Homeသတင်းUNFC အဆိုပြုချက်များသဘောတူညီရန် နောက်ဆုံးအခြေအနေကို ရောက်လုနီးပြီဟု ခူဦးရယ်ပြော

UNFC အဆိုပြုချက်များသဘောတူညီရန် နောက်ဆုံးအခြေအနေကို ရောက်လုနီးပြီဟု ခူဦးရယ်ပြော

-

မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မရှင် Peace Commission-PC နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ Delegation for Political Negotiation-DPN တို့၏ တွေ့ဆုံဆွေးနွေးမှုတိုးတက်လာပြီး UNFC အဆိုပြုချက်များသဘောတူညီရန် နောက်ဆုံးအခြေအနေ ရောက်လုနီးပြီဟု DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က ပြောသည်။

“ဆွေးနွေးမှုက အားလုံးကောင်းကောင်းမွန်မွန်ရှိပါတယ်။ ကျွန်တော်တို့ တင်ပြချက် ၈ ချက်နဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေကို ရောက်ဖို့ နီးနေပါပြီ” ဟု ခူဦးရယ်က ဆိုသည်။

DPN ခေါင်းဆောင် ခူဦးရယ်(NRPC)
ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN အဖွဲ့သည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ အဆိုပြုထားသော အချက် ၈ ချက်ကို နိုဝင်ဘာ ၈ ရက်နှင့် ၉ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တွင် ဆက်လက်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ခူဦးရယ်က ပြောကြားခြင်းဖြစ်သည်။

UNFC အဆိုပြုချက်နံပါတ်(၂) ပါ “အာမခံချက်အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကို”`နှင့် NCA အခြေခံမူများ ၁-က ပါ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုသို့” ဝေါဟာနှင့်ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုချက်အပေါ် သဘောတူညီချက်မရရှိသေးသဖြင့် သက်ဆိုင်ရာထိပ်ပိုင်းခေါင်းဆောင်များထံ ပြန်လည်တင်ပြအဆုံးအဖြတ်ရယူမည်ဖြစ်ကြောင်း မွန်သတင်းအေဂျင်စီမှစုံစမ်း သိရှိရသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက”အခုဟာ ပန်းဝင်ရမယ့်အချိန်ရောက်နေပြီ၊ သိသင့်သိထိုက်တာကို အသိပေးတယ်၊ အခုဟာက ဆက်ပြီးတော့ ဆွေးနွေးရမယ်၊ အပြီးသတ်ဆွေးနွေးဖို့ ကျန်နေသေးတယ်” ဟု အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။

လာမည့် ရက်သတ္တပတ်တွင် ပြန်လည်တွေ့ဆုံဆွေးနွေးသွားမည်ဟု နှစ်ဘက်ခေါင်းဆောင်များက ထုတ်ဖော်ပြောကြားခဲ့ပြီး ဆွေးနွေးမည့်ရက်ကို အတိအကျ ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း အစည်းဝေးတက်ရောက်ခဲ့သူ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေ၏ Facebook တွင် “DPN နဲ့နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ပြန်ဆုံ ကြပါမယ်” ဟု ရေးသားထားသည်။

ယခုအကြိမ် ဆွေးနွေးပွဲသို့ DPN ကိုယ်စားလှယ် ၁၂ ဦး၊ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ် ၁၇ ဦး၊ လေ့လာသူအဖြစ် NCA လက်မှတ်ထိုးပြီး NCA-S EAOs ၈ ဖွဲ့မှ လေ့လာသူ ၅ ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။

UNFC တပ်ပေါင်းစုတွင် မွန်ပြည်သစ်ပါတီ NMSP ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ၊ ရခိုင်အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU သာကျန်ရှိပြီး NLD လက်ထက် အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် ဆွေးနွေးခဲ့သည်မှာ တစ်နှစ်ခွဲကာလနီးပါးရှိပြီ ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts