spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုနှင့် လက်မှုပညာပြပွဲအပါအဝင် သံဖြူဇရပ်တန်ဆောင်တိုင်ပွဲတော် စည်ကားစွာပြုလုပ်ကျင်းပမည်

    ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုနှင့် လက်မှုပညာပြပွဲအပါအဝင် သံဖြူဇရပ်တန်ဆောင်တိုင်ပွဲတော် စည်ကားစွာပြုလုပ်ကျင်းပမည်

    -

    တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ပြန်လည်ဖော်ထုတ်ခြင်းနှင့် ဆက်လက်ထိန်းသိမ်းရေး ရည်မှန်းချက်များဖြင့်လာမည့်တန်ဆောင်မုန်းလပြည့်နေ့(နိုဝင်ဘာ ၃ ရက်) တွင် ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုနှင့် လက်မှုပညာပြပွဲအပါအဝင်သံဖြူဇရပ်တန်ဆောင်တိုင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ်စည်ပင်သာယာရေးကော်မတီထံက သိရသည်။

    မြို့နေလူထု ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ရေးနှင့် အစဉ်အလာတစ်ရပ်ဖြစ်လာစေရန် လူငယ်များ၏ စိတ်ပါဝင်စားမှုနယ်ပယ်အသီးသီးအလိုက် တီထွင်ဖန်တီးမှု၊ ဖျော်ဖြေရေးတင်ဆက်မှု၊ ခင်းကျင်းပြသမှုများအား ဖော်ထုတ်ပေးရန်၊ ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုကိုပြသပေးရန်နှင့် ရိုးရာလက်မှုပညာပြပွဲ (ယက်ကန်းခတ်ခြင်း၊ ချည်ငင်ခြင်း)ကို ပြန်လည်ဖော်ထုတ်ရန်အပါအဝင် အားကစားပြိုင်ပွဲများကိုလည်းထည့်သွင်းကျင်းပသွားရန် စီစဉ်နေကြောင်း သံဖြူဇရပ်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းမြင့်ကျော်က ပြောသည်။

    သံဖြူဇရပ်မြို့လယ်ဇရပ်နှင့် နာရီစဉ်(Minn Latt)
    ၄င်းက” အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေပူးပေါင်းပါဝင်မှုနဲ့ စည်ကားစွာကျင်းပခြင်းဖြင့် မြို့ပြစည်ကားမှုနဲ့ မြို့သူမြို့သားတွေအကြား စည်းလုံးမှုရေရှည်ဖော်ဆောင်ဖို့၊ အဲ့လိုကျင်းပခြင်းအားဖြင့် လာရောက်လည်ပတ်ဖွယ်ကောင်းတဲ့ စည်ကားတဲ့ပွဲတော်တစ်ခုအဖြစ် ပြည်တွင်းပြည်ပခရီးသွားတွေကို ဆွဲဆောင်ဖို့ ” ရည်မှန်းထားပါတယ်ဟု ဆိုသည်။

    ထို့ပြင် မြို့နယ်အတွင်းရှိ လူငယ်အားကစားသမားများ၊ လက်မှုပညာကိုစိတ်ဝင်စားပြီး တီထွင်ဖန်တီးသောလူငယ်များ၊ ပျောက်ကွယ်လုနီးဖြစ်နေသော ရိုးရာလက်မှုပညာ ယက်ကန်းခတ်အတတ်ပညာနှင့် ချည်ငင်မှုလုပ်ငန်းစဉ်များဖော်ထုတ်ခြင်း၊ အနုပညာနယ်ပယ်အသီးသီးတွင် ကြိုးစားနေကြသော၊ အောင်မြင်နေကြသော သံဖြူဇရပ်မြို့ဖွားလူငယ်များ၏လုပ်ဆောင်ချက်များအားအခွင့်အလမ်းဖော်ပေးခြင်းအားဖြင့် လူငယ်များ၏အစွမ်းအစများအား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်နှင့် လူငယ်ဖွံ့ဖြိုးရေးကို အထောက်အကူပြုစေရန်လည်း ရည်မှန်းထားကြောင်း သံဖြူဇရပ်မြို့နယ်တန်ဆောင်တိုင်မီးထွန်းပွဲတော် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲကျင်းပရေးကော်မတီထံက သိရသည်။

    ” ခုလို စည်စည်ကားကားနဲ့ဖြစ်လာတာ မနှစ်ကပါ၊ အင်မတန်မှပျော်စရာကောင်းခဲ့ပါတယ်၊ အဲ့လိုမကျင်းပနိုင်ခဲ့တာလည်း နှစ်ပေါင်း ဆယ်ချီကြာနေပြီ၊ မြို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုက
    မြို့သူမြို့သားတွေရဲ့ စည်းလုံးညီညွတ်မှုကလည်း အဓိကကျလို့ တတ်နိုင်တဲ့ဘက်က
    ပါဝင်သွားမှာပါ ” ဟု သံဖြူဇရပ်မြို့နေသူတစ်ဦးက ပြောသည်။

    အဆိုပါတန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် မြို့လယ်လမ်းမကြီးသုံးသွယ်ရှိ လမ်းလယ်ကျွန်းများတွင် ထွန်းထားသည့် လမ်းမီးတိုင်များအားလုံးတွင် အလှဆင်မီးများထွန်းညှိရန်နှင့် တစ်မြို့လုံး မိမိတို့အစီအစဉ်ဖြင့် ထွန်းညှိသွားရေးစည်းရုံးဆောင်ရွက်ခြင်းအပါအဝင် မြို့နယ်မှ အောင်မြင်သူများ၏ ခဲပန်းချီ၊ 3 D ပန်းချီ၊ ဓါတ်ပုံ၊စွန့်ပစ်ပစ္စည်းများဖြင့် အလှဆင်မီးပုံးများပြုလုပ်ထားမှု၊ လူငယ်များ၏ တီထွင်မှုပြခန်း၊ ရိုးရာဝိုင်းခြင်း အလှခတ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် အခြားအားကစားပွဲများ၊ ရိုးရာလက်မှုပညာပြပွဲ၊ ရိုးရာတူရိယာတီးခတ်ခြင်း၊ ယဉ်ကျေးမှုယိမ်းအကအလှများ၊ တစ်ပင်တိုင်အကများ၊တိုင်းရင်းသားရိုးရာဝတ်စား ဆင်ယင်မှုဖက်ရှင်များနှင့် ရိုးရာမင်္ဂလာသတို့သမီး ဝတ်စုံဆင်ယင်မှုများပြသခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ငွေကျပ်သိန်း ၃၀ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ကျင်းပရေးကော်မတီထံက သိရသည်။

    သံဖြူဇရပ်မြို့သည် အနှစ် ၁၅၀ ခန့်သက်တမ်းရှိပြီး ဒုတိကမ္ဘာစစ်အတွင်း မြန်မာနှင့် ထိုင်းနိုင်ငံသို့ဆက်သွယ်သည့် မီးရထားလမ်းစတင်ရာနေရာဖြစ်ကြောင်း၊ မြို့ပေါ်ရှိ သေမင်းတမန်ပြတိုက်၊ ဓနသဟာရစစ်သင်္ချိုင်းတို့ လာရောက်ကြည့်ရှုသူဧည့်သည်များပြားကြောင်း၊ မြို့အနီးပတ်ဝန်းကျင်တွင် ဝဲကလိရေပူစမ်း၊ စက်စဲအပမ်းဖြေစခန်းနှင့် ကျိုက်ခမီရေလယ်ဘုရားတို့လည်း ထင်ရှားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks