မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကျုံဟော်ကျေးရွာ၌ ကြက်တိုက်ဝိုင်းလောင်းကစားနေသူ ၁၀ ဦးဖမ်းဆီးမိရာတွင် သက်သေခံပစ္စည်းများဖြစ်သည့်ဆိုင်ကယ် ၅၈ စီးသည် ပိုင်ရှင်မဲ့ဖြစ်သည့်အတွက် နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းမည်ဟု သထုံခရိုင် မှုခင်းနှိမ်နှင်းရေးဋ္ဌာနမှ ဋ္ဌာနစုမှူး ရဲအုပ်အောင်သူက ပြောသည်။
ရဲအုပ်အောင်သူက “ဒီဖမ်းမိထားတဲ့ ဆိုင်ကယ် ၅၈ စီးကိုတော့ ကျွန်တော်တို့ တရားရုံးကို တရားစွဲချက်တင်သွားပြီးတော့ လောင်းကစားပစ္စည်းဖြစ်တဲ့အတွက် နိုင်ငံတော်ဘဏ္ဍာသိမ်းအဖြစ် ဆောင်ရွက်သွားမှာပါ” ဟု ပြောသည်။
နိုဝင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းတွင် ကျုံဟော်ကျေးရွာနေ ဦးအုန်းသွင်၏ နေအိမ်အနောက်ခြံဝင်းအတွင်း ကြက်တိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သထုံခရိုင်ရဲတပ်ဖွဲ့ရုံးမှ သွားရောက်ဖမ်းဆီးရာ အိမ်ရှင်အပါအဝင် လောင်းကစားပြုလုပ်သူ ၁၀ ဦး၊ လောင်းကြေးငွေကျပ် ၄ သိန်း၊ တိုက်ကြက် ၅ ကောင်၊ စက်ဘီး ၂ စီးနှင့် မော်တော်ဆိုင်ကယ်များ ဖမ်းဆီးမိခြင်း ဖြစ်သည်။
အဆိုပါဖမ်းဆီးမိထားသော လောင်းကစားပြုသူ (၁၀) ဦးအား ရဲအုပ်အောင်သူမှ တရားလိုပြုလုပ်ပြီး ပေါင်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း၊ ထွက်ပြေးလွတ်မြောက်နေသည့် လောင်းကစားသူများကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ်မည်ဖြစ်ကြောင်း ရဲအုပ်က ဆက်ပြောသည်။
“ဒေဝါလီနေ့တွေမှာ ဒီလိုကစားဝိုင်းတွေလိုမျိုးက ကျွန်တော်တို့ ပေါင်မြို့တစ်ခုတည်းမှ မဟုတ်ပါဘူး ကစားနေကြနေတာ အခြားမြို့နယ်တွေမှာလည်း လုပ်နေပါတယ်၊ ဒါပေမယ့် ဒီအပေါင်မြို့ ရဲတွေက ပိုလက်သံပြောင်ပြီး ပိုဖမ်းနေကြလို့ပါ၊ အရင်ကတည်းကလည်း ဖမ်းနေတာပဲ” ဟု အမည်မဖော်လိုသူ ပေါင်မြို့ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် တစ်လခန့်ကလည်း ပေါင်မြို့နယ် အလှပ်ကျေးရွာ ကထိန်ခင်းပွဲကျင်းပနေကြနေစဉ် အနီထောင် (၂) ဝိုင်းနှင့် အမ်ကလုံ (၅) ဝိုင်း ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။