Homeသတင်းမွန်ကျောင်းဆရာများ ညီလာခံကျင်းပ

မွန်ကျောင်းဆရာများ ညီလာခံကျင်းပ

-

မွန်အမျိုးသားပညာရေးကော်မတီ MNEC-Mon National Education Committee မှ ဦးစီး၍ မွန်အမျိုးသားပညာရေး ကျောင်းဆရာများ ညီလာခံ Teacher Conference တရပ်ကို နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသရှိ ညီစားမွန်ပညာရေးစခန်း၌ စတင်ကျင်းပခဲ့ကြောင်း တွေ့ရှိရသည်။

ဆရာ/ဆရာမတို့၏ စွမ်းရည်မြှင့်တင်နိုင်ရန်၊ သင်ကြားရေးနည်းစနစ်အမြင်သစ်များ ရရှိရန်နှင့် အနာဂတ်မွန်ပညာရေး ရေရှည်ရပ်တည်နိုင်ရန် ရည်ရွယ်၍ မွန်အမျိုးသားပညာရေးကျောင်း ဆရာများ ညီလာခံကို ၂ ရက်တာ ကျင်းပမည် ဖြစ်သည်။

မွန်ကျောင်းဆရာများ ညီလာခံ(Aot Jea)
မွန်အမျိုးသားပညာရေးဌာန တာဝန်ခံ မိစားတာက “ ဆရာ ဆရာမတွေနဲ့ ပတ်သက်တဲ့ စွမ်းရည်မြှင့်တင်ခြင်းခေါင်းစဉ်တွေကို လာရောက်ဟောပြောဆွေးနွေးပေးဖို့ ပညာရှင်တွေကိုလည်း ဖိတ်ခေါ်ထားတယ်၊ ဒါကြောင့် ကျမတို့ ဆရာ ဆရာမတွေ တတ်နိုင် လုပ်နိုင်သမျှ ဆွေးနွေးသွားမှာဖြစ်ပြီး ဗဟုသုတတွေလည်း အများကြီးရမယ်လို့ မျှော်လင့်ပါသည်” ဟု ပြောသည်။

ထို့အပြင် မွန်အမျိုးသားပညာရေး၏ လက်ရှိကြုံတွေ့နေသည့် စိန်ခေါ်မှုများနှင့် လစာထောက်ပံ့ရေး ကိစ္စရပ်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးအဖြေရှာသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မွန်ပညာရေးလှုပ်ရှားဆောင်ရွက်နေသည့် သံဃာတော်များ၊ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများ၊ မွန်အမျိုးသားပညာရေးကော်မတီဝင်များ၊ ဆရာ၊ ဆရာမများနှင့် အထူးဖိတ်ကြား ထားသည့် ပညာရှင်များနှင့် ဧည့်သည်တော်များ ကိုယ်စားလှယ်စုစုပေါင်း (၃၀ဝ) ခန့် တက်ရောက်လျက်ရှိကြောင်း တွေ့ရသည်။

“မွန်အမျိုးသားပညာရေးကျောင်းမှာက အခက်အခဲ၊ စိန်ခေါ်မှုတွေ အများကြီးရှိနေတယ်၊ ဒီဟာနှင့်ပတ်သက်ပြီး ရှေ့လာမည့်အနာဂတ်မှာ ရေရှည်သွားလို့ရမဲ့လုပ်ငန်းစဉ်းတွေ ဘယ်လိုစဉ်းစားထားရမလဲ၊ ဘယ်လိုပုံစံသွားမလဲဆိုတဲ့ဟာကို ဒီဆွေးနွေးပွဲကနေတဆင့် အများအကြီးအထောက်အကူ ဖြစ်လိမ့်မယ်လို့ မြင်တယ်” ဟု ဆွေးနွေးပွဲသို့ တက်ရောက်နေသည့် မွန်အမျိုးသားကျောင်းပညာရေး တက်ကြွလှုပ်ရှားသူ အရှင်ဥက္ကံသ (ခ) ဦးဇင်းဇော်လတ်က မိန့်သည်။

မွန်ကျောင်းဆရာများ ညီလာခံ(Aot Jea)
မွန်ပြည်သစ်ပါတီ ဦးဆောင်၍ ၁၉၇၂ ခုနှစ်တွင် အစိုးရလက်လှမ်းမမီသည့် နယ်မြေများအတွင်း မွန်အမျိုးသားပညာသင်ကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မွန်အမျိုးသားပညာရေးကော်မတီ MNEC ၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် မွန်အမျိုးသားပညာရေးကျောင်း ၁၃၂ ကျောင်းနှင့် အစိုးရနှင့်တွဲဖက်သင်ကြားကျောင်း ၉၅ ကျောင်းရှိပြီး ဆရာ/ဆရာမများ ၈၀ဝ ဦးကျော် ခန့်အပ်သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။

၁၉၉၅ ခုနှစ်မှစတင်၍ မွန်ပြည်သစ်ပါတီနှင့် အစိုးရတို့ အပစ်ရပ်စဲရေးသဘောတူညီခဲ့ပြီးနောက် မွန်အမျိုးသားပညာရေးကျောင်းမှ ကျောင်းသား/ကျောင်းသူတို့သည် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့် ရရှိခဲ့ပြီး လက်ရှိအချိန်ထိ ကျောင်းသားဦးရေ ၄၀ဝ ကျော် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts