ လွတ်မြောက်ရေး၊ အမျိုး ဘာသာ သာသနာ တိုးတက်ဖွံ့ဖြိုးရေး ရည်ရွယ်ချက်ဖြင့် ရေးမြို့နယ်၊ ပုပ္ဖဝတီကျေးရွာ၊ ကိုရင်လေးကျောင်းတွင် ပြုလုပ်သည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းနိုင်ရေး ဆွေးနွေးပွဲအပြီးတွင် ကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

    မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းနိုင်ရေး ဆွေးနွေးပွဲ(MNA)
    ခရိုင်အဆင့်ကော်မတီကို သံဃာတော် ၇ ပါး၊ ထားဝယ်ခရိုင် မွန်ပြည်သစ်ပါတီဝင် ၇ ဦးနှင့် အရပ်ဖက်ပြည်သူ ၇ ဦး ပါဝင်သည့် ကော်မတီဝင် ၂၁ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး၊ တဆက်တည်းတွင် မြို့နယ်အဆင့်၊ ကျေးရွာအဆင့် ကော်မတီကိုလည်း အသီးသီး ဖွဲ့စည်းခဲ့သည်။

    ဆွေးနွေးပွဲသို့ သံဃာတော်များ၊ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဧရိယာအတွင်းရှိ ကျေးရွာအသီးသီးမှ ရပ်မိရပ်ဖများ၊ လူငယ်များ၊ လူမှုအဖွဲ့အစည်းများ၊ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ အရာရှိများ၊ ရေးမြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများ စုစုပေါင်း ဦးရေ ၅၀ဝ ဝန်းကျင် တက်ရောက်ခဲ့ကြသည်။

    မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဥက္ကဋ္ဌ နိုင်ဉာဏ်ထွန်း က “ကျနော်တို့ အနေနဲ့ မူးယစ်ဆေး ဖြန့်ဖြူးရောင်းချတဲ့လူတွေကို နည်းနှစ်နည်းနဲ့ တားဆီးနှိမ်နင်းသွားမယ်။ တစ်ခုက ဓမ္မဝတ်နည်းနဲ့ သတိပေးဆုံးမမယ်၊ နောက်တစ်ခုက ရာဇဝတ်နည်းနဲ့ အပြစ်ပေး အရေးယူမယ်။ ဆေးစွဲတဲ့ လူတွေအတွက် ပြန်လည်ထူထောင်ရေးဂေဟာတစ်ခု ဖွင့်သွားမယ်။ အဲဒီဂေဟာမှာ ဆေးစွဲသူတွေကို ကုသသွားမယ်၊ စောင့်ရှောက်သွားမယ်၊ ပညာပေးသွားမယ်။ အဲဒီကိစ္စကို ကျနော်တို့ တာဝန်ယူမယ်” ဟု ဆွေးနွေးပွဲတွင် ပြောသည်။

    ကော်မတီအနေနှင့် အချင်းချင်း ချိတ်ဆက်ကာ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းခြင်းတွင် ပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ တရားပွဲများတွင် ဟောကြားခြင်း၊ ဖြန့်ဖြူးရောင်းဝယ်သူများကို သတိပေးဆုံးမခြင်း၊ အပြစ်ပေး အရေးယူခြင်း၊ မူးယစ်ဆေးစွဲသူများကို ပြန်လည်ထူထောင်ခြင်း စသည့်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။

    သံဃာတော်တစ်ပါး ဖြစ်သည့် အရှင်အဇ္ဇ က “မူးယစ်ဆေးစွဲတာဟာ စိတ်နဲ့ ဆိုင်တဲ့အတွက် ဆရာတော် သံဃာတော်တွေ၊ ဓမ္မကထိကတွေ၊ ရဟန်းပျိုတွေအနေနဲ့ ရွာတိုင်း၊ ကျောင်းတိုင်း၊ တရားပွဲတိုင်းမှာ ဒီမူးယစ်ဆေးအကြောင်းကို ထည့်သွင်း ဟောကြားပေးစေချင်တယ်” ဟု တက်ရောက်ဆွေးနွေးခဲ့သည်။

    လက်ရှိတွင် ရာဘခေါ် စိတ်ကြွဆေးသည် လူငယ်များအကြား တွင်ကျယ်စွာ သုံးစွဲနေကြသည့် မူးယစ်ဆေးတစ်မျိုး ဖြစ်ပြီး၊ တစ်မျိုးသားလုံးကို အညွန့်တုံးစေနိုင်သည့်အတွက် အဏုမြူလက်နက်ထက် အန္တရာယ်ကြီးကြောင်း၊ အမျိုးသားရေး တာဝန်တစ်ရပ်အနေနှင့် ဝိုင်းဝန်း ကာကွယ် တားဆီးပေးကြစေလိုကြောင်း ကိုရင်လေးဆရာတော် ဘဒ္ဒန္တပုပ္ဖရမ္မ က ဆွေးနွေးပွဲ သြဝါဒစကားတွင် မိန့်ကြားသည်။

    မွန်ပြည်သစ်ပါတီသည် မူးယစ်ဆေးဝါးကို အမျိုးသားစီမံချက်အဆင့် သတ်မှတ်၍ လက်ရှိတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ ပညာပေးရေး၊ ဆေးဖြတ်သူများအား ပြန်လည်ထူထောင်ရေး အစီအစဉ်များ ချမှတ် အကောင်အထည်ဖော်လျက် ရှိကြောင်း တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks